မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရှင်ပြုရဟန်းခံ အလှူတော်မင်္ဂလာ အပါအဝင် အခမ်းအနားတွေ ကျင်းပလိုပါက သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးကနေတဆင့် မြို့နယ်အဆင့်ဆင့်အထိ ခွင့်ပြုချက်ယူရပြီး ခွင့်ပြုမိန့်ရမှသာ အလှူတော်အခမ်းအနားတွေ ကျင်းပခွင့်ရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုရက်တွေဆို ရှင်ပြုရဟန်းခံ အလှူမင်္ဂလာအခမ်းအနားတွေ ပုံမှန်များမယ့်ကာလဖြစ်ပေမဲ့ အခုလို စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေဆီ အဆင့်ဆင့် ခွင့်တောင်းပြီး ခွင့်ပြုမိန့်ရမှ လုပ်ရမယ်ဆိုတဲ့အတွက် လူတွေ ဘာသာရေး၊ လူမှုရေး အခမ်းအနားတွေ လုပ်တာ နည်းသွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
အခုလို အလှူဘာသာရေးအခမ်းအနားတွေကို လူစုလူဝေးတွေ မလုပ်ရအောင် အကြောင်းပြချက်တွေနဲ့ လုံခြုံရေးအရ တနေ့တခြား ပိုတင်းကျပ်လာတာကြောင့် ဒေသခံတွေကြား ပြောဆိုဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။
“အခုက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ ပိတ်ထားကြတယ်။ အုပ်ချုပ်ရေးမှူးလည်း ဘယ်သူဆိုတာ မသိကြပါဘူး။ ရပ်ကျေးစာရေးကနေတဆင့် ခွင့်ပြုမိန့်တောင်းရတယ်။ ခွင့်ပြုမိန့်ရမှ လုပ်ချင်ရင် အလှူပွဲလုပ်ရမယ့် အခြေအနေ ဖြစ်နေတယ်” လို့ ဒေသခံတွေက ပြောပါတယ်။
အရင်က အခုလို အတာသင်္ကြန်ရက်နီးလာပြီဆိုရင် ရှင်ပြုရဟန်းခံ လူမှုရေးအခမ်းနားတွေနဲ့ စည်ကားနေတဲ့ အချိန်ကာလဖြစ်ပေမဲ့ အခုလို ခွင့်ပြုချက်တင်ရမယ်လို့ စတင်သတ်မှတ်တဲ့အချိန်ကစပြီး လူတွေ တိတ်ဆိတ်ငြိမ်သက်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြားမှာလည်း ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ထားပြီး ည ၆ နာရီကနေ မနက် ၆ နာရီအထိ သွားလာခွင့် ကန့်သတ်ထားပါတယ်။