လာမယ့် မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလ အများပြည်သူ အလုပ်ပိတ်ရက်မတိုင်ခင်မှာ ရန်ကုန်နဲ့ နယ်မြို့တွေကို ပြေးဆွဲတဲ့ အဝေးပြေးကားလက်မှတ်ခတွေ ဝယ်ယူဖို့ အခက်အခဲ ရှိနေသလို အငှားကားခတွေပါ ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။
ဧပြီ ၁၃ မှာ မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော်စတင်မှာ ဖြစ်ပြီး သင်္ကြန်ပိတ်ရက်တွေကိုတော့ မတ်လ ပထမပတ်အပြီး စတင်သွားမှာပါ။
ဒါပေမဲ့ ရန်ကုန်ကနေ နယ်မြို့အသီးသီးကို နေရပ်ပြန်မယ့် အလုပ်သမားတွေကတော့ အိမ်ပြန်ဖို့ ကားလက်မှတ်ဝယ်ယူဖို့ အခုချိန်ကတည်းက အခက်အခဲ ရှိနေတာဖြစ်ပြီး အငှားကားခတွေပါ ဈေးတွေ တက်လာတယ်လို့ ဆိုပါတယ်။
နေပြည်တော်ကနေ ရန်ကုန်မှာ လာရောက်အလုပ်လုပ်ကိုင်နေသူ တဦးက “ပိတ်ရက်ပြန်ဖို့ ကားလက်မှတ်ဝယ်ဖို့ သွားမေးတာ ပြည့်နေတယ်ပြောတယ်။ အဲဒါနဲ့ လူစုပြီး ကားငှားပြန်မယ်ဆို တော့လည်း ကားခက အရင်တစ်ယောက် နှစ်သောင်းခွဲ၊ သုံးသောင်းက အခု ငါးသောင်း၊ ခြောက်သောင်း ဖြစ်နေပြီ။ ပိတ်ရက်ကျမှပဲ တွေ့တဲ့ကားတက်စီးပြီး ပြန်တော့မယ်လို့ တွေးထားတယ်” လို့ ပြောပါတယ်။
ရန်ကုန်-နေပြည်တော် အဝေးပြေးကားလက်မှတ်ခဟာ တစ်စောင်ကို နှစ်သောင်းခန့်ရှိနေပြီး လူ ၆ ယောက်ဆံ့ ကားလေး တစ်စီးမှာတော့ တယောက်ကို သုံးသောင်းခန့်ကနေ လက်ရှိအချိန်မှာ လေး၊ ငါးသောင်းခန့်အထိ ပေါက်နေတယ်လို့လည်း သိရပါတယ်။
သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပဖို့ စစ်ကောင်စီက ကြိုးပမ်းနေပြီး တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီ စီစဉ်တဲ့ ပွဲတော်တွေမှာ ပူးပေါင်းပါဝင်တာ မလုပ်ကြဖို့ ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။