Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်လမ်း
DVB
·
March 19, 2023

ဒုတိယအာဏာရှင်သန်းရွှေရေးဆွဲခဲ့တဲ့ စစ်တစ်ပိုင်းဒီမိုကရေစီလမ်းပြမြေပုံဆိုတာ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုကိုပုံဖော်ပြီး စစ်တစ်ပိုင်းမှသည် ပြည်သူအာဏာပြည်သူ့ထံ ပြန်ရောက်ရေး ဆီသို့ ဦး တည်ခဲ့ခြင်းမဟုတ်ပေ။

သန်းရွှေရဲ့ လမ်းပြမြေပုံမှာ စစ်တစ်ပိုင်းဒီမိုကရေစီအခင်းအကျင်းထဲ ဒေါင်ဒေါင်မြည် ဒီမိုကရေစီအင် အားစုတွေမပါရ၊ အထူးသဖြင့်   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မပါရဆိုပြီး အခိုင်အမာ ပြဋ္ဌာန်းခဲ့ကြောင်း ၂၀၁၅-၂၀၂၀ခုနှစ်အတွင်း ထွက်ပေါ်လာတဲ့ အချက်အလက်သစ်တွေအရ သိရပါတယ်။

ပြောရရင် သန်းရွှေဟာ သူ့အာဏာတည်မြဲရေးအတွက် ဘယ်သူ့ကိုမဆို ရှင်းပစ်ဖို့ ဝန်မလေးတဲ့ အာဏာရှင်ပီသခဲ့သလို နိုင်ငံရေးပါးနပ်မှုလည်းရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု ကြီးခြင်းကို အမှန်အတိုင်း  လက်ခံခဲ့ပုံရတယ်။ အဲဒါကြောင့် သူဖော်စပ်ထားတဲ့ စစ်တစ်ပိုင်းဒီမိုကရေစီမှာ စစ်အုပ်စုအစိုးရဖွဲ့နိုင်ရေးအတွက် ၂၅ ရာခိုင်နှုန်းအကျောပေးစနစ်ကို တီထွင်ခဲ့ရုံတင်မက NLDပါတီကိုပါ စစ်တစ်ပိုင်းဒီမိုကရေစီပလက်ဖောင်းပေါ် တက်ခွင့်မရအောင် ပြောင်ပြောင်တင်းတင်း ဖယ်ထုတ်ခဲ့ခြင်းဖြစ်တယ်။

ရုံးအုပ်ကြီးတစ်ယောက်လို တိကျသေချာခြင်းကလွဲ ရှေ့တစ်လှမ်းကြိုစဉ်းစားနိုင်စွမ်းအားနည်းတဲ့ သိန်းစိန်သမ္မတလုပ်တော့ ကြံ့ဖွတ်အစိုးရ နိုင်ငံတကာဝင်ဆံ့နိုင်ရေးအတွက်ရော NLDပါတီ ဘယ်လို နည်းနဲ့မှ အစိုးရမဖွဲ့နိုင်ဘူးဆိုတဲ့ ကြံ့ဖွတ်ခေါင်းဆောင်တချို့ရဲ့ ဘဝင်မြင့်တာရောကြောင့်ပါ NLD ပါတီဟာ စစ်တစ်ပိုင်း ဒီမိုကရေစီပလက်ဖောင်းပေါ် ရောက်ရှိလာခြင်းဖြစ်တယ်။ အကောင်းမြင်တဲ့ နိုင်ငံရေးအကဲခတ်တချို့ကတော့ သိန်းစိန်ဟာ ကြံ့ဖွတ်အစိုးရရော NLDပါတီပါ ကိုယ်စီ နိုင်ငံရေးထွက်ပေါက်ရအောင် အရေးပါတဲ့တံခါးတစ်ချပ်ကို ဖွင့်လှစ်ပေးခဲ့ကာ  သူနိုင်-ကိုယ်နိုင် အကျိုးဖြစ်ထွန်းစေချင်လို့ ဆိုကြတယ်။

NLDပါတီဟာ စစ်တစ်ပိုင်းဒီမိုကရေစီပလက်ဖောင်းပေါ် ရောက်ရောက်ချင်းဆိုသလိုပဲ ဆောက်နဲ့ထွင်း၊ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နီးပါး အနိုင်ရယူပြကာ NLD ဘာလဲဆိုတာ အမောက်ထောင်ပြလိုက်တော့  စစ်အုပ်စု မျက်ဖြူလန်သွားရတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ဟာ ၂၀၁၅ ရွေး ကောက်ပွဲမှာ ၂၅ ရာခိုင်နှုန်းအကျောရနေတာတောင် အစိုးရဖွဲ့နိုင်ပါ့မလားလို့ စစ်အုပ်စုကို ကြိုကြိုတင်တင် စိုးရိမ်စိတ်ကြီးစေခဲ့သလို  အမျိုးဘာသာ သာသနာဆိုတဲ့ အောက်လမ်းနိုင်ငံရေးမီးကို မြန်မြန်ဆန်ဆန်မွှေးဖို့ အရေးပါတဲ့ တွန်းအားဖြစ်ခဲ့တယ်။ (အမျိုးဘာသာသာသနာမီးကို စနစ်တကျ မီးမွှေးခဲ့တာ သေချာပေမဲ့ ဒီနေ့အချိန်ထိ ဘယ်သူတွေက ဘယ်လိုကိုင်တွယ်ခဲ့သလဲဆိုတဲ့ အချက်အလက်တွေ ထွက်ပေါ်မလာသေးပါဘူး။)

သီတဂူတို့ ဝီရသူတို့အကြိုက် အမျိုးစောင့်ဥပဒေကို ကြံ့ဖွတ်လွှတ်တော်နဲ့ အစိုးရက အတည်ပြုပေးခဲ့ ပြီး အပြန်အလှန်အနေနဲ့ ကျပ်မပြည့်တဲ့သင်္ကန်းဝတ်တွေက ကြံ့ဖွတ်ပါတီရွေးကောက်ပွဲ အနိုင်ရရေးအတွက် အားထည့်ခဲ့ကြတယ်။ ၂၀၁၅ ရွေးကောက်ပွဲနီးတဲ့အချိန်မှာ အမျိုးစောင့်ဥပဒေ အောင်ပွဲခံတရားပွဲလို့ ခေါင်းစဉ်တပ်ကာ မြန်မာနိုင်ငံတဝန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပုပ်ချပွဲကို တွင်တွင်ကျယ်ကျယ်လုပ် ဆောင်ခဲ့တယ်။

အဲဒီလို မှိုင်းတိုက်လွယ်တဲ့ လူမျိုးဘာသာအသုံးချနိုင်ငံရေးနဲ့ သင်္ကန်းဝတ်တွေရဲ့ ကြံ့ဖွတ်ပရိုမိုးရှင်း ပွဲရော ကြံ့ဖွတ်က ငွေနိုင်နိုင်ပုံအောခဲ့ရုံတင်မက ၂၅ ရာခိုင်နှုန်းအကျောရနေတာတောင် ၂၀၁၅ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်ရှုံးနိမ့်ခဲ့တာကြောင့် သန်းရွှေ မက်ခဲ့တဲ့ အကြီးကြီးအိပ်မက်ဟာ ၅ နှစ်ပဲ ခံလိုက်တယ်။ ၂၀၁၅ ရွေးကောက်ပွဲကိုကျင်းပပေးခဲ့တာ  ကြံ့ဖွတ် အစိုးရ။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တင်အေးဆိုတာက ဒုဗိုလ်ချုပ်ကြီး(ငြိမ်း)၊ ပြီးတော့ သိန်းစိန်ကိုယ် တိုင်ခန့် သိန်းစိန်ရဲ့သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဆိုတော့ ရွေးကောက်ပွဲကော်မရှင် NLDနဲ့ ပင်းပြီးမဲလိမ်ပါတယ်ဆိုပြီး ဘယ်လိုမှစွပ်စွဲလို့မရ။ အာဏာမလွှဲအပ်စရာ အကြောင်းပြချက်ကြီးကြီး မားမားရှာမရလေတော့ စစ်အုပ်စုတစ်ခုလုံး အငိုက်မိကာ NLDပါတီကို အာဏာထိုးအပ်လိုက်ရ တယ်။

သူတို့အာဏာရရှိရေးကလွဲ တိုင်းပြည်အပေါ် နည်းနည်းလေးမှ စေတနာမရှိတဲ့စစ်အုပ်စုဟာ ဘက်စုံ ကန့်လန့်တိုက်ရေးမူနဲ့ NLDအစိုးရ ရှေ့တစ်လှမ်းမတိုးနိုင်အောင် ခြေထိုးခံတော့တယ်။ ကြံ့ဖွတ်လည်း ကြံ့ဖွတ်အလျောက်၊ မဘသကလည်း မဘသပုံစံ၊ စစ်တပ်၊ ပြည်ထဲရေး၊ ဌာနဆိုင်ရာတွေထဲက ကြီးကြီးမာစတာ မိုးကျရွှေကိုယ်များ ကိုယ့်ဂွင်မှာကိုယ် ဝိုင်းကန့်လန့်ခံကြ။ အဲဒီ အဖျက်အမှောက် ပရောဂျက်ရဲ့ ဂိုဏ်းခေါင်းဆောင်က မင်းအောင်လှိုင်ဆိုတာ သိပ်သေချာပါတယ်။

မင်းအောင်လှိုင်က သမ္မတသိပ်ဖြစ်ချင်တယ်။ သန်းရွှေက တကယ်ပြောလိုက်တာလား၊ ပြီးပြီးရောလား မပြောတတ်ပေမဲ့ သမ္မတရာထူးကို သိန်းစိန်ပြီးရင် ဦးရွှေမန်း၊ ဦးရွှေမန်းပြီးတော့ မင်းအောင်လှိုင်ဆိုလား။ ဦးရွှေမန်းကို သန်းခေါင်ယံအာဏာသိမ်းပွဲနဲ့ ကြံ့ဖွတ်ပါတီကနေ ဖယ်ရှားလိုက်တဲ့အခါ သိန်းစိန်ပြီးရင် သမ္မတဖြစ်ရမှာ  မင်းအောင်လှိုင်ဖြစ်လာတယ်။ ဒါပေမဲ့၊ ၂၀၁၅ ရွေးကောက်ပွဲကနေ NLD အာဏာရသွားတော့ မင်းအောင်လှိုင်ရဲ့ သမ္မတရူး အိပ်မက်က အလိုလိုပျက်၊ ဆတ်ဆတ်ခါနာကျည်းမှာသေချာတယ်။

NLDအစိုးရဟာ စစ်အုပ်စုရဲ့ ခြေထိုးမှုမျိုးစုံကြောင့် ရှေ့ခြေတစ်လှမ်းဟာနှေးပေမဲ့ ရှေ့သို့ရောက် အောင်ရုန်းထွက်နိုင်ခဲ့တယ်။ ပြည်သူတွေကို တစ်ခြမ်းပဲ့ ဒီမိုကရေစီတောင် ဒီလိုအရသာရှိမှန်း ကောင်းကောင်းပြောပြနိုင်ခဲ့တယ်။ ပြီးတော့ တိုင်းပြည်စီးပွား ရေရှည်ဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦ တည်ဆောက်ခြင်းကနေ တဖြည်းဖြည်းသိသာလာတဲ့ စီးပွားရေးအလားအလာ။ ပြီးတော့ သူ့လိုကိုယ်လို မခွဲခြားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တဖြည်းဖြည်း ပီပြင်အားကောင်းလာ။

အကောင်းမြင်စိတ်ကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းကို အား တက်သရော ဆောင်ရွက်ခဲ့တယ်။ အထူးသဖြင့် သူ့အပေါ် ဘယ်တုန်းကမှ အကောင်းမမြင်ခဲ့တဲ့ စစ်အုပ်စုအပေါ် ရင်ကြားစေ့ရေးအမြင် ဦးထိပ်ဆင်ကာ ချဉ်းကပ်ခဲ့တယ်။ NLDအစိုးရဟာ အတတ်နိုင်ဆုံး စစ်တပ်နဲ့ ပြဿနာမဖြစ်ရေးမူကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေတော့ ဒီမိုကရေစီအင်အားစုတွေကပါ ဘဝင်မကျတာ တွေရှိခဲ့တယ်။

ရခိုင်မှာ ရိုဟင်ဂျာပြဿနာပေါ်လာတယ်။ စစ်တပ်က တမင်ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာတာလည်း ဖြစ်နိုင်သလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ရည်ရွယ်ချက်ကြီးစွာ ကျူးလွန်ခဲ့တာလားလို့ မေးခွန်းထုတ်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်က မင်းအောင်လှိုင်စစ်တပ်ဟာ နိုင်ငံတကာဥပဒေကို သိရှိလိုက်နာမှုအား နည်းတာကြောင့်လို့ ယူဆခဲ့တာလား။ ရိုဟင်ဂျာပြဿနာကို အမျိုးသားရင်ကြားစေ့ရေးအမြင်နဲ့သာ ချဉ်းကပ်တာလား မသဲကွဲပေမဲ့ စစ်တပ်ရဲ့ ပရမ်းပတာလုပ်ရပ်တွေအပေါ် ခေါင်းဝင်ခံကာ ICJ တရားရုံးသွား အမှုရင်ဆိုင်ခဲ့တဲ့အထိ အနာခံပြ ခဲ့တယ်။

အမျက်ကြီးပြီး ဉာဏ်ရည်နည်းလှတဲ့ စစ်ခေါင်းဆောင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်း ခံဖြေရှင်းမှုကိုလည်း အကောင်းမမြင်၊ အာနန်ကော်မရှင်ကစလို့ ငြင်းဆန်ခဲ့ကြတယ်။ စစ်တပ်က လုပ်ချင်ရာ လုပ်မယ်၊ နိုင်ငံတကာအသိုက်အဝန်းလည်း ဂရုမစိုက်ဘူးဆိုတာမျိုးနဲ့ NLD အစိုးရကိုပါ နိုင်ငံတကာနဲ့ ဝေးရာဆွဲခေါ်ကာ အထီးကျန်စေမယ့်လမ်းမျိုး။ NLDအစိုးရက ရည်ရွယ်ချက်မရှိ မသိလို့မှားမိတာ၊ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြုပြင်ခွင့်ပြုပါဆိုတဲ့ကြားလမ်း။ နိုင်ငံတကာအသိုက်အဝန်းကျတော့ စစ်တပ်လုပ်ခဲ့တာ သူ့ဘာသာရှင်း၊  လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းဝန်ခံ၊ ဒေါ်အောင်ဆန်းစုကြည် ဝင်မပါနဲ့ဆိုတဲ့လမ်းမျိုးလို့ ထင်ရ။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်မှာတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာလည်း ပြီးဆုံး၊ ရခိုင်ပြဿနာဆိုတာကိုလည်း ဘယ်ကနေ အစပြန်ကောက်ရမယ်မှန်းမသိတော့။ မင်းအောင်လှိုင်က သူ့ရဲ့ သမ္မတရူးအိပ်မက်အတွက် မလုပ်ရဲတာဘာမှမရှိဘူးဆိုတဲ့ သူ့ရဲ့မူအတိုင်း အာဏာသိမ်းလိုက်တယ်။

တချို့က ဒေါ်အောင်ဆန်းစုကြည်ကပဲ မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးကောင်းအောင် မတည်ဆောက် နိုင်ခဲ့တာကြောင့်လိုဆိုတယ်။ မင်းအောင်လှိုင်နဲ့ဆက်ဆံရေးကောင်းဖို့ဆိုတာက အစိုးရအဖွဲ့ ဘာလုပ်လုပ် မင်းအောင်လှိုင်သဘောတူမှ လုပ်တာတောင် ဆက်ဆံရေးကောင်းဖို့ မမြင်ပါဘူး။ ဘာလို့လဲဆိုတော့ စစ်အုပ်စုရဲ့ စိတ်ရင်းအမှန်က သူတို့သာလျှင် အာဏာရရှိချင်လို့ပါပဲ။ စစ်အုပ်စုဟာ အင်ဒိုနီးရှားနိုင်ငံလို ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ရောက်ရေးလမ်းပေါ် လျှောက်နေတာမဟုတ်ဘဲ တချိန်မှာ ပြည်သူ့အာဏာပြည်သူတွေလက်ထဲရောက်မှာလိုလို အချိုသတ် ဂျင်းညက်ညက် ထည့်ကာ အစိုးရအာဏာကို လုံးဝလက်မလွတ်ရေးဟာ စစ်အုပ်စုရဲ့ မမှိတ်မသုန် ရည်မှန်းချက်ကြီးဖြစ်တာ အသေအချာ။ အာဏာနဲ့သိုက်တူးခြင်းအရသာကို ကောင်းကောင်းသိခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ငယ်တွေဟာ အာဏာကို အရူး အမဲသားစားရတာထက် ပိုငတ်ကြီးကျကြတယ်။

အခုတော့ သိန်းစိန်ရဲ့ အမျှော်အမြင်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ငါးပါးမှောက်ရုံတင်မက ၂၀၂၀ ရွေးကောက်ပွဲမှာ သံဃာစင်ပါ မှောက်သွားပြီဆိုတော့ ၂၀၂၅ ရွေးကောက်ပွဲဆိုရင် စစ်အုပ်စု ခွက်ပျောက်တော့မယ့်ကိန်း။ ပြီးတော့ မင်းအောင်လှိုင်ကလည်း ၂၀၂၁ ခုနှစ်မှာ ပင်စင်ယူရတော့မှာဆိုတော့ နောင်တက်လာမယ့် ကာချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားပေါင်းမိခဲ့ရင် တနင့်တပိုးခိုးထားတဲ့ မင်းအောင်လှိုင် ထောင်နန်းစံနိုင်တော့ သူ့အကျိုးအတွက်ရော စစ်အုပ်စုအကျိုးအတွက်ပါ အာဏာသိမ်းလိုက်ခြင်းဖြစ်တယ်။ (မင်းအောင်လှိုင် အာဏာသိမ်းဖို့အတွက် ဘေးကနေ ဘေးတီးပေးတဲ့သူ စာရင်း နွေဦးတော်လှန်ရေးအပြီးမှာ ပေါ်လာနိုင်ပြီး ဘေးတီးသူတိုင်းဟာ တရားစွဲခံရမှာပါ။)

စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းမဖက်သောနိုင်ငံရေးနဲ့ လမ်းမပေါ် ပြည်သူတွေတက် လာကာ တောင်းဆိုဆန္ဒပြခဲ့ကြသော်လည်း မြသွဲ့သွဲ့ခိုင်ဦးခေါင်းထဲ ကျည်ဖောက်ဝင်သွားပြီးနောက် သေနတ်ကိုသေနတ်ချင်း လက်နက်ကိုင်တော်လှန်ရေးကို လူငယ်တွေ တိမ်းညွှတ်လာခဲ့တယ်။

မတ်လ ၁၆ ရက်နေ့၊ ကုလညီလာခံမှာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက မြန်မာ့အရေးအစီရင်ခံစာရာမှာ "ဖိနှိပ်မှုတွေရှိနေပေမဲ့ မြန်မာနိုင်ငံနေရာအတော်များများမှာ ပြည်သူတွေက စစ်ကောင်စီကို အကြမ်းမဖက်တဲ့နည်းနဲ့ တော်လှန်နေကြဆဲဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပွင့်လင်းစ ကာလတိုလေးတစ်ခုကို ဖြတ်သန်းခဲ့ရတဲ့ မျိုးဆက်တွေ၊ အထူးသဖြင့် လူငယ်တွေဟာ အခက်အခဲတွေ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပြီး စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ ရွေးချယ်စရာ ဘာမှမရှိတော့တဲ့အတွက် စစ်ကောင်စီကို ဆန့်ကျင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်လို့ ယုံကြည်နေကြပါတယ်" လို့ပြောကြား ခဲ့ပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေဟာ နွေဦးတော်လှန်ရေးရဲ့ ရှေ့တန်းကို အသေအချာရောက်လာခဲ့ပေမဲ့  အကြမ်းမဖက်တဲ့ နိုင်ငံရေးကလည်း အရေးပါအရာရောက်နေဆဲဖြစ်သလို  နိုင်ငံတကာအသိုက်အဝန်းရဲ့အမြင်ကို ဖမ်းစားနေဆဲဖြစ်ကြောင်း မစ္စနိုလင်းဟေဇာရဲ့စကားကို သက်သေခံနေပါတယ်။

ကုလညီလာခံမှာ မစ္စနိုလင်းဟေဇာပြောကြားခဲ့တဲ့ ပြည်သူတွေဟာ စစ်အုပ်စုကို အကြမ်းမဖက်တဲ့ နည်းနဲ့ တော်လှန်နေဆဲပဲဆိုတာ တနိုင်ငံလုံးအနှံ့တိတ်ဆိတ်ခဲ့တဲ့ အသံတိတ်သပိတ်တိုက်ပွဲကို ရည်ညွှန်းတာလို့ နားလည်မိတယ်။

အမျိုးသားရင်ကြားစေ့ရေးဟာ ပြီးဆုံးသွားတာသေချာပေမဲ့ အကြမ်းမဖက်တဲ့နိုင်ငံရေးဟာ နွေဦး တော်လှန်ရေးမှာ ဆက်လက်အားကောင်းနေဆဲဖြစ်တယ်။ အကြမ်းမဖက်တဲ့နိုင်ငံရေးဆိုတာ စစ်ဗိုလ်ချုပ်တွေရှေ့လက်ပိုက်၊ စစ်ဗိုလ်ချုပ်တွေပြောသမျှ ခေါင်းညိတ်ပြီး စစ်ဗိုလ်ချုပ်တွေ ထွင်းထားတဲ့ ရွေးကောက်ပွဲဝင်ကာ စစ်အာဏာရှင်ကို အညံ့ခံရေးမဟုတ်တာ အသေအချာပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024