Home
မြန်မာသတင်း
တာမွေတွင် ဆေးခြောက်ချောကလက်ရောင်းသည့် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
March 14, 2023

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး ခ ရပ်ကွက်၊ ၁၆၆ လမ်းမှာ မတ်လ ၈ ရက် နေ့လယ် ၁ နာရီလောက်က ဆေးခြောက်ဆီသုံး ချောကလက်မုန့် ပြုလုပ်ရောင်းချတဲ့ အမျိုးသမီးတဦး ဖမ်းဆီးရမိထားတယ်လို့ CCDAC Myanmar က မတ်လ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲ့ဒီအမျိုးသမီးမှာ ဆေးခြောက် ၆၅ ဂရမ် တွေ့ရှိပြီး သူ့ရဲ့နေအိမ်မှာ ဆေးခြောက်ဆီသုံး‌ ချောကလက်မုန့် ၁၂၄ ခု၊ ဆေးခြောက် ၂၄၀ ဂရမ်၊ ဆေးခြောက်ဆီ ၆၀ စီစီတို့ကို တွေ့ရှိခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ မူးယစ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါအမျိုးသမီးဟာ ၂၀၁၆ ကတည်းက ဆေးခြောက်ဆီထုတ်တဲ့ နည်းလမ်းကို အွန်လိုင်းကနေ လေ့လာခဲ့တဲ့အပြင် ၂၀၂၂ ဩဂုတ်လမှာ ‌ဆေးခြောက်ကို အွန်လိုင်းကမှာယူပြီး ဆေးခြောက်ဆီသုံး ချောကလက်မုန့်တွေ ပြုလုပ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆေးခြောက်မျိုးနွယ်ဝင် အပင်တွေကို တရားဝင် စိုက်ပျိုးသုံးစွဲခွင့် ပေးနေပေမဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးလို့ သတ်မှတ်ပြီး ဖမ်းဆီးအရေးယူနေတာပါ။

ရပ်ကွက်ရုံးနဲ့ နီးစပ်သူတဦးက “သူက ၁၆၆ လမ်းထိပ်မှာ Deli သွားအပ်ရင်း ရဲက အသွင်ယူ ဖမ်းလိုက်တာ၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့လောက်က၊ အိမ်မှာ အဆီထုတ်ထားတဲ့ ဆေးခြောက်တွေပါ မိသွားတာ။ အဲ့အိမ်မှာ တယောက်တည်းနေတာပါ။ သူက ဖေ့စ်ဘွတ်ခ်ကနေ ကြော်ငြာတင်ပြီး ရောင်းတယ်။ အရွက်ပဲသီးသန့်တော့ မဟုတ်ဘူး၊ ချောကလက်နဲ့ရောပြီး မုန့်လုပ်ရောင်းတာ” လို့ ပြောပါတယ်။

တာမွေမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မနဲ့ စစ်ဆေးအမှုဖွင့်နေတယ်လို့ သိရပြီး မတ်လ ၈ ရက်မှာပဲ လမ်းမတော်မြို့နယ်က ဆေးခြောက်ကွတ်ကီးမုန့် ရောင်းချသူ ကျား ၁ ဦး၊ မ ၁ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024