ထိုင်ဝမ်သမ္မတဟောင်း မာယင်ကျိုးဟာ မတ်လ ၂၇ ရက်က ၁၂ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဥ်အဖြစ် ရှန်ဟိုင်းမြို့ကို လာရောက်ခဲ့တယ်လို့ စင်ကာပူအခြေစိုက် CNAသတင်းဌာနက ဖော်ပြပါတယ်။
ဒီခရီးစဥ်က နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ထိုင်ဝမ်နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ တရုတ်ပြည်ကိုပထမဆုံးအကြိမ်လာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်ဝမ်သမ္မတဟောင်း မာယင်ကျိုးဟာ မတ် ၂၇ ရက်မှ ဧပြီ ၇ ရက်အထိ တရုတ်နိုင်ငံမှာ နန်ကျင်း၊ ဝူဟန်၊ ချန်ရှာ၊ ချုံကင်းနှင့် ရှန်ဟိုင်းမြို့တွေဆီလည်း သွားမယ်လို့ သူ့ရုံးက ပြောထားပါတယ်။
အခုခရီးစဥ်မှာ မာယင်ကျိုးဟာ တရုတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံပွဲတွေပြုလုပ်ဖို့မဟုတ်ဘဲ ဘိုးဘေးတွေကို ဂါရဝပြုဖို့အတွက်နဲ့ လူငယ်တွေနဲ့ အပြန်လှန်စကားပြော တွေ့ဆုံပွဲတွေကို အဓိကထားပြုလုပ်သွားမှာလို့လည်း သူ့ရဲ့ရုံးက ပြောပါတယ်။
မာယင်ကျိုးက “ထိုင်ဝမ်နဲ့ တရုတ်ကြားမှာရှိတဲ့ ဆက်ဆံရေးတိုးတက်ဖို့အတွက် စိတ်အားထက်သန်တဲ့ လူငယ်တွေကြားမှာ တွေ့ဆုံပွဲတွေပြုလုပ်ပါမယ်။ ဒါကလည်း ငြိမ်းချမ်းရေး မြန်မြန်ဆန်ဆန်ရရှိစေဖို့အတွက်ပါ”လို့ တရုတ်နိုင်ငံကို ခရီးသွားကာနီးမှာ ပြောပါတယ်။
တိုင်ဝမ်နိုင်ငံခေါင်းဆောင်ဟောင်း မာယင်ကျိုးဟာ ရှန်ဟိုင်းမြိုမှာ တရုတ်နိုင်ငံ ဗဟိုအစိုးရနဲ့ ရှန်ဟိုင်းမြို့က တာဝန်ရှိသူနဲ့တွေ့ဆုံတယ်လို့ တရုတ်ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပါတယ်။
အခုလိုတွေ့ဆုံအပေါ် လက်ရှိ ထိုင်ဝမ်သမ္မတရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီကတော့ မာယင်ကျိုးဟာ ပေကျင်းရဲ့ ထိုင်ဝမ်အပေါ်ထားရှိတဲ့ မူဝါဒတွေကိုထောက်ခံနေပြီး နိုင်ငံတော်ကို အိုးမဲသုတ်တာလို့ စွပ်စွဲပြောဆိုထားပါတယ်။
Source – CNA