ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ တပင်ရွှေထီးလမ်းမကြီးပေါ်မှာ မတ်လ ၉ ရက် မနေ့ ည ၉ နာရီခွဲလောက်က တွဲကားနဲ့ ဖောကား(မြေသယ်ယာဉ်) နှစ်စီး တိုက်မိခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။
တပင်ရွှေထီးလမ်းမကြီး၊ မော်ဒန်ကေတီဗွီအနီးမှာ မတော်တဆယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ဖောကားနောက်ခန်းမှာ လိုက်ပါလာတဲ့ အမျိုးသားတဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ကရုဏာတွဲလက် ကယ်ဆယ်ရေးအသင်း တာဝန်ခံက “ဘယ်လိုတိုက်လဲတော့မသိဘူး၊ တွဲကားခေါင်းဘက်ခြမ်းနဲ့ ဖောကားနောက်ပိုင်းကို တိုက်မိထားတာ၊ ဖောကားပေါ်မှာ အလုပ်သမားတွေပါတယ်၊ ကိုယ်ဝန်ဆောင်တယောက်လည်းပါတော့ အကြောင်းကြားတာနဲ့ အမြန်သွားရောက်ကူညီခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေက စိုးရိမ်စရာ မရှိတော့ပါဘူး”လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို လှိုင်သာယာဆေးရုံကြီး အရေးပေါ်ဌာန ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံအရောက်မှာ တဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ကိုကျော်နိုင် (အသက် ၄၀ နှစ်) ကို လှိုင်သာယာဆေးရုံကြီး ရင်ခွဲရုံ ပို့ဆောင်ထားပါတယ်။