ဘရာဇီး-ခရိုအေးရှားပွဲ သုံးသပ်ချက်

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲကို ဇွန် ၁၃ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၃ နာရီခွဲမှာ စတင် ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပြီး အိမ်ရှင် ဘရာဇီးအသင်းနဲ့ ခရိုအေးရှားအသင်းတို့ ပွဲဦးထွက် ကစားမှာ ဖြစ်ပါတယ်။ ဒီ ၂ သင်းရဲ့ ကမ္ဘာ့ဖလားအစဉ်အလာနဲ့ အိမ်ရှင်အားသာချက်တွေ ကြည့်ရင် ဘရာဇီးပဲ အနိုင်ရမယ်လို့ တွက်ဆကြည့်လို့ ရပါတယ်။ Match Brazil and Croatiaဘရာဇီးဟာ ကမ္ဘာ့ဖလားကို ၅ ကြိမ်တိုင် ရရှိခဲ့ဖူးတဲ့အသင်း ဖြစ်ပြီး ဒီနှစ်မှာ ၆ ကြိမ်မြောက် ရရှိဖို့ ပစ်မှတ်ထား ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ခရိုအေးရှားအသင်းကတော့ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက ၁ ကြိမ် အမြင့်ဆုံး ဆီမီးဖိုင်နယ် တက်ခဲ့ဖူးတဲ့အသင်း ဖြစ်ပါတယ်။ ရန်ကုန်အခြေစိုက် အားကစားဂျာနယ် အယ်ဒီတာဖြစ်တဲ့ ဦးစိုးညီက ဘရာဇီး နိုင်မယ် ဂိုးပြတ်မယ်တော့ မထင်ဘူးလို့ သုံးသပ်ပါတယ်။ “ဘရာဇီးအသင်း ကမ္ဘာ့ဖလား ကန်ခဲ့တဲ့ ယခင်ပွဲစဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် ဘရာဇီးက ပထမဆုံးပွဲတွေကို တော်တော်လေးကို သတိထားပြီး ကစားလေ့ ရှိတယ်။ ဂိုးပြတ်ဖို့ ဆိုတာထက် သူတို့ အနိုင်ရဖို့ပဲ ဦးတည်တာမျိုးတွေ ရှိတယ်။ ဂိုးမပြတ်ပဲနဲ့ အနိုင်ရသွားတာတွေက ပိုများပါတယ်။ ဒီပွဲမှာလည်း ဘရာဇီးက ဂိုးပြတ်ဖို့ကို သိပ်အာရုံစိုက်မယ် မထင်ဘူး။ ၃ မှတ်ပြည့်ဖို့ကိုပဲ အာရုံစိုက်မယ်ထင်ပါတယ်။” မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဦးမျိုးလှိုင်ဝင်း ကလည်း ဘရာဇီးပဲ နိုင်မယ်လို့ ပြောပါတယ်။ “ဘရာဇီးက ဟိုးအရင် ခေတ်အဆက်ဆက်က ကမ္ဘာ့ဖလားမှာလည်း အောင်မြင်တဲ့ အသင်းတသင်းလေ။ နှစ်တိုင်းလိုလို ကမ္ဘာ့ဖလားပွဲတွေမှာ အောင်မြင်မှုတွေ ရနေတဲ့ အသင်း။ နောက်ပြီးတော့ လက်ရှိ ကစားသမားအင်အားကို ယှဉ်ကြည့်မယ်ဆိုရင်လည်း တကယ့် ထွန်းတောက်နေတဲ့ ကစားသမားအများစု ပေါ်ထွက်နေတဲ့ ဘရာဇီးအသင်းပေါ့လေ။ လက်ရှိမှာလည်း အသင်းကောင်းတသင်းဆိုတော့ နောက်တချက်က သူတို့အနေနဲ့ ဒီနှစ်မှာ အိမ်ရှင်အတွက် အခွင့်အရေးလည်း ရထားတဲ့ အသင်းဖြစ်တဲ့အတွက်ကြောင့် အဖွင့်ပွဲစဉ်မှာ ဘရာဇီးအသင်းက သူချန်ပီယံဖြစ်ဖို့ဆိုရင် အဖွင့်ပွဲစဉ်ကစပြီး သက်တောင့်သက်သာနဲ့ အနိုင်ကစားလိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်လည်း ဘရာဇီးပဲ နိုင်မယ်လို့ ထင်ပါတယ်။” ဘရာဇီးအသင်းမှာ ဒဏ်ရာရ ဘောလုံးသမား ကင်းစင်ပြီး ခရိုအေးရှားမှာတော့ တိုက်စစ်မှူး မန်ဇူကစ် ဒဏ်ရာကြောင့် မကစားနိုင်ပါဘူး။ မြန်မာဘောလုံးပရိသတ်တွေနဲ့ ရင်းနှီးပြီးဖြစ်တဲ့ ဘရာဇီးက နေမာနဲ့ အော်စကာတို့ ခရိုအေးရှားက မိုဒရစ်တို့ ကစားကြပုံတွေ စောင့်မျှော်ကြည့်ရှုကြရအောင်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up