ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့တော်ရှိ အစ္စမေးလ်လိ မွတ်စလင်စင်တာမှာ မတ်လ ၂၈ ရက်က ဓားနဲ့တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပေါ်တူဂီရဲတပ်ဖွဲ့က ပြောပါတယ်။
ဓားကြီးတလက် ကိုင်ဆောင်ထားတဲ့ အမည်မသိ အမျိုးသားတဦးဟာ မတ်လ ၂၈ ရက် မနက် ၁၁ နာရီမတိုင်ခင်မှာ လစ္စဘွန်းမြို့ရှိ ရှီယာမွတ်စလင်စင်တာကို တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်သူဟာ လက်နက်ချခိုင်းတာကို ငြင်းဆန်ပြီး အရာရှိတွေဆီ ဓားနဲ့ ချဉ်းကပ်လာပြီး နောက်မှာတော့ သူ့ကို သေနတ်နဲ့ ပစ်ခဲ့ရပါတယ်။ အဲဒီနောက် သူ့ကိုဖမ်းဆီးပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
တိုက်ခိုက်သူမှာ အာဖဂန်နိုင်ငံသားဖြစ်ကြောင်း CNN ပေါ်တူဂီသတင်းမှာ ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူ ဘာနိုင်ငံသားဆိုတာကို ချက်ချင်းအတည်မပြုခဲ့ပါဘူး။
အလွန်ထိတ်လန့်သွားကြတဲ့ လူတွေဟာ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေ ချထားတဲ့ကြားမှာပဲ လစ္စဘွန်းစင်တာရဲ့ အပြင်ဘက်မှာ ရပ်နေကြပြီး နောက်ပိုင်းမှာ သူတို့ကို အဆောက်အအုံထဲ ခေါ်ဆောင်သွားခဲ့ကြပါတယ်။
ဝန်ကြီးချုပ် အန်တိုနီယို ကော်စတာကတော့ ဒါဟာ သီးခြားလုပ်ရပ်တခုလို့ အရာအားလုံးက ညွှန်ပြနေပြီး ဒီပြစ်မှုနဲ့ပတ်သက်လို့ ပြောဆိုဖို့ အချိန်မတန်သေးဘူးလို့ ပြောပါတယ်။
အစ္စမေးလ်လိတွေဟာ ပါကစ္စတန်လို နိုင်ငံတွေမှာ အစွန်းရောက်အုပ်စုတွေရဲ့ တိုက်ခိုက်တာခံခဲ့ရတဲ့ ရှီယာအစ္စလာမ်ဘာသာဝင် လူနည်းစုဖြစ်ပါတယ်။
ပေါ်တူဂီရှိ အစ္စမေးလ်လိ အသိုက်အဝန်းဟာ ဥရောပတိုက်မှာ အကြီးဆုံးဖြစ်ပြီး မိုဇမ်ဘစ်နိုင်ငံ ပြည်တွင်းစစ်အတွင်း မိုဇမ်ဘစ်ကနေ ထွက်ပြေးလာသူ အများအပြား အပါအဝင် အရေအတွက် ထောင်နဲ့ချီပြီး ရှိပါတယ်။