Home
မြန်မာသတင်း
ဆားလင်းကြီးမြို့အတွင်း စစ်ကောင်စီစခန်း ၃ ခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
DVB
·
March 27, 2023

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ စခန်းသုံးခုကို မတ် ၂၆ ရက် မနက် ၁၀ နာရီက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

မတ် ၂၅ ရက်က အင်းအား ၁၅၀ လောက်နဲ့ ဆားလင်းကြီးမြို့နယ်ထဲ စစ်‌ကြောင်းထိုးပြီးနောက် အဆိုပါ စစ်ကောင်စီစခန်းတွေမှာ အနားယူနေတဲ့အချိန် အခုလို ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“ကျနော်တို့ ဒရုန်းအသုံးပြုပြီး ဗုံးသီး ၅ လုံး အသုံးပြုကာ မနက် ၁၀ နာရီလောက်ကနေ မွန်းတည့် ၁၂ နာရီလောက်အထိ မြို့လယ်ဂိတ်ကို ၁ လုံး၊ ထွေအုပ်ရုံးပေါ် ၁ လုံး၊ နိဗ္ဗာန်ကျောင်းနားကဂိတ်မှာ ၃ လုံး၊ စုစုပေါင်း နေရာသုံးနေရာခွဲပြီး ဗုံးသီး ၅ လုံးအသုံးပြုပြီး drone mission လုပ်ခဲ့တယ်ဗျ။ အဲဒီ drone mission ထဲက နိဗ္ဗာန်ဘုန်းကြီးကျောင်းနားက အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲ‌နေတဲ့ ဂိတ်နေရာကို ကျနော်တို့ ဗုံးသီးကို ကွက်တိ ချနိုင်ခဲ့တယ်ဗျ။ အဲတာကြောင့် အကြမ်းဖက်စစ်တပ်က ၄ ကောင် ဒဏ်ရာရရှိထားတယ်။ ၂ ကောင်က‌တော့ သေ‌နိုင်လောက်သည်အထိ ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့  အတွင်းဖရဲသီးစီကနေ သိထားရတယ်” လို့ Salingyi Special Task Force - SSTF ရဲ့ တာဝန်ရှိသူ ကိုဖိုးဇေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Salingyi Special Task Force - SSTF၊Shar Htoo Waw Drone နည်းပညာအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ Salingyi Special Task Force - SSTF တပ်ခွဲ  "SPACE MAN" Drone အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်တာကို စစ်ကောင်စီဘက်မှ လက်နက်ကြီး ၄ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ဆားလင်းကြီးမြို့နယ်၊ မင်းတောရွာအတွင်း နေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူတဦး ဒဏ်ရာရကာ အိမ်ရဲ့ အမိုး၊ အကာတွေနဲ့ အိမ်တွင်း ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်နဲ့အရာတော်မြို့ အကြားမှာရှိတဲ့ ရွှေပန်းကုံးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ လောက်ပါ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ မတ်လ ၂၄ ရက် နေ့ ညနေ ၆ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

၁ နာရီခွဲလောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၈ ယောက်သေဆုံး၊ ၁၇ ယောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

"စစ်ခေါင်းဆောင် မုံရွာလာတုန်းက လုံခြုံရေးလာပေးတဲ့ ရွှေဘိုကတပ်တွေပါ အင်အား ၃၀၀ ခန့်ရှိတယ်။ ကျနော်တို့သွားပစ်တဲ့အချိန်မှာ ၂၀၀ လောက်က ရွှေပန်းကုံးရောက်သွားပြီ။ ကတို့ကုန်းရွာကို ဖြတ်နေတုန်း အင်အား ၁၀၀ ခန့်ကို ဖြတ်တိုက်တာပါ။ ဒီကောင်တွေဆီက ၈ ယောက် သေ၊ ၁၇ ယောက်ဒဏ်ရာရတယ် ဒါကတော့ ကျနော်တို့မြင်တာပေါ့။ လိုင်းအခက်အခဲကြောင့် ဒီနေ့မှထုတ်ပြန်နိုင်တာပါ" လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ပြန်ကြားရေးတာဝန်ခံက  ဒီဗွီဘီကိုပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၃ တပ်ခွဲ - ၃  ဂဠုန်နက် PDF၊9-One PDF၊ယက္ခညီနောင် (LPDF)၊ဒေါင်းညီနောင် (LPDF)၊အောင်စစ်သည် မြွေပွေး (LPDF)၊ တိုက်နယ် 6 (ပကဖ)၊AK 2 (ပကဖ)၊Danger (ပကဖ)၊GENERATION DEFENCE FORCE AYADAW (ပကဖ)၊တာနော (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နိုင်ဖို့ လက်နက်ခဲယမ်းတွေ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ/Video - Chindwin Attack Force

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024