ပျောက်ဆုံး မလေးရှားလေယာဉ် သတင်းပေးသူများကို ဆုချမည့်အစီအစဉ် စတင်

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်မှာ လိုက်ပါသွားကြတဲ့ ခရီးသည်အချို့ရဲ့ မိသားစုဝင်တွေဟာ လေယာဉ်နဲ့ပတ်သက်ပြီး သတင်းပေးနိုင်သူတွေကို ဆုငွေချမယ့် အစီအစဉ်တခု စီစဉ်နေကြပါတယ်။ mh370-777ဒီအစီအစဉ်ကို သြစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပြင်သစ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့က မိသားစုဝင်တွေက စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃ သန်းလောက် အင်တာနက်ကနေ အလှူခံမှာဖြစ်ပြီး လေယာဉ်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အချက်အလက်ပေးနိုင်သူကို ဆုကြေးငွေချမှာဖြစ်ပါတယ်။ လေယာဉ်ပျောက်ထဲမှာ ပါသွားတဲ့ အမျိုးသားတဦးရဲ့ ဇနီးဖြစ်သူ Danica Weeks က “လေယာဉ်ပျောက်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ တခါပြော တမျိုးဖြစ်နေတယ်။ ဒီလေယာဉ်ပျောက်ကို ရှာတွေ့ဖို့ ကျမတို့ကိုယ်တိုင် ဘာလုပ်နိုင်မလဲ။ တယောက်ယောက် တခုခုတော့ သိရမယ်” လို့ ပြောဆိုခဲ့ပါတယ်။ မိသားစုဝင်တွေဟာ နောက်ထပ်အမေရိကန်ဒေါ်လာ ၂ သန်းလောက် စုဆောင်းပြီး အလွတ်စုံစမ်းထောက်လှမ်းနိုင်သူကို ဆုငွေချချင်နေကြပါတယ်။ လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း သမုဒ္ဒရာကြမ်းပြင်မှာ မရှိနိုင်ဘူးလို့  လေယာဉ်ရှာဖွေရေးတွေက ပြောဆိုနေပေမယ့် သြစတြေးလျဒုတိယ၀န်ကြီးချုပ်ကတော့ လေယာဉ်ဟာ အဲ့ဒီဒေသမှာ ရှိတယ်လို့ မေလ ၂၉ က အခိုင်အမာ ထပ်ပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့လေကြောင်းသမိုင်းမှာ ငွေကြေးအကုန်ကျဆုံး လေယာဉ်ရှာဖွေ ကယ်ဆယ်ရေး ဖြစ်ခဲ့ပေမယ့် လေယာဉ်နဲ့ပတ်သက်ပြီး တစုံတရာ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့တာလည်းဖြစ်ပါတယ်။ MH370 ဆုကြေးငွေအစီအစဉ်ကို ဒီနေ့ တရားဝင်စတင်ခဲ့ပါတယ်။ ခရီးသည် ၂၃၉ ယောက်ကို တင်ဆောင်ထားတဲ့ လေယာဉ်ဟာ မတ် ၈ ရက်နေ့က ကွာလာလမ်ပူလေဆိပ်ကနေ ပေကျင်းလေဆိပ်ကို သွားဖို့ ပျံတက်ပြီး ၁ နာရီလောက်အကြာမှာ ရေဒါစက်ကွင်းကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up