ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ရဲ့ ပင်စင်လစာစနစ် အပြောင်းအလဲတွေကြောင့် လူထု မငြိမ်သက် အုံကြွမှုတွေကနေ ပြင်သစ်နိုင်ငံ ပါရီမြို့တော်နဲ့ မြို့ကြီးတွေမှာ အကြမ်းဖက်မှုများ ဖြစ်ပွားလာခဲ့ပြီးနောက် မတ် ၂၆ ရက် အင်္ဂလန်ဘုရင် ချားလ်စ်ရဲ့ ပြင်သစ်နိုင်ငံတော်ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း Elysee နန်းတော်မှ မတ် ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အင်္ဂလန်ဘုရင့်ခရီးစဉ်အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ထပ်မံကျင်းပဖို့ အလုပ်သမားသမဂ္ဂတွေက တောင်းဆိုခဲ့ပြီးနောက်မှာ ဗြိတိန်နဲ့ ပြင်သစ်အစိုးရတွေက ပူးတွဲ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ကြောင်း Elysee နန်းတော်က ပြောပါတယ်။
ဘုရင့်ခရီးစဉ်ကို ရွှေ့ဆိုင်းမှုဟာ ဘရက်ဆစ် အလွန် နှစ်ပေါင်းများစွာ ဆက်ဆံရေး ညံ့ဖျင်းခဲ့ပြီး နောက်မှာ ဒါကိုပြောင်းလဲဖို့ ၂ နိုင်ငံကြိုးပမ်းမှုတခုအနေနဲ့ အမှတ်အသားပြုတဲ့ ခြေလှမ်းတခုဖြစ်ဖို့ မျှော်လင့်ခဲ့တဲ့ မက်ခရွန်အတွက် ကြီးမားတဲ့ အရှက်ရမှုကြီးလည်း ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဆိုထားပါတယ်။
ချားလ်စ်ဘုရင်ဟာ ဂျာမနီနိုင်ငံကို မသွားခင် ၃ ရက်အလိုမှာ ပြင်သစ်နိုင်ငံကို ပထမဆုံး ခရီးထွက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။