အယ်ကိုင်ဒါအဖွဲ့ခွဲတခု အီရတ်နိုင်ငံ တီကရစ်မြို့ကို သိမ်းပိုက်

အယ်ကိုင်ဒါအဖွဲ့ခွဲတခုဖြစ်တဲ့ အိုင်အက်စ်အိုင်အယ်လ်(ISIL)တပ်တွေ အီရတ်နိုင်ငံ မြောက်ပိုင်းက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မိုဆူးလ်မြို့ကို သိမ်းပိုက်ပြီးနောက်တရက်မှာ ဘဂ္ဂဒက်မြို့မြောက်ဘက်က တီကရစ် (Tikrit) ကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က ဆက်လက် သိမ်းပိုက်ခဲ့ကြပါတယ်။ Iraqiတီကရစ်မြို့မှာ အီရတ်နိုင်ငံရဲ့ အကြီးဆုံးရေနံချက်စက်ရုံရှိပြီး အိုင်အက်စ်အိုင်အယ်လ် တပ်တွေရဲ့ တိုက်ခိုက်ခံနေရပါတယ်။ အိုင်အက်စ်အိုင်အယ်လ်တပ်တွေက မိုဆူးလ်မြို့မှာရှိတဲ့ တူရကီသံရုံးကိုလည်း ၀င်ရောက် စီးနင်းခဲ့ပြီး သံရုံးဝန်ထမ်းတွေ အားလုံးကို ဖမ်းဆီးထားတယ်လို့ တူရကီအစိုးရက ဆိုပါတယ်။ အမေရိကန်တပ်တွေ အီရတ်နိုင်ငံက ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း အိုင်အက်စ်အိုင်အယ်လ်တပ်တွေ အီရတ်နိုင်ငံရဲ့ အဓိကမြို့တွေကို ဒီနှစ်ဆန်းပိုင်းကတည်းက သိမ်းပိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အိုင်အက်စ်အိုင်အယ်လ်တပ်တွေကို လေကြောင်းက ကူညီတိုက်ခိုက်ပေးဖို့ အီရတ်ဝန်ကြီးချုပ် နူးရ်အယ်လ်မာလီကီက အမေရိကန်နိုင်ငံကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အမေရိကန်အစိုးရက ဒီအရေးမှာ ပါဝင်ဖို့ ငြင်းဆန်ထားပါတယ်။ မိုဆူးလ်မြို့ သိမ်းပိုက်ခံရအပြီး မြို့ခံ ၅ သိန်းလောက်ဟာ နီးစပ်ရာပြည်နယ်တွေမှာ ပြောင်းရွှေ့ခိုလှုံနေကြပြီး အများစုဟာ ကာဒစ္စတန်ဒေသမှာ ၀င်ရောက်ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။ တီကရစ်မြို့ထဲကို အိုင်အက်စ်အိုင်အယ်လ်တပ်တွေ ဇွန် ၁၁ ရက်နေ့က ကားအစီး ၆၀ ကျော်နဲ့ ၀င်ရောက်လာခဲ့ကြတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။ တီကရစ်မြို့ဟာ ယခင် အီရတ်နိုင်ငံသမ္မတ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး ဆက်ဒမ်ဟူစိန်ရဲ့ ဇာတိမြို့ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံလောက် အကုန်အကျခံပြီး သင်တန်းပေး ထောက်ပံ့ပေးထားတဲ့ အီရတ်စစ်တပ်ဟာ အိုင်အက်စ်အိုင်အယ်လ်တပ်တွေကို မယှဉ်နိုင်တာကြောင့် အခုလို အီရတ်မြောက်ပိုင်းက အဓိကမြို့ကြီးတွေ ကျဆုံးနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up