Live
Home
ဆောင်းပါး
ကူညီစောင့်ရှောက်မှု ပိုမိုရသင့်တဲ့ ထိုင်းရောက် မြန်မာဒုက္ခသည်ကလေးငယ်တွေ
DVB
·
March 27, 2023

ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ သနားကြင်နာမှုရှိခြင်းကို လူ့အသိုက်အဝန်းရဲ့ အခြေခံတန်ဖိုး အဖြစ်နဲ့ ဂုဏ်ယူစွာသတ်မှတ်ထားကြပါတယ်။ သို့သော် ထိုင်းဟာ ဒုက္ခသည် ကလေးငယ်တွေအပေါ် ကူညီထောက်ပံ့ရေးကို ဆန့်ကျင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေတာဟာလည်း မယုံနိုင်စရာ ကွဲလွဲနေမှုကြီးပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၂ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပေမဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ၁၉၃ နိုင်ငံထဲမှာ သဘောတူညီမှု ပြဋ္ဌာန်းချက် အမှတ် ၂၂ ကို လက်မခံတဲ့ တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်ပါတယ်။ အဲဒီ ပြဋ္ဌာန်းချက် အမှတ် ၂၂ ဟာ နိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ကူညီဖို့ လိုအပ်ချက်အားလုံးကို ဆောင်ရွက်ပေးရမယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာ နေထိုင်နေရတဲ့ ဒုက္ခသည်ပေါင်း တစ်သိန်းနီးပါး အတွက် အနာဂတ်ဟာ တိကျရေရာမှု ရှိမနေပါဘူး။ အဲဒီဒုက္ခသည်တွေထဲက အများစုဟာ မြန်မာနိုင်ငံက စစ်မက်နဲ့ အကြမ်းဖက်မှုတွေကနေ ရှောင်ခွာထွက်ပြေးလာခဲ့ကြတဲ့ တိုင်းရင်းသားလူနည်းစုတွေဖြစ်ပြီး တစ်ဝက်လောက်က ကလေးငယ်တွေဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြီးခဲ့တဲ့နှစ်က လေ့လာစိစစ်မှုအရ သိခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်တပ်ရဲ့လူမဆန်တဲ့ အကြမ်းဖက်မှုတွေအပြင် မယ်ဟောင်ဆောင်နဲ့ ရနောင်းနယ်စပ်တလျှောက်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသားတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပေမယ့် သူတို့ကို မြန်မာနိုင်ငံက အန္တရာယ်နယ်မြေထဲ ထိုင်းက ပြန်ပို့နေပါတယ်။

တချိန်တည်းမှာပဲ လက်ဘနွန်၊ ဆီးရီးယားနဲ့ ယူကရိန်းတို့က စစ်ပွဲတွေအပြင် ကမ္ဘာတဝန်းက လူနည်းစုတိုင်းရင်းသားတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် ဒုက္ခသည်အဖြစ်နဲ့ရော နိုင်ငံရေးခိုလှုံခွင့်တောင်းသူအနေနဲ့ပါ ထိုင်းနိုင်ငံကို ဝင်ရောက်လာသူတွေရှိနေဆဲဖြစ်ပါတယ်။ 

ဘန်ကောက်မြို့ဝန်းကျင်မှာ နေထိုင်နေကြတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံဖို့ရောက်နေသူ ၅၀၀၀ လောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) မှာ မှတ်ပုံတင်ထားကြပြီး မိမိတို့နေရပ်မှာ ဖိနှိပ်အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာတွေနဲ့ မြောက်ကိုရီးယားကနေ ထွက်ပြေးလားကြသူတွေကတော့ UNHCR မှာ မှတ်ပုံမတင်ရသေးဘဲ ကျန်ရှိနေပါတယ်။ 

ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ရော နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူအနေနဲ့ပါ ရောက်နေသူအများစုဟာ ကလေးငယ်တွေဖြစ်ပါတယ်။ သူတို့အတွက် လုံလောက်တဲ့မှန်ကန်တဲ့ အကူအညီနဲ့ အကာအအကွယ်ကိုသာ မရနိုင်ရင် သူတို့ဟာ အသုံးချအနိုင်ကျင့်ခံရနိုင်တဲ့ အခြေအနေရှိနေပါတယ်။

နိုင်ငံလုံခြုံရေးအကြောင်းပြချက်နဲ့ လွန်ခဲ့တဲ့ အနှစ် ၃၀ က ရပ်တည်ချက်ကို အခုထိကိုင်ဆွဲထားနေဆဲဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ကုလသမဂ္ဂသဘောတူညီချက်ပါ ပြဋ္ဌာန်ချက် အမှတ် ၂၂ ကို ဆန့်ကျင်နေတာကနေ ရပ်တန့်ဖို့ အကြောင်းပြချက်တွေလည်း အမြောက်အမြားရှိနေပြီဖြစ်ပါတယ်။

ပထမအချက်က ဒုက္ခသည်ကလေးငယ်တွေအပေါ် ထိုင်းရဲ့ ရပ်တည်ချက်က အခုချိန်မှာ သင့်တော်ခြင်းမရှိတော့ပါဘူး။ သူတို့ကို ကူညီထောက်ပံ့ပေးခြင်းအားဖြင့် လူတစ်ဦးချင်းစီရဲ့ လုံခြုံရေးကို ပိုမိုအားကောင်းစေပြီး ထိုင်းအတွက်လည်း အလွန်အကျိုးများစေမှာဖြစ်ပါတယ်။

ဒုတိယအချက်က ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်ခြင်းကြောင့် ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ 

တတိယအချက် အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ ထိုင်းဟာ ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေနဲ့ နိုင်ငံမဲ့ ကလေးငယ်တွေကို ထောက်ပံ့ကူညီနိုင်ရေးအတွက် မူဝါဒအပြောင်းအလဲတွေ များစွာ ချမှတ်ခဲ့ပါတယ်။ အဲဒါကြောင့်မို့လည်း ကုလသမဂ္ဂသဘောတူညီချက်ရဲ့ ပြဋ္ဌာန်းချက် အမှတ် ၂၂ ကို ဆက်လက်ဆန့်ကျင်နေဖို့ မလိုတော့ပါဘူး။

၂၀၀၅ ခုနှစ်မှာလည်း ထိုင်းဟာ နိုင်ငံအတွင်းမှာနေထိုင်နေတဲ့ ကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရနိုင်ရေးအတွက် အားလုံးအတွက် ပညာရေးဆိုတဲ့ မူဝါဒကို ချမှတ်ဖော်ဆောင်ခဲ့ပါတယ်။ 

အဲဒါအပြင် နိုင်ငံတွင်းရောက်နေတဲ့ လူငယ်တွေကို ဒေါက်တာဘွဲ့အတွက် ကျောင်းတက်ခွင့်ရအောင် စီစဉ်ပေးထားပါတယ်။ နိုင်ငံတွင်းရောက်နေတဲ့ ကလေးတွေဟာ ထိုင်းနိုင်ငံသား ကလေးငယ်တွေနဲ့ တန်းတူ ၁၅ နှစ် အခမဲ့ပညာရေးကို ရရှိမှာဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေက ကလေးငယ်တွေဟာ စခန်းတွင်းမှာ ပညာသင်ယူခွင့်ရရှိကြသလို၊ လိုအပ်ပါက စခန်းပြင်ပကျောင်းတွေမှာ သွားတက်ရောက်ခွင့် တောင်းခံနိုင်ပါတယ်။ 

ရွှေ့ပြောင်းနေထိုင်သူတွေ မွေးဖွားလာတဲ့ ကလေးတွေကို နေရပ်ပြန်ပို့ရမယ့် တရားမဝင်နေထိုင်သူတွေအဖြစ် သတ်မှတ်တဲ့ ဥပဒေကို ထိုင်းက ၂၀၁၇ ခုနှစ်မှာ ပြောင်းလဲ ပြင်ဆင်ခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ မွေးဖွားလာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေးငယ်တွေဟာ ထိုင်းမှာ မွေးစာရင်းသွင်းပြီး တရားဝင်နေထိုင်ခွင့် ရှိသူတွေဖြစ်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရမယ့် ရွှေပြောင်းနေထိုင်သူတွေရဲ့ ကလေးငယ်တွေကို ထိန်းသိမ်းရေးစခန်းတွေမှာပဲ ထိန်းသိမ်းထားခြင်းကနေ တားဆီးဖို့အတွက် ထိုင်းနိုင်ငံ ခုနစ်ဌာနအစိုးရအဖွဲ့တွေက ၂၀၁၉ ခုနှစ်မှာ သဘာတူနားလည်မှုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီနှစ်မှာပဲ ထိုင်းအစိုးရက အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးထိန်းသိမ်းပြီး နေရပ်ပြန်ပို့တာကနေ တားဆီးကာကွယ်ပေးမယ့် ဒုက္ခသည် စောင့်ကြည့်စိစစ်ရေး စည်းကမ်းချက် တစ်ခုထုတ်ပြန်ခဲ့ပါတယ်။

အနီးစပ်ဆုံးပြောရရင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ တရားမဝင်တိတ်တဆိတ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းနဲ့ နှိပ်စက်ညှင်းပန်းခြင်းများကို ရပ်တန့်တားဆီးရန်နဲ့ ကာကွယ်ရန်အတွက် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဥပဒေမှာ ဒုက္ခသည် သို့မဟုတ် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေကို ဖိအားပေးကာ သူတို့အတွက် အန္တရာယ်ရှိတဲ့ နေရပ်ကိုပြန်လည်ပို့ဆောင်ခြင်းကနေ တားမြစ်ထားပါတယ်။ ဖိအားပေးနေရပ်ပြန်မပို့ရေး မူဝါဒဟာ ရွှေပြောင်းနေထိုင်သူတွေရဲ့ ကလေးငယ်တွေကို ဘေးကင်းလုံခြုံစေခဲ့ပါတယ်။

ဒီလို တရားရေးမူဝါဒ အပြောင်းအလဲတွေ ရှိလာခဲ့ပေမဲ့ ကုလသမဂ္ဂရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်အပေါ် ထိုင်းက ဆက်လက်ကန့်ကွက်နေဆဲဖြစ်တာဟာ ထူးဆန်းနေပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအောက်လွှတ်တော်ရဲ့ ကလေးသူငယ်အရေးဆိုင်ရာ ကော်မတီခွဲနဲ့ ထိုင်းအစိုးရအဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံဟာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေနဲ့အညီ ဒုက္ခသည် ကလေးငယ်တွေကို ဂရုစိုက်လျက်ရှိနေတာကြောင့် ကုလသမဂ္ဂရဲ့ သဘောတူညီချက်အပေါ် ကန့်ကွက်မှုကို ပယ်ဖျက်သင့်တယ်ဆိုတာကို သဘောတူညီခဲ့ကြပါတယ်။

လပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမဲ့ ထိုင်း အောက်လွှတ်တော်ဟာ ဒီကိစ္စကို အတည်ပြုချက်ရယူနိုင်ရေးအတွက် ဝန်ကြီးများအဖွဲ့ကို ဆက်လက်တင်ပြနိုင်ခြင်းမရှိသေးပါဘူး။ အလားတူပဲ ဒုက္ခသည်တွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို စောင့်ကြည့်စိစစ်ရေးအတွက် ၂၀၁၉ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ စည်းကမ်းချက်ကိုလည်း လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

ဗဟိုအစိုးရက ချုပ်ကိုင်တဲ့စနစ်ဟာ အပြောင်းအလဲတွေဖော်ဆောင်ရာမှာ ခက်ခဲကြန့်ကြာမှုတွေ ဖြစ်ပေါ်စေပါတယ်။ ကုလသမဂ္ဂရဲ့ သဘောတူညီချက်မှာ ကန့်ကွက်ချက်ကို ဖယ်ရှားလိုက်ခြင်းအားဖြင့် အစိုးရဝန်ထမ်းတွေကိုလည်း ရှင်းလင်းပြတ်သားတဲ့ အသိပေးချက်ရရှိစေမှာဖြစ်ပြီး၊ ဒုက္ခသည် ကလေးငယ်တွေကို ပိုမိုပြီးပြည့်စုံတဲ့ ကူညီထောက်ပံ့မှုတွေပေးအပ်ဖို့ အစိုးရက အားစိုက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ သနားကြင်နာမှုကို အခြေခံတဲ့ သူ့ရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်ရေးနဲ့ လိုအပ်ချက်တွေရှိနေတဲ့ ကလေးငယ်တွေအတွက် မှန်ကန်တဲ့ဆောင်ရွက်ချက်တွေကို  အခုချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုနေပြီ ဖြစ်ပါတယ်။

ဥဿာဆန်း

(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ " Child refugees deserve better" အယ်ဒီတာ အာဘော် ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြထားခြင်းဖြစ်သည်။)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024