ထိုင်းမြောက်ပိုင်းဒေသတွေမှာ ခုရက်ပိုင်းတွင်း မီးခိုးမြူထူထပ်မှု အခြေအနေဆိုးရွားနေပြီး ကမ္ဘာ့နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ လေထုအညစ်ညမ်းဆုံးနိုင်ငံအဆင့် ရောက်နေတယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ ချင်းရိုင်းခရိုင်မှာဆိုရင် အိမ်နီးချင်းနိုင်ငံနဲ့ ဒေသတွင်း တောင်ယာမီးရှို့တာ၊ တောမီးလောင်တာ တွေကြောင့် PM 2.5 မီးခိုးမြူသိပ်သည်းမှုမှာ ၁ ကုဗမီတာကို ၅၀၀ မိုက်ခရိုဂရမ်ကျော်ရှိကြောင်း ၊ ထိုင်းကျန်းမာရေးဦးစီးဌာနက သတ်မှတ်ထားတဲ့ ကျန်းမာရေးအန္တရာယ်ရှိတဲ့ ဆိုးရွားစံချိန် ၁ ကုဗမီတာ ၅၀ မိုက်ခရိုဂရမ်ထက် ၉ ဆ ပိုနေပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ စံချိန်ထက် ၃၂ ဆ မြင့်မားနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တာချီလိတ်တဖက်ကမ်း မယ်ဆိုင်မှာဆိုရင် တမြို့လုံး မီးခိုးမြူတွေဝေနေပြီး ဈေးသည်တစ်ဦးက မီးခိုးမြူတွေကြောင့် ဈေးရောင်းမကောင်းကြောင်း၊ ပတ်ဝန်းကျင်မှာလည်း ပြာစတွေ လွင့်စဉ်လာတာရှိပြီး အစားအသောက်တွေထဲ ဝင်ရောက်သွားမှ စိုးရိမ်ကြောင်း၊ သူ့ဘဝမှာ အခုလို ဆိုးရွားတဲ့အခြေအနေမျိုး တခါမှမကြုံဖူးဘူးလို့ ပြောပါတယ်။
ချင်းမိုင်နယူးစ်သတင်းမှာတော့ ဒီကနေ့ မယ်ဆိုင်ရဲ့ မီးခိုးမြူ PM 2.5 အခြေအနေဟာ ၁ ကုဗမီတာကို ၆၀၀ မိုက်ခရိုဂရမ်ထိ မြင့်နေကြောင်း ၊ ချင်းရိုင်းခရိုင်ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ မတ်လ ၁၉ မှ ၂၆ ရက်နေ့ထိ မီးခိုးမြူကြောင့် အသက် ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားနေရသူ ၃၄၇၈ ဦးရှိတယ်လို့ ဆိုပါတယ်။
ထိုင်းမြောက်ပိုင်းမှာ ချင်းရိုင်းတင်မကဘဲ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ နန့်၊ ဖယောဝ်း ၊ လမ်းပွန်း၊ လမ်းပန်း ၊ ဖရဲ့ စတဲ့ ခရိုင်ပေါင်း ၈ ခုမှာ မီးခိုးမြူထွက်ပေါ်ရာ Hot Spots အနီစက် နေရာပေါင်း ၃၄၀၀ ရှိတာကြောင့် မီးခိုးမြူထူထပ်နေပြီး ဒီထက်အခြေအနေဆိုးရွားပါက လမ်းပန်းနဲ့ မယ်ဟောင်ဆောင် လေဆိပ်တွေမှာ လေယာဉ်ပျံသန်းမှု ဆိုင်းငံ့ဖွယ်ရှိလို့ ခရီးထွက်မယ့်သူတွေ ကြိုတင်အချက်အလက်တွေ သေချာအောင် ကြိုတင်စုံစမ်းမေးမြန်းသင့်တယ်လို့ ဆိုပါတယ်။
ထိုင်းအိမ်နီးနားချင်းနိုင်ငံရဲ့ မီးခိုးမြူထွက်ပေါ်ရာ Hot Spots အခြေအနေမှာ မြန်မာနိုင်ငံမှာ ၁၂၅၈၁ နေရာ ၊ လာအိုနိုင်ငံမှာ ၈၅၃၅ နေရာ ၊ ကမ္ဘောဒီးယားနိုင်ငံမှာ ၇၄၄ နေရာ ၊ ဗီယက်နမ်မှာ ၇၂၀ နဲ့ မလေးရှားနိုင်ငံမှာ ၃၁ နေရာရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ကိုးကား – https://www.youtube.com/watch?v=kw5gzZD4D_Y