ယူကရိန်းသယ်ယူပို့ဆောင်ရေး လေယာဉ် ၁ စီးကို ခွဲထွက်ရေးတပ်ဖွဲ့တွေ ပစ်ချ

917
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက လူဟန့်စ် မြို့မှာ ဇွန်လ ၁၄ ရက်နေ့က ယူကရိန်း သယ်ယူပို့ဆောင်ရေး လေယာဉ်တစီး ခွဲထွက်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ချခံခဲ့ရပါတယ်။
လူဟန့်စ်မြို့လေဆိပ်ကို ဆင်းခါနီးမှာ လေယာဉ်ပစ်ဒုံးကျည်တွေနဲ့ ၀ိုင်းဝန်းပစ်ခံရတာကြောင့် ရုရှားနိုင်ငံထုတ် အိုင်အယ်လ် ၇၆ သယ်ယူပို့ဆောင်ရေးလေယာဉ် (Il-76 transport plane) ပျက်ကျခဲ့တာဖြစ်တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
လေယာဉ်ပေါ်ပါသူ ဘယ်နှစ်ဦးသေဆုံးသွားတယ်ဆိုတာကို အတိအကျ မပြောပေမယ့် လေယာဉ်ပေါ်လူ ၅၀ လောက် ပါသွားနိုင်တယ်လို့ ယူဆကြပါတယ်။ လေယာဉ်ဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဖက်ပစ္စည်းတွေကို သယ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေ လူဟန့်စ်မြို့လေဆိပ်ကို တိုက်ခိုက်သိမ်းယူပြီး တပတ်အတွင်းမှာပဲ အခုလို လေယာဉ်ပစ်ချခံရတာဖြစ်ပါတယ်။
ယူကရိန်းစစ်တပ်က မြို့လေဆိပ်ကိုပြန်လည် သိမ်းယူနိုင်ခဲ့ပေမယ့် ကျန်တဲ့ မြို့တမြို့လုံးကတော့ ယူကရိန်းခွဲထွက်ရေးတွေက သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ပြည်နယ်ဟာ ယူကရိန်း အရှေ့ပိုင်းမှာ လွတ်လပ်ရေးကြေညာထားတဲ့ အဓိကပြည်နယ်ကြီး ၂ ခုထဲက တခုဖြစ်ပါတယ်။
ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးတွေအပေါ် ယူကရိန်းစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ၂ လအတွင်း လူအနည်းဆုံး ၂၇၀ သေဆုံးခဲ့ပြီဖြစ်ပါတယ်။
