Home
မြန်မာသတင်း
ပူတာအိုခရိုင်ရှိ ရေခဲတောင်များ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပိုများလာ
DVB
·
March 22, 2023

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ရေခဲတောင် ခရီးသွား ဧည့်သည်တွေနဲ့  ခရီးသွား လုပ်ငန်း ကုမ္ပဏီအချို့ လုပ်ရပ်ကြောင့် ရေခဲတောင်ဒေသ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု များလာတယ်လို့ သိရပါတယ်။

ခရီးသွားဧည့်သည်တွေနဲ့ ခရီးသွားဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေဟာ အမှိုက်တွေ စနစ်တကျ မစွန့်ပစ်တာ၊ သစ်ပင် သစ်ခေါက်တွေခွာပြီး အမည်ထိုးတာ၊ တံဆိပ်ရိုက်နှိပ်တာ၊ သစ်ပင်တွေ ခုတ်လှဲပြီး ထင်းမီးအဖြစ် အသုံးပြုတာတွေ ပြုလုပ်နေကြတယ်လို့ တောင်တက် ဝါသနာရှင်တွေက ပြောပါတယ်။

“ခရီးသွားဧည့်သည်တွေနဲ့ ဝန်ဆောင်မှုပေးတဲ့ အချို့ကုမ္ပဏီတွေက  တောင်ပေါ်မှာ အမှိုက်ကို စနစ်တကျ စွန့်ပစ်တာမရှိဘူး။ ထင်းအဖြစ် သစ်ပင် သစ်ကိုင်းတွေ ခုတ်လှဲတာရှိတယ်။ သစ်ခေါက်တွေခွာပြီး နာမည်တွေ ဆော့ပန် ကော်ရရှင်ပန်တွေနဲ့ ရေးတာတွေ ရှိတယ်။ ခု နောက်ဆုံး ဘယ်လောက်ထိ ဆိုးလာလဲဆိုရင် သစ်ပင်တွေကို အခေါက်ခွာပြီး ကြေးပြားနဲ့ ကမ္ပည်းထိုးတဲ့အထိကို ဖြစ်လာတာ။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေအတွက်တော့ ရင်နာစရာပါပဲ” လို့ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူ ရေခဲတောင်တက်သမားတဦးက ပြောပါတယ်။

ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်မှာ ရှိတဲ့ ထင်းရှူးပင်အခေါက်များခွာပြီး  ကြေးပြားနဲ့ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီကြော်ငြာ  ရိုက်နှိပ်ထားခဲ့တဲ့ ဓာတ်ပုံဟာ အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာတဲ့အတွက်  သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေအကြား ဝေဖန်မှု မြင့်တက်လာနေတာပါ။

“ဖုန်ကန်ရာဇီရေခဲတောင်ထိပ်က ထင်းရှူးပင်လေးတွေ အခေါက်ကို ခွာပြီး ကုမ္ပဏီအမည်နဲ့ တောင်တက်သမားအမည်တွေ ရေးထားတဲ့ ကြေးပြားတပ်ဆင်ထားတာ တွေ့ရတယ်။ ဘယ်လိုမှ မဖြစ်သင့်တဲ့ အခြေအနေပါ။ ရေခဲတောင်တက်တယ်ဆိုတာ သဘာဝပတ်ဝန်းကျင်ကို အတော်လေး ချစ်မြတ်နိုးလို့ အပင်ပန်း အဆင်းရဲခံပြီး တက်ရတဲ့ အနေအထားရှိတယ်။ တက်တဲ့သူတွေ အနေနဲ့လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားသင့်တယ်။ ခုဟာက ခရီးသွား ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ကိုယ်တိုင်က သဘာဝပတ်ဝန်းကျင် ထိခိုက်စေမယ့် ကိစ္စလုပ်လိုက်တဲ့အတွက် အဆိုးဆုံးအခြေအနေ ဖြစ်သွားပြီ" လို့ ဖုန်ကန်ရာဇီရေခဲတောင် တက်ခဲ့ဖူးသူ အမျိုးသားတဦးက ပြောပါတယ်။

ကုမ္ပဏီအမည်နဲ့ တောင်တက်ဝါသနာရှင်တွေ အမည်ရိုက်နှိပ်ထားတဲ့ ကြေးပြားအား ပြန်လည် ခွာခဲ့ရင်လည်း သစ်ခေါက်ခွာခံခဲ့ရတဲ့ ထင်ရူးပင်တွေ  ဆက်လက် ရှင်သန်ဖို့ ခက်ခဲလာမယ်လို့ သိရပါတယ်။

"ရေခဲတွေဖုံးနေတဲ့တောင်ပေါ်မှာ သစ်ပင်တပင် ဖြစ်ဖို့က အတော်ခက်ခဲတယ်။ ကျနော်သိရသလောက် ရေခဲပြင်ပေါ်ကနေ ထပ်ပြီး အပင်အသစ် ထပ်ပေါက်လာတာ  မတွေ့ရသလောက်ပဲ။  ပြင်းထန်တဲ့ ရာသီဥတုဒဏ်လည်းခံရတယ်။ လူတွေရဲ့ မဆင်မခြင် လုပ်ရပ်တွေကိုလည်း ခံရတယ်။ ရေခဲတောင်ပေါ်က သစ်ခေါက်ခွာခံခဲ့ရတဲ့ သစ်ပင်လေးတွေဆို ရှင်သန်ဖို့ အတော်လေး ခက်ခဲလာမယ်။ အဲ့ဒီလိုတွေသာ ဆက်လုပ်နေမယ်ဆို ကျနော်တို့ချစ်တဲ့ သဘာဝပတ်ဝန်းကျင်ကြီး ဒီထက်ပိုပျက်စီးလာလိမ့်မယ်" လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း လုပ်ဆောင်ပြီး ဖုန်ကန်ရာဇီ ရေခဲတောင်တက်ခဲ့သူ အမျိုးသားတဦးက ပြောပါတယ်။

ရေခဲတောင်တွေမှာ ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေ ပေါများလာတာ၊ သစ်ပင်တွေ ခုတ်ခံရပြီး ထင်းအဖြစ် အသုံးပြုခံရတာတွေဟာ ခရီသွားဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ဦးဆောင်သူတွေရဲ့ စီစဉ် ညွှန်ကြားမှုပေါ်မှာ မူတည်တယ်လို့  ရေခဲတောင် ခရီးသွားဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ တာဝန်ရှိသူ တဦးက ပြောပါတယ်။

"အဓိက ကတော့ဗျာ ရေခဲတောင်တက်တယ်ဆိုတာ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးလို့ အပင်ပန်းခံပြီး လာတဲ့သူတွေချည်ပဲ။ လူမျိုးစုံပါမှာပဲ။ အဲ့ဒီသူတွေကို ကျနော်တို့တွေက ရှောင်ရန် ဆောင်ရန်တွေ ကြိုတင်မှာကြားရမယ်။  သဘာဝပတ်ဝန်းကျင် မပျက်စီးဖို့ စွန့်ပစ်အမှိုက်တွေ စနစ်တကျ စွန့်ပစ်ဖို့ အထူးတလည်မှာကြားရမယ်။ စွန့်ပစ်ခဲ့ရင်တောင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီအနေနဲ့ ပြန်လည်သန့်ရှင်းရေး လုပ်ပေးခဲ့သင့်တယ်။ အဓိကကတော့ ကုမ္ပဏီက ဦးဆောင်သူတွေအနေနဲ့ ခရီးသွားတွေကို သဘာဝပတ်ဝန်းကျင် မပျက်စီး မထိခိုက်အောင် အသိပညာတွေ ပေးသင့်တယ်။"

ပူတာအိုဒေသမှာ ရေခဲတောင်တက်ခရီးစဉ် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ငါးခုထက်မနည်းရှိပြီး  ခရီးသွားအများဆုံးလာတာဟာ ဖေဖော်ဝါရီလမှ မေလအတွင်းဖြစ်ကာ ၂၀၂၃ ခုနှစ် ဇန်န၀ါရီမှ မတ်လအထိ ခရီးသွား အယောက် ၃၀၀ ထက်မနည်း ဖုန်ကန်ရာဇီရေခဲတောင် လာတက်ခဲ့ကြတယ်လို့ ခရီးသွားဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024