ရုရှားရဲ့ Tu-95MS ဗျူဟာမြောက် ဒုံးတပ်လေယာဉ် ၂ စီးဟာ ဂျပန်ပင်လယ်ပေါ်ကနေ ဖြတ်ကျော်ပြီး ပျံသန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၁ ရက်မှာ ပြောပါတယ်။
၇ နာရီကြာတဲ့ လေကြောင်းခရီးစဉ်အတွင်း ဒီဗုံးကြဲလေယာဉ် ၂ စီးကို SU-30 CM နဲ့ SU-35 C တိုက်လေယာဉ်တွေက ခြံရံပျံသန်းခဲ့တာပါ။
ဒီလေကြောင်းခရီးစဉ်ကို နိုင်ငံတကာဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ပြီး ကြားနေရေပိုင်နက် အပေါ်ကနေ ပျံသန်းခဲ့တာလို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
အမေရိကန်ရဲ့ အင်ဒိုပစိဖိတ်စစ်တိုင်းနဲ့ ဂျပန်ကာကွယ်ရေးတပ်တို့ ဂျပန်ပင်လယ်ပြင်မှာ ပူးတွဲ စစ်ရေးလေ့ကျင့်ပြီး ၂ ရက်အကြာမှာ ရုရှားက ခုလိုပျံသန်းခဲ့တာပါ။ ဒီဖြစ်ရပ်တွေဟာ ဂျပန်ဝန်ကြီးချုပ် ဖှုမိအိုခိရှိဒါ့က ယူကရိန်းကို သွားရောက်လည်ပတ်နေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှားကို သွားရောက် လည်ပတ်ချိန်တွေနဲ့ တိုက်ဆိုင်နေပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးလ်ရွှိုင်ဂူဟာ ခံတပ်လို့ အဓိပ္ပာယ်ရတဲ့ ဘတ်စ်ရှန် ကမ်းရိုးတန်းကာကွယ်ရေး ဒုံးကျည်စနစ်ရဲ့ တပ်ခွဲတစ်ခုကို ဂျပန်ပိုင်နက်အဖြစ် တောင်းဆိုထားတဲ့ ကူရေးကျွန်းစုထဲက ပါရာမူရှီးယားကျွန်းပေါ်မှာ တပ်ချထားခဲ့တယ်လို့ မတ်လ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
ဘတ်စ်ရှန် မစ်ဇိုင်းဒုံးကျည် ဘက်စုံသုံး လက်နက်စနစ်ကို ၂၀၁၀ ပြည့်နှစ်မှာ ရုရှားက တီထွင်ပြီး ဘဲလာရုစ်ကုမ္ပဏီနဲ့ ပူးတွဲ ထုတ်လုပ်ခဲ့ပြီး တာဝေးပစ် သင်္ဘောဖျက်ဒုံးကျည်တွေကို တပ်ဆင်ထားပါတယ်။
ဂျပန်အစိုးရက သူ့ရဲ့ မြောက်ပိုင်းနယ်မြေလို့ ခေါ်တဲ့ ရုရှားတောင်ပိုင်း ကူရေးကျွန်းတွေကို ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်က ဂျပန်ဆီကနေ ဆိုဗီယက်တပ်တွေက သိမ်းယူခဲ့လို့ ခုချိန်ထိ နယ်မြေပိုင်နက် အငြင်းပွားနေပါတယ်။