မက္ကဆီကိုနိုင်ငံမြောက်ပိုင်းနယ်စပ်မြို့ ဆီအူဒဒ်ဟွာရက်ဇ်မြို့ရှိ ရွှေ့ပြောင်းနေထိုင်ရေး အဆောက်အအုံတခုမှာ မီးလောင်မှုဖြစ်ပွားပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရရဲ့ အမျိုးသားရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အင်စတီကျု (INM) က မတ်လ ၂၈ ရက်မှာ ပြောပါတယ်။
အရေးပေါ်ဝန်ဆောင်မှု ဝန်ထမ်းတွေဟာ အသေအပျောက်တွေကို သတ္တုပြားတွေထဲ ထုပ်ပိုးပြီး သူတို့ရဲ့ရုပ်အလောင်းတွေကို ထမ်းစင်တွေပေါ်တင်ကာ မော်တော်ယာဉ်တွေဆီကို သယ်ဆောင်သွားခဲ့ကြပါတယ်။
စေတနာ့ဝန်ထမ်းတချို့ အပါအဝင် လူအများအပြားဟာ အခင်းဖြစ်ပွားရာနေရာကို လာရောက်ကြပြီး မီးဘေးသင့်သူတွေကို ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။
အဲဒီအဆောက်အအုံထဲမှာ ဗဟိုအမေရိကနဲ့ တောင်အမေရိကမှ အရွယ်ရောက်ပြီးသူ အမျိုးသား ၆၈ ဦး တည်းခိုနေထိုင်ခဲ့ကြပြီး အများစုမှာ ဗင်နီဇွဲလားနိုင်ငံသားတွေ ဖြစ်ကြောင်း အမျိုးသား ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အင်စတီကျု (INM) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မီးလောင်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၂၉ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး အဲဒီဒေသရှိ ဆေးရုံ ၄ ခုကို ပို့ဆောင်ထားကြောင်း INM အင်စတီကျုက ပြောပါတယ်။
အမေရိကန်နဲ့ မက္ကဆီကိုတို့ဟာ သူတို့ရဲ့ ထိစပ်နေတဲ့ နယ်နိမိတ်မှာ စံချိန်တင် နယ်စပ်ဖြတ်ကျော်မှုအဆင့်ကို ရင်ဆိုင်ဖို့ ရုန်းကန်နေရချိန်မှာပဲ မက္ကဆီကိုနိုင်ငံဟာ ဒီနှစ်တွေအတွင်း လူအသေအပျောက်အများဆုံး မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။