Friday, June 9, 2023
HomeLead Storyထိုင်းလွှတ်တော် ဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲအတွက် ပါတီများ ပြင်ဆင်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သမီး ရေပန်းစားမှု မြင့်တက်လာ

ထိုင်းလွှတ်တော် ဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲအတွက် ပါတီများ ပြင်ဆင်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏သမီး ရေပန်းစားမှု မြင့်တက်လာ

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအတွက် အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီးနောက် စစ်တပ်က ကျောထောက်နောက်ခံပြုထူထောင်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆယ်စုနှစ် နှစ်ခုကြာ နိုင်ငံရေး လှုပ်ရှားမှုတွေအကြား ကာလရှည်ကြာ အာဏာလွန်ဆွဲပွဲကို ပြန်လည်စတင်တော့မှာလည်း ဖြစ်ပါတယ်။

အောက်လွှတ်တော်ကို ဖျက်သိမ်းကြောင်း ထိုင်းဘုရင်ကြီးဝဇီရာလောင်ကွန်းက လက်မှတ်ရေးထိုးပြီး မတ်လ ၂၀ ရက်နေ့စွဲနဲ့ ပြန်တမ်းဝင်ထုတ်ပြန်ခဲ့တဲ့နောက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစည်းမျဉ်းအရ လွှတ်တော်ဖျက်သိမ်းပြီး အစောဆုံး ၄၅ ရက် နောက်အကျဆုံး ၆၀ ရက်အတွင်း ရွေးကောက်ပွဲကျင်းပရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းအရ အောက်လွှတ်တော် ရုပ်သိမ်းပြီးတဲ့နောက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့  ၅ ရက်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက်နဲ့ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ရမယ့်နေ့ရက်ကို ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။

အဲဒီနောက် လွှတ်တော်အမတ်တွေဟာ ရက်ပေါင်း ၃၀ အတွင်း မိမိနှစ်သက်ရာပါတီကို ရွှေ့ပြောင်းတာ၊ ရွေးကောက်ပွဲကော်မရှင်က ၅ ရက်အတွင်း ကိုယ်စားလှယ်လောင်းအမည် စာရင်းတွေ လက်ခံတာ၊ ၇ ရက်အတွင်း ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအမည်တွေ ထုတ်ပြန်ကြေညာတာတွေ လုပ်ရမှာပါ။ 

ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ရွေးကောက်ပွဲကော်မရှင်က တရားဝင် မကြေညာသေးပေမဲ့  ထိုင်းဝါရင့်နိုင်ငံရေးသမားတွေရဲ့ ခန့်မှန်းချက်အရ ဒီလ ၂၇ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် ထုတ်ပြန်ဖွယ်ရှိပြီး မေလ ၇ ရက်နေ့မှာ ကြိုတင်မဲပေးတာ၊ မေလ ၁၄ ရက် နေ့မှာ ပြည်လုံးကျွတ် မဲဆန္ဒပွဲပေးကျင်းပတာတွေ လုပ်နိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ခန့်မှန်းရေးသားနေကြပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေးပါတီပေါင်း ၁၉ ပါတီရှိပြီး အခုအချိန်ဟာ ထိုင်းနိုင်ငံရေးသမိုင်းမှာ ပါတီအများဆုံးကာလ ဖြစ်ပါတယ်။ 

လွှတ်တော်မဖျက်သိမ်းခင်ကတည်းက နိုင်ငံရေးပါတီတွေ စည်းရုံးရေးဆင်းနေကြပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့သမီး ဖဲထောင်းထန်း ဦးဆောင်တဲ့ ဖွေ့ထိုင်း (ရှပ်နီ)ပါတီ၊ ထိုင်းနိုင်ငံရေးသက်တမ်းအရင့်ဆုံးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ၊ လူငယ်တွေကြား ရေပန်းစားတဲ့ Move Forward ပါတီ၊ စစ်တပ်ဘက်က ခေါင်းဆောင်တွေ အများဆုံးပါတဲ့ လက်ရှိအာဏာ ဖလန်းပချားရတ်ပါတီ၊ ဝန်ကြီးချုပ်ပရာယုဒ်ကျန်အိုးချား မကြာသေးခင်ကမှ ဘက်ပြောင်းသွားတဲ့ United Thai Nation Party လုမ့်ထိုင်းဆန့်ချတ်ပါတီ၊ ကျန်းမာရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ် အနုထင်းချန်းဝီရကွန်း ဦးဆောင်သေတဲ့ ဖုမ်းကျိုင်ထိုင်းပါတီတွေဟာ အင်တိုက်အားတိုက် စည်းရုံးနေကြပါတယ်။  ရှပ်နီပါတီအနေနဲ့ အမတ်နေရာ ၃၁၀ ရဖို့နဲ့ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ဖို့ရည်မှန်းထားပါတယ်။

လက်ရှိတရားရေးဝန်ကြီး နိုင်းဆုမ်ဆဒ်က ရှပ်နီပါတီဘက်ဝ င်ရောက်သွားပြီး ရှပ်နီပါတီမှ ၉၉ ရာခိုင်နှုန်း အနိုင်ရနိုင်ခြေရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ သူဟာ PPP ပါတီ အစိုးရမဖြစ်ခင်ကလည်း PPP ပါတီသာ အနိုင်ရမယ်လို့ ခန့်မှန်းသူဖြစ်ပါတယ်။ 

ဒါပေမဲ့ စစ်တပ်က ခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ကတော့ နဂိုအတိုင်းရှိနေဆဲမို့ မလွယ်လောက်ဘူးလို့ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။  လက်ရှိလွှတ်တော်ထဲမှာ အောက်လွှတ်တော်အမတ် ၃၉၃ ဦး ရှိပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အငယ်ဆုံးသမီးဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ရဲ့ တူမ  ဖဲထောင်းထန်းရှင်နာဝပ်ဟာ လူထုသဘောထားစစ်တမ်းတွေမှာ ဝန်ကြီးချုပ် ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားနေပြီး သီတင်းပတ်ကုန်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာ လူထုထောက်ခံမှု ၁၀ မှတ်ကနေ ၃၈ ဒသမ ၂ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပါတယ်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှု တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်း (NIDA) အရ ၂၀၁၄ ခုနှစ်မှာ ဖွေ့ထိုင်းအစိုးရကို အာဏာသိမ်းလိုက်ပြီးကတည်းက အာဏာရယူခဲ့တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ၁၅ ဒသမ ၆၅ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချား ကတော့ “ဒီကနေ့ အစိုးရရရော အရင်အစိုးရတွေရောကို တိုင်းပြည်အတွက် ဝင်ငွေကောင်းအောင်၊ ခိုင်မာအားကောင်းတဲ့ စက်မှုလုပ်ငန်းတွေကို တည်ဆောက်နိုင်ခဲ့လို့ ဝမ်းသာမိကြောင်း” အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောသွားပါတယ်။

အခုထိ ပူးပေါင်းဆောင်ရွက်မှုအတွက် ညွန့်ပေါင်းပါတီတွေကို ကျေးဇူးတင်ရှိကြောင်းနဲ့ ပါတီတခုချင်းစီက အစပြုခဲ့တဲ့ မူဝါဒတွေ အကုန်လုံးကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ကျေနပ်မှု ရှိ မရှိကိုတော့ ပြည်သူတွေကို မေးရမှာဖြစ်ပြီး သူတို့ အသိအမှတ်ပြုမပြုတော့ မသိဘူးလို့လည်း ပရာယွတ်က ပြောသွားပါတယ်။

ဝန်ကြီးချုပ် ပရာယုဒ် အနေနဲ့ အမတ်လောင်းအဖြစ် ဒါမှမဟုတ် ဝန်ကြီးချုပ်အဖြစ် ပြန်ပြီးအရွေးခံဦးမှာလားလို့ သတင်းထောက်တွေက မေးရာမှာ သူက သူတို့ ပါတီရဲ့ တာဝန်ပေးအပ်မှုပေါ် မူတည်တယ်လို့ ဖြေကြားခဲ့ပါတယ်။

သူ ဝန်ကြီးချုပ်သက်တမ်းအတွင်း တိုင်းပြည်နဲ့လူမျိုးအတွက် အတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြတဲ့ လွှတ်တော်အမတ်အားလုံး၊ လုပ်ဖော်ကိုင်ဘက်အားလုံးကို ကျေးဇူးတင်ကြောင်း၊ လုပ်ရင်းကိုင်ရင်း အငြင်းအခုံတချို့ ရှိခဲ့ပေမယ့် ဘယ်သူ့ကိုမှာ အာဃာတမထား၊ ရန်သူလို့ သဘောမထားကြောင်း၊ အလားတူ မီဒီယာသမားတွေ သတင်းထောက်တွေကိုလည်း ကျေးဇူးတင်ကြောင်း၊ အပြောအဆိုမှာ မာကျောသွားတာတွေ ရှိခဲ့ပေမဲ့ သတင်းထောက်တွေကို မမုန်းဘူး၊ သတင်းထောက်တွေကို ချစ်တယ်ဆိုပြီး အစိုးရ အိမ်တော်ရှေ့မှာ မီနီဟတ်အသည်းပုံတွေနဲ့ ဓာတ်ပုံတူတူရိုက်ခဲ့ကြပါတယ်။

ဒီကနေ့ မတ်လ ၂၁ ရက်နေ့ဟာ ဝန်ကြီးချုပ်ပရာယုဒ် ကျန်အိုးချားရဲ့ ၆၉ နှစ်မြောက် မွေးနေ့ဖြစ်ပြီး ထိုင်းဘုရင်နဲ့ မိဖုရားကြီးတို့ကလည်း ဝန်ကြီးချုပ်မွေးနေ့အထိမ်းအမှတ် အခမ်းအနားနဲ့ ဆုတောင်းပေးခဲ့ပါတယ်။

Source – Tha Nation TV , PPTVHD36 , Top News

RELATED ARTICLES
- Advertisment -
Google search engine

Most Popular