Home
မြန်မာသတင်း
ရေစကြိုနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
March 8, 2023

မကွေးတိုင်း၊ ရေစကြိုမြို့မှာ မတ် ၇ ရက် နေ့လယ်က စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို ပ.က.ဖ ကနေ သိရပါတယ်။

ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ ကပ်ကျော်ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်လောက် မတ်လ ၇ ရက် နေ့လယ်ပိုင်းက စစ်ကြောင်းထိုးပြီး ပြန်ရောက်လာတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရှေ့ဆုံးက စစ်ကောင်စီတပ်သား ၄ ယောက် လွင့်ထွက်သွားကာ နောက်ကလိုက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်လည်း နေရာမှာတင် လဲကျသွားပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီဘက်က ရမ်းကားပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

ရေစကြိုမြို့နယ်မှာ မတ်လ ၄ ရက် မွန်းလွဲပိုင်းကလည်း ပခန်းငယ်ရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ-၃ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း မတ် ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၁ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖကနေ သိရပါတယ်။

ပေါက်မြို့နယ်၊ ဖလံကိုင်းရေနံမြေက စစ်ကောင်စီတပ်သားတွေကို မတ် ၇ ရက် မနက် ၁၀ နာရီ ၄၆ မိနစ်က ပြည်သူတွေရဲ့ ရေစည်လှည်းကို အနိုင်ကျင့်မောင်းနှင်ပြီး ကန်ရေတွေ သယ်နေတဲ့အချိန် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင်ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ညနေ ၃ နာရီလောက်မှာ ထန်းပေါက်ကုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်လို့ မန်ကျည်းသီး ကောက်နေတဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသား ၁ ယောက် လက်နက်ကြီးကျည် ထိမှန်သေဆုံးပြီး အသက် ၄၂ နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ အသက် ၂၀ ကျော်အရွယ် လူငယ် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

သေဆုံးဒဏ်ရာရရှိတဲ့ ပြည်သူတွေကိုတော့ မြိုင်မြို့နယ် ပကဖ၊ ပေါက်မြို့နယ် ပကဖ တို့ရဲ့ လူသားစာနာအဖွဲ့တွေက တတ်နိုင်သလောက် ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း-၁၊ တပ်ခွဲ-၁၊ တပ်စိတ်-၃ နဲ့ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာလည်း မတ် ၅ ရက်ကလည်း စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးကာ ၁၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024