ရန်ကုန်ကနေ မန္တလေးကို ရန်ကုန်ဘူတာကြီးကနေ ညနေ ၅ နာရီ ၄၅ မိနစ်မှာ ထွက်လာတဲ့ ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်ရထား ဒီကနေ့ မတ်လ ၂၂ ရက် ဒီနေ့ မနက်အစောပိုင်း ၀ နာရီ ၅၀ မိနစ်က ပဲခူးတိုင်း အုတ်တွင်းမြို့မှာ ဗုံးပေါက်ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ပို့ဆောင်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အမှတ် ၃ အဆန်ရထားဟာ ဒီနေ့ မနက်အစောပိုင်း တစ်နာရီဝန်းကျင်က ဇေယျဝတီဘူတာနဲ့ ညောင်ခြေထောက် ဘူတာကြားမှာ ဗုံးပေါက်ခဲ့တာ ဖြစ်တယ်လို့ ပို့ဆောင်ဆက်သွယ်ရေးနဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဖုန်းသတင်းအရတော့ ဘယ်လိုပေါက်လဲမသိဘူး။ နှစ်ဦးဒဏ်ရာရတယ်။ ဆေးရုံကိုပို့ပြီး အဲဒီနားတဝိုက်ကို စစ်တပ်က စစ်နေတယ်။ ရထားကတော့ မန္တလေးကို ထွက်သွားပြီလို့ သိရတယ်”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရထားပေါ်မှာ ခရီးသည်နှစ်ဦး အမျိုးသားနှစ်ဦး ဒဏ်ရာရှိပြီး အုတ်တွင်းမြို့နယ်မှ လူနာတင်ယာဥ်တွေနဲ့ ကျွဲပွဲတိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“အုတ်တွင်းမြို့နယ်ဆိုပေမဲ့ ကျွဲပွဲအပိုင်ထဲမှာ ဖြစ်တာ။ အခု ခမရ ၄၀၄ ရော အုတ်တွင်းက ရဲတွေရော ရထားရဲရော စစ်ဆေးနေတယ်။ ရထားလည်း ပျက်စီးတာတွေရှိတယ်။ ဗုံးစမှန်တဲ့ နှစ်ဦးလည်း စိုးရိမ်ရတယ်”လို့ ပြောပါတယ်။
လက်တလောမှာ ခမရ ၄၀၄ မှ စစ်ကောင်စီတပ်၊ အုတ်တွင်းမြို့နယ် ရဲတပ်နဲ့ ရထားရဲတွေဟာ ကျွဲပွဲ၊ ညောင်ခြေထောက်၊ အိုးဖိုကုန်းနဲ့ ညောင်လွှင့်ကျေးရွာဘက်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။