Sunday, June 11, 2023
HomeLead Storyစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ညွှန်ကြားချက်များကြောင့် ပို့ကုန်လုပ်ငန်းများ ထိခိုက်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ညွှန်ကြားချက်များကြောင့် ပို့ကုန်လုပ်ငန်းများ ထိခိုက်

ပို့ကုန်လုပ်ငန်းရှင်တွေထံမှ ပို့ကုန်ရငွေကို ဈေးနှိမ်ပြီး အဓမ္မယူဖို့အတွက် စစ်ကောင်စီနဲ့ ဗဟိုဘဏ်တို့ ပူးပေါင်းပြီး ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကြောင့် ပို့ကုန်လုပ်ငန်းတွေ ထိခိုက်မှုရှိလာတဲ့အကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြာသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၈(က)၊ ပုဒ်မ ၃၈(ခ)၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ် ၃၅၊ ၃၆၊ ၃၇ နဲ့ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၁ အရ ပို့ကုန်တင်ပို့သူတွေအနေနဲ့ အာရှနိုင်ငံတွေကို ကုန်ပစ္စည်းတင်ပို့ရာမှာ ပို့ကုန်တင်ပို့တဲ့ နေ့ကစပြီး ၄၅ ရက်အတွင်း၊ အာရှနိုင်ငံတွေကလွဲလို့ တခြားနိုင်ငံတွေကို ကုန်ပစ္စည်းတင်ပို့ရာမှာလည်း ပို့ကုန်တင်ပို့တဲ့နေ့ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပို့ကုန်ရငွေတွေကို နိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းထဲ ပြန်လည်ဝင်ရောက်မှု ရှိ၊ မရှိ စိစစ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုစည်းမျဉ်းနဲ့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေ အပါအဝင် စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို သေချာစွာလိုက်နာကြဖို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သတိပေးထားပါတယ်။

ဗဟိုဘဏ်ရဲ့ အခုလို ညွှန်ကြားချက်တွေဟာ ပို့ကုန်လုပ်ငန်းတွေအပေါ် ထိခိုက်မှုရှိစေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြထားပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ကြီးတဦးက “သူတို့လုပ်နေတာတွေက ပြောင်းပြန်တွေ လိုက်လုပ်နေသလားလို့ တွေးမိတယ်။ ဘာလို့လဲဆို စီးပွားရေးသီအိုရီအရ ပို့ကုန်ကဏ္ဍကပဲ ဦးဆောင်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် မောင်းနှင်သွားကြတာ။ ဒါကြောင့်ပဲ နိုင်ငံတိုင်းမှာ ပို့ကုန်မြှင့်တင်ရေးကို အလေးပေးဆောင်ရွက်ကြတယ်။ ဆိုလိုတာက ပို့ကုန်မြှင့်တင်ရေးအတွက် ပို့ကုန်လုပ်ငန်းရှင်တွေကို မက်လုံးတွေ ပေးထားတဲ့အပြင် ဖြေလျှော့မှုတွေလည်း ပေးထားကြတယ်။ ကျနော်တို့နိုင်ငံမှာတော့ ပို့ကုန်သမားတွေကို လိုက်ပြီး ကြပ်နေတာဆိုတော့ ကျနော်တို့က နောက်ပြန်သွားနေသလို ဖြစ်နေတယ်။ ပိုဆိုးတာက ကျနော်တို့ရတဲ့ နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ငွေလဲနှုန်းနဲ့ တခါတည်း ဖြတ်ယူတယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို ဖြေလျှော့ပေးလားဆိုတော့ အဲ့ဒါကလည်း သူတို့သတ်မှတ်ကာလ ရက်ပေါင်း ၃၀ အတွင်းမှာ မသုံးထားဘူးဆိုရင် AD လိုင်စင်ရဘဏ်တွေမှာ သူတို့ပေးတဲ့ဈေးနဲ့ မဖြစ်မနေ ရောင်းချပေးရမယ်။ ဒီတော့ ကျနော်တို့က ကိုယ့်စီးပွားရေး ကိုယ်လုပ်တာလား၊ သူ့စီးပွားရေးကို လုပ်နေတာလားတောင် ဝေခွဲရခက်တဲ့ အခြေအနေ ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဌာနက ပြောင်းလဲလိုက်တဲ့ ညွှန်ကြားချက်ကြောင့် ပို့ကုန်လုပ်ငန်းတွေဟာ ရပ်တန့်လုနီးနီး ရှိနေပါတယ်။

မူဆယ်အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တဦးကလည်း “မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်တကြောကတော့ လုံးဝမပို့နိုင်တော့တဲ့ အနေအထားဖြစ်နေပြီး အားလုံး ရပ်သွားတဲ့ သဘောရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့သတ်မှတ်လိုက်တဲ့ ၆၅၊ ၃၅ ရာခိုင်နှုန်းက ကုန်သည်တွေ ဘယ်လိုမှအဆင်မပြေဘူး။ ငွေဈေးက အပြင်ဈေးနဲ့တွက်လိုက်ရင် ကျနော်တို့ဘက်က ရှုံးတယ်။ ဒီငွေကြေးအရှုံးကို ကုန်ပစ္စည်းအရင်းပေါ်မှာ ထည့်တွက်လိုက်ရင် ရောင်းဈေးထက် အရင်းက ပိုများနေတယ်။ တွက်ကြည့်ရင် အခုရှုံးသွားတဲ့ ငွေကြေးရယ်၊ ဝယ်ရမယ့် ပစ္စည်းတန်ဖိုးရယ်၊ လမ်းတလျှောက် ကုန်ကျမယ့် စရိတ်တွေရယ် ထည့်တွက်ရင် ရောင်းရမယ့်ဈေးထက်ကို ကုန်ကျစရိတ်က များနေတယ်။ အရှုံးနဲ့ဆိုတော့ ဘယ်သူ့မှ မပို့ကြတော့တဲ့အတွက် ရပ်တန့်နီးနီး ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၈(ခ) အရ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ဘဏ်ငွေစာရင်းထဲ နိုင်ငံခြားသုံးငွေနဲ့ ထည့်သွင်းဖို့ ပျက်ကွက်ခြင်းမရှိစေရ။ ယင်းတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ပါက အဆိုပါဥပဒေ ပုဒ်မ ၄၂(က) အရ ထိုသူကို တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ သတိပေး ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular