ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ မတ်လ ၂၁ ရက်က မြို့ပေါ် စီတာပူရပ်ကွက်နဲ့ ငွေပျော်စံပြကျေးရွာမှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
စီတာပူရပ်ကွက် ဂျပန်လမ်းရှိ နေအိမ်တလုံးမှာ အမှိုက်မီးရှို့ရာက နေအိမ်ကို ကူးစက်လောင်ကျွမ်းခဲ့ပြီး နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စီတာပူရပ်ကွက်မှာ နေထိုင်သူတဦးက “ည ၇ နာရီလောက်က လောင်တာ။ အမှိုက်မီးရှို့ပြီး ထားသွားရာကနေ သွပ်မိုးထရံကာ နေအိမ်ကို ကူးစက်လောင်ကျွမ်းတာ။ ဘေးနားက အိမ်တလုံးလည်း ပါသွားတယ်။ မီးသတ်ကားတွေနဲ့ ပြည်သူတွေနဲ့ ဝိုင်းငြှိမ်းလိုက်ရတယ်”လို့ ပြောပါတယ်။
စီတာပူရပ်ကွက်မှာ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့တဲ့အပြင် ငွေပျော်စံပြကျေးရွာမှာလည်း မီးဖိုမီးက စတင်လောင်ကျွမ်းကာ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးပြီး အဘိုးအိုတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ငွေပျော်စံပြကျေးရွာနေ အမျိုးသားတဦးက “ည ၁၀ နာရီကျော်လောက် စလောင်တာ။ အိမ်မှာကလည်း အဘိုးကြီး အဘွားကြီး နှစ်ဦးပဲနေတာ။ အိမ်မှာကလည်း မိုးတွင်းအတွက် ထင်းတွေရှိနေတော့ မီးဖိုကနေ စလောင်တယ်။ အဘိုးကြီးက မီးငြှိမ်းသတ်ရင်းနဲ့ ကျောကုန်းမှာ ဒဏ်ရာရသွားတယ်။ အိမ်နှစ်လုံးကတော့ မီးလောင်သွားတယ်” လို့ပြောပါတယ်။
ငွေပျော်စံပြကျေးရွာမှာ မီးလောင်ခဲ့တဲ့ နေအိမ်နှစ်လုံးက မိသားစုဝင်တွေကို နီးစပ်ရာ ဆွေမျိုးသားချင်းတွေအိမ်မှာ နေရာချထားကြောင်း သိရပါတယ်။