Home
ဆောင်းပါး
အဆုံးသတ်တွင် ပိုမိုတရားမျှတ၊ ဒီမိုကရေစီအနှစ်သာရရှိသည့် မြန်မာပြည်ထောင်စု ပေါ်ပေါက်လာမည်ဟု နိုလင်းဟေဇာပြော
DVB
·
March 19, 2023

မြန်မာ့အရေးငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းကို ထောက်ပံ့ အားပေးမှာဖြစ်ပြီး နောက်ဆုံးမှာ ပိုမိုတရားမျှတဲ့၊ ဒီမိုကရေစီအနှစ်သာရရှိတဲ့ မြန်မာပြည်ထောင်စု ပေါ်ပေါက်လာ လိမ့်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြောလိုက်ပါတယ်။ 

မတ်လ ၁၆ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အစည်းအဝေးပြီးနောက် သတင်းထောက်တွေက မေးမြန်းရာမှာ နိုလင်းဟေဇာကပြောကြားလိုက်တာပါ။ 

အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ဟာ ထူးခြားထိရောက်မှုမရှိတာကြောင့် မြန်မာ့အရေးကို တခြားနည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့တာကို မြန်မာ့အရေးဟာ ဒေသတွင်းအဖွဲ့သို့မဟုတ် တစ်နိုင်ငံတည်းက ဖြေရှင်းလို့ရနိုင်တဲ့ ပြဿနာ မဟုတ်ဘဲ နိုင်ငံတကာက ဝိုင်းဝန်းကူညီဖြေရှင်းပေးဖို့လိုတယ်၊ မြန်မာနိုင်ငံသားတွေရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ရလဒ်ဖြစ်ဖို့ အရေးကြီးတယ်လို့  မစ္စနိုလင်းဟေဇာက ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

နောက်ထပ်သတင်းထောက်တစ်ယောက်က မြန်မာ့ပဋိပက္ခတွေထဲမှာ ဘယ်တစ်ခုက အရေးကြီးဆုံးဖြစ်ပြီး ဘယ်ပြဿနာတွေကို နိုင်ငံတကာက ဝိုင်းဝန်ကူညီဖြေရှင်းပေးနိုင်မလဲ မေးမြန်းတာကို လူမှုကူညီကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေသူတွေဆီကို အကူအညီတွေရောက်အောင်ပို့ဆောင်ဖို့အတွက် ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ အလှူရှင်တွေအနေနဲ့လည်း လိုအပ်သူတွေအလွယ်တကူ လာရောက်ဆက်သွယ်နိုင်အောင် ပြင်ဆင်ထားကြဖို့ တိုက်တွန်းသွားပါတယ်။ 

နောက်ထပ် သတင်းထောက်တစ်ဦဟကလည်း မြန်မာနိုင်ငံကို နောက်တစ်ကြိမ်ထပ်သွားဖို့ရှိမရှိ၊ NUG ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိမရှိမေးမြန်းခဲ့တာကို NUG ခေါင်းဆောင်တွေသာမက မှုကူညီရေးအဖွဲ့အစည်းတွေ အပါအဝင် ဒေသခံအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေပါ ထိတွေ့ဆက်ဆံမှုတွေရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တကယ်လို့ အပြောင်းအလဲတစ်ခုခုဖော်ဆောင်နိုင်ဖို့ရှိရင်တော့ မြန်မာနိုင်ငံကိုထပ်သွားမှာဖြစ်ပြီး အကျိုးမရှိဘဲနဲ့ ထပ်သွားဖို့ မရှိဘူးလို့ ပြောပါတယ်။

အဲဒီသတင်းထောက်ကပဲ  ဆက်လက်ပြီး မြန်မာ့အရေးကို ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ မဖြစ်နိုင်ဘူးလို့လည်းပြောသလို ငြိမ်းချမ်းစွာ အဖြေရှာရေးလုပ်ငန်းစဉ်တွေကိုလည်း ထောက်ပံ့အားပေးရမယ် ဆိုတာကြောင့် မြန်မာ့ပြဿနာအဖြေရှာရေး ရှေ့ခရီးစဉ်မှာ ဘယ်လိုတွေဖြစ်လာမလဲလို့ မေးမြန်းရာမှာ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးကို အားပေးထောက်ပံ့ရမှာ ဖြစ်သလို ပြည်သူတွေလိုလားတဲ့ ဆန္ဒအတိုင်းလဲ ဖြစ်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ အနာဂတ်မှာ ပိုပြီးရားမျှတတဲ့၊ ပိုပြီး ဒိမိုကရေစီအနှစ်သာရရှိတဲ့ မြန်မာပြည်ထောင်စု ပေါ်ပေါက်လာလိမ့်မယ်လို့ သူကပြောခဲ့ပါတယ်။

နိုင်လင်းဟေဇာနှင့် သတင်းထောက်များ၏အမေးအဖြေ  

သတင်းထောက်။ အရပ်သားတွေ ခေါင်းဖြတ်အသတ်ခံရတာတွေအပါအဝင် မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေပြီး မြန်မြန်ဆန်ဆန်အရေးယူဖို့ လိုအပ်နေတယ်လို့ မစ္စနိုလင်းဟေဇာက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေးအရချဉ်းကပ်တဲ့နေရာမှာလည်း အာဆီယံဟာ အခုဆိုရင် မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တာ နှစ်နှစ်ကျော်လာတဲ့အထိ ဘာမှထူးထူးခြားခြား တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးဆိုတော့ မြန်မာ့အရေးကို တခြားနည်းလမ်းနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလား။ မြန်မာစစ်အာဏာရှင်တွေအပေါ်မှာ လုံလောက်တဲ့ ဖိအားမပေးနိုင်သလို့ သူတို့ဘက်ကလည်း ပြောင်းလဲတိုးတက်ဖို့ ဆောင်ရွက်တာဘာမှမတွေ့ရဘူးလို့ တချို့ စောင့်ကြည့်သူတွေနဲ့ တချို့နိုင်ငံတွေကလည်း ပြောနေကြပါတယ်။

နိုလင်းဟေဇာ - “ကျေးဇူးတင်ပါတယ်။ ကျမတို့က မြန်မာ့အရေးမှာ အာဆီယံက ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ နိုင်ငံတကာက သဘောတူထားတာပါ။ မြန်မာ့အရေးမှာ အာဆီယံရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ၅ ချက်ကို အချိန်အကန့်အသတ်နဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်း ခိုင်ခိုင်မာမာနဲ့ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မလားဆိုတာကို ကျမတို့က စောင့်ကြည့်ပြီး မဖြစ်လာခဲ့ရင်လည်း ပိုမိုကြီးလေးတဲ့ အပြစ်ဒဏ်တွေနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။”

“ကျမနေပြည်တော်ကို သွားတဲ့အချိန်တုန်းကလည်း စစ်ကောင်စီရဲ့ ခေါင်းဆောင်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးနေတာတွေဟာ မလိုအပ်ဘဲ ချက်ချင်းရပ်တန့်လို့ရတဲ့ ကိစ္စတွေဖြစ်တယ်ဆိုတာ ကျမအလေးအနက်ပြောခဲ့ပါတယ်။ အာဆီယံကလည်း ဒီလုပ်ငန်းစဉ်တွေကို သူတဖွဲ့တည်း လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒေသအလိုက်ကြိုးပမ်းမှုပုံစံနဲ့ သွားရမှာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာ့အရေးဟာ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒအတိုင်း မြန်မာနိုင်ငံက ဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေဖြစ်ဖို့ အရေးကြီးပါတယ်။ ကျမတို့က ဒေသတွင်းနိုင်ငံတွေတင်မကဘဲ နိုင်ငံတကာက ပူးပေါင်းကူညီးဆောင်ရွက်ပေးဖို့လည်း လိုပါတယ်။ ဒီနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ချမှတ်နိုင်လိုက်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကျမတော်တော်လေး အားရပါတယ်။”

သတင်းထောက်။ ။ အခုချိန်မှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်တဲ့ ပြဿနာတွေ အများအပြားရှိနေမှာဖြစ်ပြီး အဲဒီထဲက ဘယ်ပြဿနာဟာ အမြန်ဆုံးဖြေရှင်းရမယ့် အရေးအကြီးဖြစ်ပြီး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဖြေရှင်းနိုင်မယ့် ပြဿနာကရော ဘာတွေ ဖြစ်နိုင်မလဲ။

နိုလင်းဟေဇာ။ “မြန်မာ့အရေးမှာ လူမှုကူညီကယ်ဆယ်ရေးတွေလည်း အမြောက်အမြား လိုအပ်နေတာဖြစ်ပါတယ်။ ဒီပြဿနာမှာ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေပါတယ်။ နိုင်ငံရေးကပ်ဆိုက်တာလည်းပါတယ်။ လူမှုကူညီကယ်ဆယ်ရေးလိုအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာတွေပါတယ်။ လူမှုရေးနဲ့ စီးပွားရေးပြဿနာတွေပါတယ်။  အဲဒါကြောင့် ကျမတို့ အခုလုပ်သင့်တာက လူမှုကူညီ ကယ်ဆယ်ရေးလိုအပ်နေတဲ့ နေရာတွေကို သိရအောင်လုပ်ပြီး လူမှုရေးကူညီမှုတွေ ရောက်အောင်ပေးပို့နိုင်ဖို့ဖြစ်တယ်။ အကူအညီလိုအပ်နေတဲ့ နေရာတွေဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေဖြစ်တာကြောင့် ကူညီထောက်ပံ့ရေးတွေ လိုအပ်နေသူတွေဆီ ရောက်ဖို့ အလွန်ခက်ခဲနေတာတွေကိုလည်း ကျမတို့ ကြားသိနေရပါတယ်။ ဒါကြောင့် သူတို့ဆီကို အဘက်ဘက်ကနေ နည်းလမ်းပေါင်းစုံနဲ့ အကူအညီတွေ ရောက်အောင်ပို့ပေးနိုင်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့လိုနေပါတယ်။ အလှူရှင်တွေဘက်ကလည်း သူတို့ဆီကို ဒေသခံအဖွဲ့အစည်းတွေကနေ ပိုပြီးတော့ အလွယ်တကူဆက်သွယ်နိုင်အောင် ဆောင်ရွက်ဖို့လိုပါတယ်။”

သတင်းထောက်။ မေးချင်တာတွေကတော့ ၁။ မစ္စနိုလင်းဟေဇာအနေနဲ့ မြန်မာနိုင်ငံကို နောက်တစ်ခေါက်သွားပြီး စစ်ကောင်စီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပါသလား။ ၂။ ပထမအကြိမ်သွားတုန်းက စစ်ကောင်စီနဲ့ တွေ့ခဲ့ပေမယ့် NUG အပါအဝင် ဘယ်အတိုက်အခံအဖွဲ့အစည်းနဲ့မှ တွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ NUG အပါအဝင် အတိုင်အခံအဖွဲ့အစည်းတွေနဲ့ လူသိရှင်ကြားတွေ့ဆုံဆွေးနွေးသွားဖို့ရှိပါသလား။  ၃။ အထွေထွေညီလာခံမှာ အစီရင်ခံစဉ်တုန်း မြန်မာနိုင်ငံမှာ နှစ်ဘက်လုံးက အင်အားသုံးပြီး အနိုင်ယူဖို့ ကြိုးစားနေကြတာဖြစ်လို့ ဆွေးနွေးညှိနှိုင်းမှုနဲ့ အဖြေရှာနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ အဲဒီနောက် ဆွေးနွေးညှိနှိုင်းပြီး ပဋိပက္ခတွေအဆုံးသတ်နိုင်ရေးကိုလည်း ဆောင်ရွက်နေတယ်ဆိုတော့ ရှေ့မှာ ဘယ်လိုတွေဆောင်ရွက်သွားဖို့ ရှိလဲဆိုတာ သိချင်ပါတယ်။

ဖြေ-နိုလင်းဟေဇာ။ “ဒုတိယမေးခွန်းကနေ စဖြေပါမယ်။ ကျမဒီတာဝန်ကို စပြီးယူရတဲ့ အချိန်ကနေစပြီး NUG ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိသလို ဒေသခံအဖွဲ့အစည်းတွေနဲ့လည်း ကျမနီးနီးကပ်ကပ်ထိတွေ့မှုတွေရှိပါတယ်။ ကျမရဲ့ ချဉ်းကပ်ပုံက ပြဿနာကို အရင်ဆုံးနားထောင်တာဖြစ်တာကြောင့် ဒေသခံလူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေ အမျိုးသမီးအဖွဲ့အစည်းတွေ၊ တိုင်းရင်သားလက်နက်ကိုင်တွေ အပါအဝင် အားလုံးနဲ့ အမြဲတမ်းထိတွေ့မှုတွေ ရှိနေပါတယ်။”

“မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒရှိတဲ့အတိုင်း မြန်မာနိုင်ငံကဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေဖြစ်ရပါမယ်။ NUG နဲ့ CRPH က ခေါင်းဆောင်တွေနဲ့ ကျမနဲ့တွေ့ဆုံခဲ့တာတွေကို အများမြင်သာအောင် ထုတ်ပြန်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ကိုလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ စီစဉ်ခဲ့ပါသေးတယ်။ ဒါကြောင့် NUG အပါအဝင် အတိုက်အခံတွေနဲ့ မတွေ့ဖြစ်ဘူးဆိုတာဟာ နားလည်မှုလွဲတာပါ။ လူတိုင်းက အလုပ်တွေရှုပ်နေကြတာဆိုတော့ သတင်းတွေကို တချိန်တည်း၊တပြိုင်တည်း မရနိုင်တာ ကျမနားလည်ပါတယ်။”

“မြန်မာနိုင်ငံကို ပြန်သွားပြီး စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိသေးလာဆိုတာကတော့ ကျမသွားလို့ အကျိုးရှိမယ်ဆိုရင် ကျမသွားပါမယ်။ အဲလိုမဟုတ်ရင်တော့ သွားဖို့ မရှိပါဘူး။ အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတစ်ခု ကျမဖန်တီးပေးနိုင်မယ်ဆိုရင် သွားပါမယ်။ ဒါကြောင့် ကျမတို့က လက်လျော့လိုက်လို့ မရပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းကို ကျမတို့က ထောက်ပံ့ အားပေးရမှာဖြစ်ပါတယ်။”

“တစ်ခုရှိတာက အကန့်အသတ်လေးတွေကိုတော့ နားလည်ဖို့လိုပါတယ်။ မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ ကပ်ဘေးနဲ့ နိုင်ငံပြိုလဲကျသွားမယ့်အရေးကို မြန်မာနိုင်ငံသားတွေ လက်မခံနိုင်တဲ့အကြောင်းကို သူတို့နားလည်ပြီး အာရုံစိုက်လာအောင် လုပ်နိုင်မယ်ဆိုရင်ပေါ့။  ဒေသခံအဖွဲ့အစည်းတွေနဲ့သာမက နိုင်ငံတကာနဲ့ ကျမတို့ ဆွေးနွေးနေတာတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် နောက်ဆုံးမှာ ပိုပြီးတရားမျှတတဲ့၊ ပိုပြီး ဒိမိုကရေစီအနှစ်သာရရှိတဲ့ မြန်မာပြည်ထောင်စုပေါ်ပေါက်လာမှာပါ။ ကျေးဇူးတင်ပါတယ်။ 

PHOTO CREDIT-UN

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024