Home
ဆောင်းပါး
NLD ပါတီ နတ္ထိပစ္စယော
DVB
·
March 29, 2023

မရှိသောခါ၊ အခြားဟာများ

ပေါ်လာပေကြ၊ နည်းလမ်းရ၍

ဘဝသစ်များ ဖြစ်တော့၏။    ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ၂၀၂၃ မတ်လ ၂၉ ရက်ကစ ဖျက်သိမ်းလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာသံကြားလိုက်ရတယ်။ MRTV မှာ အမျိုးသားတယောက်က ကြေညာတာပါ။ ပါတီ ၆၃ ပါတီ မှတ်ပုံတင်ထားကြောင်း ပထမ ကြေညာတယ်။ ကြံ့ဖွတ်ပါတီ ဦးဆောင်ပြီး ၈၈ ပါတီတွေ ကရင်၊ ရခိုင်၊ ကချင်၊ မြို၊ ခမီ စသဖြင့် စစ်တပ်အလိုကျပါတီတွေ ၆၃ ပါတီ‌ပေါ့။ ကိုကိုကြီးရဲ့ ပြည်သူ့ပါတီလည်းပါရဲ့။

နောက်ထပ် ပါတီ ၄၀ ဖျက်သိမ်းကြောင်း ကြေညာတယ်။ ဒီထဲမှာ NLD နဲ့ SNLD တို့လည်းပါတယ်။ ရက် ၆၀ အချိန် ပေးထားလျက်က လာပြီးမှတ်ပုံမတင်လို့တဲ့။ သွားပြီး မှတ်ပုံတင်ဖို့မပြောနဲ့၊ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ဖမ်းနေတာကို ဘယ် NLD ခေါင်းဆောင်က သွားရဲမလဲလို့လည်း တွေးလိုက်မိပါတယ်။ အာဏာသိမ်းကာလမှာ NLD ပါတီဝင်တွေ အဖမ်းခံကြရတယ်။ အသတ်ခံကြရ သေဆုံးကုန်ကြရတယ်။ တချို့ဆို ဖမ်းသွားပြီး နာရီပိုင်းအတွင်းမှာပဲ ရိုက်သတ်ခံကြရတာပါ။ စစ်တပ်အာဏာသိမ်းထားတဲ့ တနှစ်ကျော်အတွင်း လွှတ်တော်အမတ်သုံးဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၄၈ ဦး သေဆုံးပြီး ပါတီဝင် ၉၆၀ ကျော် အဖမ်းခံထားရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးအဖွဲ့က ထုတ်ပြန်ထားတာလည်း တွေ့ပါတယ်။ ဒါက ၁ နှစ် စာရင်းနော်။ ၂ နှစ်ကျော်ကာလမှာဆို ဘယ်လောက်အဖမ်းခံရမလဲ။ ဘယ်လောက်သတ်လိုက်ပြီလဲ။ ဒီလို ဖမ်းနေ သတ်နေတဲ့ကြားက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းထားတဲ့ကြားက ဘယ် NLD ခေါင်းဆောင်က သွားပြီး မှတ်ပုံတင်ရဲပါ့မလဲ။ NLD က မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ပြီ ဆိုပါတော့ဗျာ။ ၂၀၂၀ တုန်းကလို သောင်ပြိုကမ်းပြိုနိုင်ရင်ကော မဲမသမာမှုတွေ လုပ်တယ်ဆိုပြီး အာဏာလွှဲမပေးဘဲ မနေပါဘူးလို့ အာမခံမှာလား။ အာမခံရင်ကော ယုံရမှာလား။ ခြံခုန်ဖူးတဲ့နွားက ခုန်ဦးမှာလေ။ ကျားကောင်ကြီးက သတ်သတ်လွတ်စားတယ်ပြောတာကို ယုံသူမရှိပါ။ ထားပါတော့ ဘာပဲပြောပြော NLD ကို ဖျက်သိမ်းလိုက်ပါပြီ။ ဘာတွေဆက်ဖြစ်မလဲပေါ့။ လမ်းဆုံးပြီလားပေါ့။ ရှေးစကားအရကတော့ လမ်းဆုံးရင် ရွာတွေ့ရမယ်လေ။

နတ္ထိပစ္စယော

ဗုဒ္ဓအဘိဓမ္မာထဲက ပဋ္ဌာန်းကျမ်းကြီးမှာ ၂၄ ပစ္စည်း ရှိတယ်။ အမှတ်စဉ် ၂၂။ “နတ္ထိပစ္စယော- မရှိဘဲ ကျေးဇူးပြုတတ်သောတရား” ကို NLD ပါတီ ဖျက်သိမ်းလိုက်ပြီ မရှိတော့ဘူးဆိုတာနဲ့ တွဲပြီး စဉ်းစားမိလာတယ်။ တပြိုင်တည်းပဲ ကွယ်လွန်သူ NLD ခေါင်းဆောင်တယောက်ဖြစ်တဲ့  ဦးဝင်းတင်ကိုလည်း သတိရလာတယ်။ ဘဘဦးဝင်းတင်နဲ့ အတူတူနေခဲ့ဖူးတဲ့ အခု စစ်ကောင်စီက ဖမ်းထားတဲ့ ကိုရာဇာက ရေးဖူးတယ်။ ၂၀၁၀ မတိုင်ခင်က NLD ကို ဖျက်သိမ်းလုနီးပါး ဖြစ်ခဲ့တယ်။ ကြုံခဲ့ဖူးတယ်တဲ့။ အဲ့သည်တုန်းက ဦးဝင်းတင် ပြောခဲ့တာက နတ္ထိပစ္စယော တရားကိုပါပဲ။ ရာဇာရေ... နတ္ထိပစ္စယောပဲကွ။ မရှိတဲ့အခါ ဖြစ်လာတဲ့ အကျိုးကျေးဇူးတွေလို့ ပြောပါသတဲ့။ ဆိုလိုတာကတော့ NLD ပါတီ ဖျက်သိမ်းခံရခြင်းကြောင့်သည်ပင်လျှင် ဖြစ်ပေါ်လာမယ့် အကျိုးကျေးဇူးတွေ ရှိနေမယ်လို့ ဦးဝင်းတင်က ပြောခဲ့တာ ဖြစ်ပါတယ်။ ပညာရှိစကား၊ ခေါင်းဆောင်ကောင်းရဲ့စကားကို ပြန်ပြောပြတဲ့ သူ့ဖေ့စ်ဘွတ်ခ်မှာ ရေးတင်ခဲ့တဲ့ NLD ပါတီဝင် ထောင်ထဲက ကိုရာဇာကိုလည်း ကျေးဇူးပါ။ အမြန်လွတ်မြောက်ပါစေဗျာ။

နတ္ထိ ဆိုတဲ့ တရားရဲ့ အဓိပ္ပာယ်ကို စာအုပ်မှာ ရှာဖတ်တဲ့အခါ အခုလို တွေ့တယ်။ (နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ မရှိမှ ကျေးဇူးပြုတတ်သောတရား။ ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ကိုရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ညအခါကုန်လွန်သွားခြင်းသည် နေ့အခါရောက်ဖို့ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးစိတ်တို့ ချုပ်ငြိမ်း၍ မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကို ဟောတော်မူသည်။) လို့ တွေ့ပါတယ်။ ဒါ ဗုဒ္ဓရဲ့ ဟောကြားစကားပါ။ မှတ်သားနာယူရလို့လည်း အသိထူးရရှိတယ်မို့ ကျေနပ်မိပါတယ်။ NLD နတ္ထိ မရှိရာကနေ ဒီစာကိုရေးတော့ ဒီတရားကို ရှာတွေ့ရတာပါ။ “နတ္ထိကျေးဇူး၊ အသိထူး၊ သိဖူးနားလည်ရပါပြီ” လို့ အားပါးတရ ဆိုလိုက်ချင်ရဲ့။

ဘုရင့်နောင်ဖောင်နတ္ထိစစ်အောင်သည့်တိုင်

ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲဟာ ထင်ရှားပါတယ်။ တောင်ငူဘုရင် တပင်ရွှေထီးက ဟံသာဝတီကို ၃ ကြိမ်မြောက် လုပ်ကြံရာမှာ မခုခံနိုင်တော့တဲ့ မွန်မင်း သုရှင်တကာရွတ်ပိဟာ ရေတပ်နဲ့ ပြည်ကို အမြန်ပြေးတယ်။ နောင်ရိုးအရပ်ရောက်တော့ ချောင်းကိုကူးပြီး တပ်ချ ရပ်နားတယ်။ အဲ့ဒါကို နောက်ကလိုက်လာတဲ့ ကျော်ထင်နော်ရထာ (ဘုရင့်နောင်) တောင်ငူတပ်တွေက မီလာပြီး ချောင်းကိုဖြတ်တဲ့အခါ တောင်ငူ-ဟံသာဝတီ နှစ်ဖက် တိုက်ပွဲပြင်းထန်တယ်။

နောင်ရိုးကိုရောက်တော့ တဖက်ကမ်း ရန်သူတပ်အင်အားကို စုံစမ်းတော့ မွန်တပ်အင်အားက မိမိတပ်ထက် ကြီးနေတယ်။ ဒါကို နောက်ပါ မှူးမတ်တို့က မင်းတရားရွှေထီးတပ် ရောက်တဲ့အထိ စောင့်ပြီးမှ တိုက်သင့်ကြောင်း၊ လက်ရှိအင်အားနဲ့တိုက်လျှင် နိုင်ဖို့မလွယ်ကူကြောင်း လျှောက်ကြတယ်။ ဒီအခါ ဘုရင့်နောင်က “စစ်သဘောမှာ အင်အားငယ်သည်ကြီးသည်မှာ ပဓာနမဟုတ်၊ သူရသတ္တိနဲ့ စစ်ပရိယာယ်သာ ပဓာန” လို့ဆိုပြီး ချောင်းကိုကူးတယ်။ ချောင်းတဖက်ကမ်းရောက်တော့ ဖောင်အားလုံးကို ဖျက်စေတယ်။ တကယ်လို့များ စစ်ရေးမလှဘဲ ရှုံးနိမ့်လျှင် အားကိုးအားထားပြုပြီး ပြေးဖို့ ဖောင်တွေမဖျက်ဖို့ မှူးမတ်တွေက လျှောက်ကြတယ်။

ဒီအခါ ဘုရင့်နောင်က “ဖောင်တို့ကိုမဖျက်လျှင် အနည်းငယ် စစ်ရေးမလှသည်တွေ့လျှင် နောက်သို့ချည်းလှည့်ပြေးရန် စဉ်းစားကြလိမ့်မည်။ ဖောင်တို့ကိုဖျက်မှသာ ရှေ့မှရန်သူကို နောက်မှရေဘေးဟူသော အသိဖြင့် ယတိပြတ်အနိုင်တိုက်ရန် စိတ်ရှိကြမည်။” လို့ဆိုပြီး ဖျက်စေပြီးမှ စစ်တိုက်တယ်။

နောက်ပြန်ပြေးဖို့လမ်းမရှိ (နတ္ထိ) ဖြစ်နေတဲ့ ဘုရင့်နောင်တပ်တွေဟာ မွန်တပ်တို့ကို တဟုန်ထိုး တိုက်ခိုက်တော့တယ်။ အထင်သေးပြီး ပေါ့လျော့နေတဲ့ မွန်တပ်ကြီးဟာ အမှန်တကယ် ရင်ဆိုင်တဲ့အခါ တောင်ငူတပ်ရဲ့ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကို ခံရပြီး စစ်ရှုံးရတယ်။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင် ဖောင်နတ္ထိ ဖောင်ဖျက်တိုက်လို့ စစ်နိုင်ခဲ့ဖူးပြီ။

ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ပြည်သူ့ရွေးချယ်မှု

ပြည်သူများ စစ်အာဏာရှင်အား အပြုတ်တိုက်ရန် စစ်အာဏာရှင်တွေကပဲ လမ်းပြပေးလိုက်တာပါ။ ဒီစကားဟာ အညာဒေသ သပိတ်ခေါင်းဆောင်တဦးက ပြောသွားခဲ့တာပါ။ လူထုဟာ ဒီမိုကရေစီ လိုချင်တယ်။ တောင့်တတယ်။ ဆန္ဒပြတောင်းဆိုကြတယ်။ လက်သီးဆုပ်တွေ ထောင်မြှောက်ပြီး တောင်းဆိုကြတယ်။ လက်သီးဆုပ်ထောင် တောင်းဆိုခဲ့ကြတယ်။ ၈၈၈၈ မှာ။ မရတဲ့အဆုံး ၁၉၉၀ ဒီမိုကရေစီရွေးကောက်ပွဲမှာ NLD ကို မဲပေးပြီး ရွေးချယ်လိုက်ကြတယ်။ ဒါပေမဲ့ စစ်တပ်က ကလိမ်ကျပြီး အာဏာမလွှဲပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLD ကို အပြတ်အသတ် သောင်ပြိုကမ်းပြို မဲပေးပြီး အစိုးရဖွဲ့စေတယ်။ ဒီမိုကရေစီလမ်းစပေါ် ၅ နှစ်တက်ခဲ့ပြီ။ ဒါပေမဲ့ အစရဲ့ အစသာပဲ ရှိပါသေးတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တခါထပ်ပြီး NLD ပါတီကို သောင်ပြိုကမ်းပြို ထပ်မဲပေးလိုက်ကြတယ်။ လက်သန်းကိုယ်စီပြာလို့ပေါ့။ လက်သန်းကိုယ်စီပြာလို့ပေါ့။

ဒါပေမဲ့ NLD က မဲစာရင်းမမှန်လို့ဆိုပြီး စစ်တပ်ဟာ အာဏာပြန်သိမ်းလိုက်တယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်။ အဲ့ဒီနောက် ရွေးကောက်ပွဲ ၂၀၂၃ ပြန်လုပ်မယ်လို့ ပြင်လာပြန်ပြီ။ တချို့ကလည်း ရွေးကောက်ပွဲဝင်ချင်ကြတယ်။ ကောင်းနိုးနိုးပေါ့။ ဟုတ်နိုးနိုးပေါ့။ PDF တွေလို လက်နက်ကိုင်နည်းနဲ့ ငါးသိန်းလောက် စစ်တပ်ကြီးကို မနိုင်နိုင်ဘူး ဆိုသူတွေကလည်း ရှိပြန်။ နောက်ဆုံးမှာ စားပွဲဝိုင်းတွေ့ကြရမှာ ဆိုသူတွေလည်း ရှိကြရဲ့။ အခုတော့ ဒီလိုပြောစရာ မလိုတော့ပြီ။ လူထုပါတီ NLD လည်း ဖျက်သိမ်းခံလိုက်ရပြီ။ စားပွဲဝိုင်းတွေ့ဆုံပွဲလမ်း။ ရွေးကောက်ပွဲလမ်းတွေလည်း ပိတ်ပြီ။ စစ်ကောင်စီက ပိတ်ပေးလိုက်တာလို့ ပြောနိုင်တယ်။ NLD ပါတီဝင်တွေကော ပြည်သူတရပ်လုံးကော ဘုရင်နောင်ဖောင်နတ္ထိလို နောက်ဆုတ်ဖို့လမ်း မရှိတော့ပြီ။ နတ္ထိ။ စစ်အာဏာရှင်ကို လက်နက်ကိုင် အပြုတ်တိုက်ရေးနည်းလမ်း PDF တို့ရဲ့လမ်းကသာ ဖက်ဒရယ်ဒီမိုကရေစီကိုသွားရာ တခုတည်းသောလမ်း ဖြစ်လာပါပြီ။ လက်နက်ကိုင်တိုက်တဲ့နည်းပေါ့။ လက်ညှိုးကွေး သေနတ်ပစ်တာပေါ့။ လက်ညှိုးကိုယ်စီကွေးကြပြီ။ လက်ညှိုးကိုယ်စီကွေးကြပြီ။

တပြိုင်တည်းပဲ ပြည်တွင်း ပြည်ပ ဆန္ဒပြပွဲတွေနဲ့ ဝန်းရံ၊ CDM တွေက အားတင်း တောင့်ခံထား၊ ထောက်ပို့တွေကလည်း ဆက်လက်လှုပ်ရှား (နည်းမျိုးစုံနဲ့) တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အင်အားတွေကလည်း အစွမ်းကုန်ပါဝင်၊ NUG ဦးဆောင်မှုကို ပိုကောင်း ပိုကျစ်လျစ်အောင်လုပ်၊ သံတမန်ရေးတိုက်ပွဲတွေပါပေါင်းပြီး လုပ်ကြ တိုက်ပွဲဝင်ကြရေးသာ အဓိက ဖြစ်ပါတော့တယ်။

လက်သီးဆုပ်ဆန့်တန်းကြလို့လည်း မရတော့ပြီ။

လက်သန်းပြာ မဲပေးရွေးချယ်ကြလို့လည်း အာဏာမလွှဲတဲ့ခါ

လက်သန်းကွေး တိုက်ပွဲဝင်ရေးနည်းလမ်းမှတပါး အခြားမရှိပြီ။    ။

မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024