Friday, June 9, 2023
HomeLead Storyထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းတွင် လူနေရပ်ကွက်ထဲ တောမီးပျံ့နှံ့လာ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းတွင် လူနေရပ်ကွက်ထဲ တောမီးပျံ့နှံ့လာ

ထိုင်းမြောက်ပိုင်း၊  ချင်းရိုင်းမြို့နယ်ထဲမှာ မတ်လ ၃၀ ရက်ညက တောမီးလောင်ပြီး လူနေ အိမ်ခြေနဲ့ အလွန်နီးကပ်တဲ့ ရပ်ကွက်ထဲ ကူးစက်လာတယ်လို့ ချင်းရိုင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါတောမီးဟာ ထာ့ဆွတ်အုပ်စုထဲရှိ တောအုပ်ထဲကနေ မနေ့ည ၉ နာရီခွဲလောက်က ဘန့်ဖူးထောင်းန်ရပ်ကွက်ရှိ လူနေအိမ်အနီး ကူးစက်လာကြောင်း၊ အလားတူ ဟွေ့ဖိုင်၊ ဟွေ့ခုမ်၊ နန်းလဲ စတဲ့ရပ်ကွက်တွေထိလည်း ရောက်လာနိုင်တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှု ကယ်ဆယ်ရေးအဖွဲ့၊ စေတနာဝန်ထမ်းနဲ့ ရပ်ကွက်နေပြည်သူတွေ ပူးပေါင်းပြီး ၆ နာရီကြာအောင် ငြှိမ်းသတ်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ဒီကနေ့မနက်စောစောမှာလည်း လေယာဉ်ပေါ် ကနေ ရေတွေ ပက်ဖျန်းခဲ့တယ်လို့ ဆိုပါတယ်။

ချင်းရိုင်းခရိုင် သစ်တောထိန်းသိမ်းရေးဌာနက တောမီးရှို့သူတွေကို ဖမ်းဆီးအရေးယူနေရာမှာ ခုတ ပတ်အတွင်း တောမီးလောင်မှု တိုင်ကြားချက် ၁၅  မှုရှိပြီး အဲဒီထဲမှာ မဲ့ဆွေမြို့နယ်က ၂ မှု ၊ ချင်းရိုင်း ၁ မှု၊ မဲ့လောင်းမှာ ၁ မှု၊ ဖန်းမြို့နယ်မှာ ၁ စု စုစုပေါင်း ၅ မှုက ပတ်သက်သူတွေကို အရေး ယူခဲ့ကြောင်း၊  ကျန် ၁၀ မှုမှာ တရားခံမမိသေးဘူးလို့ သစ်တောဌာန တာဝန်ရှိသူက ပြောပါတယ်။ 

ချင်းရိုင်းခရိုင်မှာ တောမီးရှို့တာကို တွေ့ရှိတိုင်ကြားသူအနေနဲ့ ဆုငွေ ဘတ် ၁၀၀၀၀ ရမယ်လို့ ကြေညာထားပြီး တောမီးရှို့သူတွေအနေနဲ့ မီးလောင်မှု ဧရိယာအကျယ်အဝန်းနဲ့ ဆုံးရှုံးမှုပေါ် မူတည်ကာ ထောင်ဒဏ်အနည်းဆုံး ၄ နှစ်မှ ၂၀ နှစ်ထိ လည်းကောင်း၊ ငွေဒဏ် ၄ သိန်းမှ ၂ သန်းထိ လည်းကောင်း ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရမယ်လို့ ဆိုပါတယ်။ 

မည်သူမဆို တောမီးရှို့တာ၊ တောမီးလောင်နေတာကို တွေ့ရှိရင်  အရေးပေါ်ဖုန်းလိုင်း ၁၃၆၂ ကို ၂၄ နာရီ တိုင်ကြားနိုင်တယ်လို့ သစ်တောထိန်းသိမ်းရေးဌာနက ကြေညာထားပါတယ်။ 

ချင်းရိုင်းခရိုင်ထဲမှာ မနေ့က စစ်ဆေးတွေ့ရှိချက်အရ မီးခိုးထွက်ရာ အနီစက် hot spots ၃၇၇ နေရာရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ဒီကနေ့ မနက် ၉ နာရီ မီးခိုးမှုန် လေထုညစ်ညမ်းမှု တိုင်းထွာချက်မှာတော့ မယ်ဟောင်ဆောင်ခရိုင်က ၁ ကုဗမီတာလျှင် ၅၄၇ US AQI  ရှိပြီး ချင်းမိုင်ခရိုင်က ၄၃၀ US AQI နဲ့ ချင်းရိုင်းခရိုင်က ၃၉၉ US AQI မှာရှိနေတယ်လို့  မတ်တီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular