Friday, June 9, 2023
Homeနိုင်ငံတကာထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် အမေရိကန်သို့ သွားမည်

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် အမေရိကန်သို့ သွားမည်

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အပြင်းအထန် ရှုတ်ချမှုတွေကြားကပဲ သူ့ရဲ့ ဗဟိုအမေရိက ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ တထောက်ဝင်ရောက် ရပ်နားသွားမှာဖြစ်ကြောင်း ထိုင်ဝမ်အစိုးရအရာရှိတဦးက မတ်လ ၂၁ ရက်မှာ ပြောပါတယ်။

သမ္မတ ဆိုင်အင်းဝမ်ဟာ ဂွါတီမာလာနဲ့ ဘလိဇ်နိုင်ငံတွေဆီ ခရီးစဉ်တစိတ်တပိုင်းအဖြစ် နယူးယော့ခ်နဲ့ လော့စ်အိန်ဂျလိစ်တို့မှာ တထောက်နားမှာ ဖြစ်ပါတယ်။

မတ်လ ၂၉ ရက်မှာ တိုင်ပေကနေထွက်ခွာပြီး ဧပြီ ၇ ရက်မှာ ပြန်လာမှာဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ လင်းယုချန်က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကက်ဗင် မက်ကာသီက ကယ်လီဖိုးနီးယား ခရီးစဉ်အတွင်း ထိုင်ဝမ်သမ္မတနဲ့တွေ့ဆုံဖို့ ရည်ရွယ်ထားကြောင်း သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောကြားပေမဲ့ ထိုင်ပေက ဒီတွေ့ဆုံမှုကို အတည်မပြုပါဘူး။

ပေကျင်းမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က အမေရိကန်နဲ့ ထိုင်ဝမ်အစိုးရကြား အဆက်အသွယ် တစုံတရာကို ဘယ်လိုအကြောင်းခံ၊ ဘယ်လိုခေါင်းစဉ်တပ်တပ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်းနဲ့ အမေရိကန်ရဲ့ တရုတ်တနိုင်ငံတည်းမူကို ချိုးဖောက်ပြီး ထိုင်ဝမ်အာဏာပိုင်တွေနဲ့ ဘယ်လိုပုံစံမျိုးနဲ့မဆို ထိတွေ့ဆက်ဆံမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်တပြည်ထောင်တည်းမူနဲ့ တရုတ် ၂ နိုင်ငံ သို့မဟုတ် တရုတ်တနိုင်ငံနဲ့ ထိုင်ဝမ်တနိုင်ငံ ဆိုပြီး ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံဘူးဆိုတဲ့ အမေရိကန်ခေါင်းဆောင်တွေရဲ့ ကတိကဝတ်တွေကို စိတ်ပါလက်ပါ အကောင်အထည်ဖော်မယ့် ပူးတွဲကြေညာချက် ၃ ရပ်ကို လိုက်နာဖို့ အမေရိကန်ကို တိုက်တွန်းကြောင်းလည်း သူကပြောပါတယ်။

ဒါ့အပြင် ထိုင်ဝမ်အာဏာပိုင်တွေလည်း ထိုင်ဝမ်လွတ်လပ်ရေးအတွက် လမ်းစမရှိကြောင်း၊ လွတ်လပ်ရေးယူမယ်ဆိုပြီး ပြင်ပအင်အားစုတွေနဲ့ ပူးပေါင်းဖို့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ ဘာထင်ယောင်ထင်မှားမှ ဖြစ်မနေဖို့ သတိပေးလိုက်ကြောင်းလည်း ဝမ်ဝင်ဘင်က ပြောပါတယ်။

ရန်စမှုတွေဟာ အောင်မြင်မှာမဟုတ်ဘဲ တရုတ်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ခိုင်ခိုင်မာမာ ခုခံကာကွယ်သွားမှာဖြစ်ကြောင်း ပြောသွားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular