Friday, June 9, 2023
HomeLead Story၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့ စတင်ကျောင်းအပ်လက်ခံမည်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့ စတင်ကျောင်းအပ်လက်ခံမည်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်ကောလိပ်တွေရဲ့  ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၃ ရက်(အင်္ဂါနေ့) က စတင်မယ်လို့   စစ်ကောင်စီရဲ့ ပညာရေးဌာနက သိရပါတယ်။

ကျောင်းအပ်နှံရေးသီတင်းပတ်ကို နှစ်စဉ် မေလနောက်ဆုံးပတ်ဖြစ်တဲ့ ၂၅ ရက်မှာ စတင်လေ့ ရှိပေမဲ့ လာမယ့်ပညာသင်နှစ်မှာတော့ ၂ ရက်စောကာ မေ ၂၃ ရက်ကနေ ၈ ရက်တိုင်တိုင် ကျောင်းအပ်လက်ခံမယ်လို့ဆိုပါတယ်။

လာမယ့်နှစ်မှာ ကျောင်းအပ်နှုန်းက အခုနှစ်ထက် ပိုများလာမှာနဲ့ ကျောင်းမဖွင့်နိုင်သေးတဲ့ နေရာတွေ ကျောင်းဖွင့်နိုင်ဖို့နဲ့ ကျောင်းအပ်နှုန်းတွေ ပိုတိုးလာဖို့ လမ်းညွှန်ထားတယ်လို့  စစ်ကောင်စီ ပညာရေးဌာနက တာဝန်ရှိသူ တဦးက ပြောပါတယ်။

လာမယ့်ပညာသင်နှစ်မှာ ယခုပညာသင်နှစ်မှာ တက်ရောက်တဲ့ ကျောင်းသားကျောင်းသူ ၇ သန်းကျော်ထက် ပိုမိုများပြားတဲ့ ကျောင်းသားကျောင်းသူအရေအတွက်ကို စစ်ကောင်စီက မျှော်မှန်းထားပါတယ်။

မေလမှာ Grade-12 နဲ့ Grade-9 စနစ်သစ် သင်ရိုးသစ်ဗဟိုအဆင့်သင်တန်းတွေကို တက္ကသိုလ်တွေက ပါမောက္ခ၊ တွဲဖက်ပါမောက္ခတွေက တက်ရောက်ကြရမှာဖြစ်ပြီး သင်တန်းပြီးပါက တက္ကသိုလ်အလိုက် သတ်မှတ်ထားတဲ့ခရိုင်၊ မြို့နယ်တွေက အခြေခံပညာ အထက်တန်းပြ ဆရာ၊ ဆရာမတွေကို ဆင့်ပွားပို့ချသင်ကြားပေးဖို့ စီစဉ်ထားပါတယ်။

အဆင့်မြင့်ပညာ တက္ကသိုလ်တွေမှာလည်း ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား/ ကျောင်းသူ တွေအနေနဲ့ ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က စတင်ကာ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေကို ဆက်သွယ်သတင်းပေးပို့ဖို့နဲ့ ဒုတိယနှစ်နဲ့ အထက် ကျောင်းသား/ကျောင်းသူ တွေဟာ မေ ၂၃ ရက်ကစပြီး ကျောင်းအပ် လက်ခံဖို့ လျာထားတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံကျောင်းသားကျောင်းသူတွေကို ထောက်ရှုသောအားဖြင့် စစ်ကောင်စီအလိုကျ ပြန်ဖွင့်တဲ့ ကျောင်းတွေကို မတက်ကြဘဲ CDMလုပ်ကြဖို့နဲ့ စစ်ကျွန်ပညာရေးကို ဆက်ပြီးသပိတ်မှောက်ကြဖို့ ကျောင်းသားများသမဂ္ဂက တိုက်တွန်းတောင်းဆိုထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular