Sunday, June 11, 2023
HomeLead Storyထားဝယ်မြို့အဝင်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ထော်လာဂျီယာဉ်မောင်း သေဆုံး

ထားဝယ်မြို့အဝင်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ထော်လာဂျီယာဉ်မောင်း သေဆုံး

တနင်္သာရီတိုင်း  ထားဝယ်မြို့အဝင်  ဇဟာရွာ ၊ အောင်ဖြိုးပိုင် စက်သုံးဆီဆိုင်နားမှာ မတ် ၂၅ ရက် မနက်အစောပိုင်းက ထော်လာဂျီ တစီးကို ကုန်တင်ကားက ဝင်တိုက်တာကြောင့် ထော်လာဂျီ ယာဉ်မောင်း အမျိုးသား သေဆုံးသွားခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။

ရပ်ထားတဲ့ ထော်လာဂျီကို ရေဖြူမြို့ကနေ ထားဝယ်မြို့ကို မောင်းလာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်က ဝင်တိုက်ခဲ့တာကြောင့် ထော်လာဂျီယာဉ် လမ်းဘေးထိုးကျသွားတယ်လို့ သိရပါတယ်။

ဇမ္ဗူသီရီအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက “သတင်းရတာက မနက် ၆ နာရီ ၂၀ မိနစ်လောက်ပေါ့။ နှင်းတအားကျနေတဲ့အချိန် တယောက်နဲ့တယောက် သဲသဲကွဲကွဲ မမြင်ရဘူး။ ရန်ကုန်ကနေလာရင် လမ်းညာဘက် ယာဉ်ကြောတခြမ်းတည်း ရှေ့နောက် တိုက်မိပြီး ထိုးကျသွားတာ။ လူကတော့ ကျသွားတဲ့နေရာ အပေါ်ဘက်မှာ လဲကျတဲ့အနေအထားနဲ့ သေဆုံးနေ တယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ ရေဖြူမြို့နယ်၊ ဃ ရပ်ကွက် (ဆင်းသေရွာ)က အသက် ၅၀ အရွယ် ဦးစိုးဝင်းဖြစ်ပြီး ရုပ်အလောင်းကိုတော့ ဒီနေ့ မနက်မှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက နေအိမ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ဆေးရုံသယ်ဆောင်တာနဲ့ နေအိမ်ပြန်ပို့ဆောင်တာတွေကို ဇဟာရွာ ဇဟာအားမာန်အသင်းနဲ့ ထားဝယ်မြို့ ဇမ္ဗူသီရီအရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့တို့က ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ဇဟာရွာလမ်းပိုင်းဟာ ထားဝယ်မြို့အဝင်နားမှာရှိပြီး ရေး- ထားဝယ်အဝေးပြေးလမ်းပိုင်းလည်း ဖြစ်တာကြောင့် ယာဉ်မတော်တဆမှု မကြာခဏဖြစ်လေ့ရှိပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular