Home
မြန်မာသတင်း
မင်္ဂလာဒုံမြို့နယ်တွင် ရဟန်းအတုအယောင် ၃ ဦး ထပ်မံဖမ်းမိ
DVB
·
March 27, 2023

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ဇေကမ္ဘာကျောက်လမ်းထိပ်၊ စက်သုံးဆီအရောင်းဆိုင်နားက ခြံဝင်းမှာ မတ် ၂၄ ရက် ညနေ ၆ နာရီလောက်က ရဟန်းအယောင်ဆောင် ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

အသက် ၂၅ နှစ်အရွယ်ရှိ ရဟန်းယောင်ဆောင် ၃ ယောက်ဟာ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စိန်ချယ်လမ်းက  အဆောင်တစ်ခုတည်းမှာ ငှားရမ်းနေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

မြို့ခံတဦးက  "ဒီနားတွေ့တာက ၇ ခါ ၈ ခါလောက် ရှိနေပြီ။ အဲဒီခြံက ခြုံတွေထဲ ဝင်ဝင်သွားတာ။ ပြန်ထွက်လာ‌တော့ ပုဆိုးနဲ့ အင်္ကျီနဲ့ပဲ။ အဲဒီနေ့ ညနေက သူတို့ ခြံထဲလည်းဝင်ရော ရဲက အရပ်ဝတ်နဲ့ ဝင်ဖမ်းတာ။ အကုန်လုံးကို သင်္ဃန်းကျွန်းကြီးရပ်ကွက်ရုံးကို အရင်ခေါ်သွားတာ။ အဲဒီကနေ စခန်းပို့လိုက်ကြတာ" လို့ ဆိုပါတယ်။ 

ဖမ်းမိသူ ၃ ဦးမှာ ပဲခူးတိုင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူ ၁ ယောက်နဲ့ ဧရာဝတီမှတ်ပုံတင် ကိုင်ဆောင်ထားသူ ၂ ယောက် ဖြစ်ပြီး မေတ္တာအေးတောရကျောင်းတိုက်အမည် စာအိတ်တွေနဲ့ YBS ပေါ်မှာ ရဟန်းအယောင်ဆောင် လိုက်လံတောင်းခံ‌ကြသူတွေလို့ သိရပါတယ်။ 

ဖမ်းမိသူတွေနဲ့အတူ ရဟန်းလွယ်အိတ် ၃ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ငွေသား ကျပ် ၄၀၀၀၀ လောက် နဲ့ သင်္ဃန်း ၃ စုံတို့ သိမ်းဆည်းရမိပြီး  မင်္ဂလာဒုံရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ 

မတ် ၁၉ ရက် ညပိုင်းကလည်း သင်္ဃန်းကျွန်းကြီးကျေးရွာ၊ သန္တိသုခလမ်းရှိ အဆောင် ၂ ခုမှာ ရဟန်းအ‌ယောင်ဆောင်  ၆ ယောက် ဖမ်းဆီးရမိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024