Home
မြန်မာသတင်း
အော်ရီဒူးဆင်းကတ်မသုံးရေး သံဃာများ စည်းရုံးမည်
အေးနိုင်
·
June 6, 2014
လာမယ့်စက်တင်ဘာမှာ စတင်ဖြန့်ချိတော့မယ်လို့ ကြေညာထားတဲ့ မြန်မာအော်ရီဒူးကုမ္ပဏီထုတ် ဆင်းကတ်တွေကို မသုံးစွဲရေး ဟောပြောမယ်လို့  သံဃာတော်တွေက ဖိတ်ကြားထားပါတယ်။ ooredoo 8.01.13_45df60b685e854244b0d70bed1533ae0မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးတင်ဒါအောင်မြင်ထားတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီထုတ် ဆင်းကတ်တွေနဲ့ အခြားပစ္စည်းတွေကို မသုံးစွဲဖို့အတွက် မနက်ဖြန်ကျရင် မကွေးကျောင်းတိုက်မှာ နေ့ခင်း ​၁ နာရီ ဟောပြောရှင်းလင်းမယ်လို့ ရန်ကုန်တိုင်းအတွင်းရှိ မကွေးစာသင်တိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။ ဒီလို အလားတူဖြစ်ရပ်မျိုးဟာ ဧပြီလကုန်ပိုင်းတုန်းကလည်း ရှမ်းပြည်နယ်ဘက်က ကြေညာချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီလို ဆန့်ကျင်ရတယ်ဆိုတာနဲ့ပတ်သက်လို့ ဦးပါမောက္ခက အခုလို မိန့်ပါတယ်။ “မြန်မာအော်ရီဒူးကုမ္ပဏီရဲ့ အမြတ်အစွန်းတွေဟာ မြန်မာပြည်မှာ ဗလီတွေ ဆောက်ပြီးတော့ အဲဒီက ရတဲ့ အမြတ်အစွန်းတွေနဲ့ မြန်မာအမျိုးသမီးတွေကို ယူဖို့ ထောက်ပံ့ငွေတွေ ပေးမယ်။ ဘုန်းကြီးတို့ အမျိုးဖျက်မယ့် ကုမ္ပဏီဖြစ်လို့ အဲဒါကြောင့် ဘုန်းကြီးတို့က ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ထိခိုက်မယ့် အန္တရာယ်ကို မြင်လာလို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။” ဒီဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာအော်ရီဒူးကုမ္ပဏီက  လူထုဆက်ဆံရေး မန်နေဂျာ ဒေါ်သီရီကြာညိုက နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်တာနဲ့ အညီ ဖောက်သည်တွေကို ကောင်းမွန်တဲ့ပစ္စည်းနဲ ၀န်ဆောင်မှုတွေကို ပေးဖို့ အာရုံစိုက်ထားသလို လူတိုင်း တန်းတူညီတူ မွေးဖွားလာပြီး လေးစားမှုကို ထိုက်တန်တယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။   “လူတွေက ကုမ္ပဏီထုတ်ကုန်ပစ္စည်းတွေကို တွေ့ပြီး မြန်မာလူထုအတွက် အပြုသဘောဆန်တဲ့ သက်ရောက်မှုတွေကို ယူဆောင်ပေးနေတာကို မြင်တာနဲ့ ကုမ္ပဏီနဲ့ ပတ်သက်ပြီး ရှိနေတဲ့သံသယတွေက ပျောက်သွားမယ်လို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။   လက်ရှိမှာတော့ ကုမ္ပဏီမှာ မြန်မာနိုင်ငံသား ၇၆ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ဝန်ထမ်းတွေကတော့ ကမ္ဘာတ၀န်း နိုင်ငံ ၄၂ နိုင်ငံက ဖြစ်ပြီး မြန်မာ ၀န်ထမ်း ၇၀၀ကျော်ကို ခန့်ထားသလို ၀န်ထမ်း အသစ်ခန့်အပ်ဖို့နဲ့ သင်တန်းတွေ ပေးဖို့ တော်တော်များများ ရင်းနှီးထားတယ်လို့ သူက ပြောပါတယ်။   မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်ရှင်ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက အော်ရီဒူးကုန်စည်ဆန့်ကျင်ရေးနဲ့ပတ်သက်လို့ ဝေဖန်မှု မပြုလိုပေမယ့် ကျယ်ပြန့်နက်ရှိုင်းတဲ့ ဆန့်ကျင်မှုတွေ ပေါ်လာရင်တော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ သုံးသပ်ပြောကြားပါတယ်။ “ကျနော့်အမြင်ကတော့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ထိတယ် မထိဘူးဆိုတာ သူတို့ ကန်ပိန်းက ဘယ်လောက် အောင်မြင်လဲ ဒါအပေါ်မှာပဲ မူတည်မယ်လို့ ထင်တယ်။ တိုက်ရိုက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မပတ်သက်ဘူး။ ဒီအပေါ်မှာတော့ ထင်မြင်ချက်တော့ မပေးလိုပါဘူး။ ဒါပေမယ့် ဒါမျိုးတွေ အများကြီးဖြစ်လာရင်တော့ သိပ်ကောင်းဘူးပေါ့ဗျာ။ ကိုယ့်ဆီလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဒါမျိုးတွေ လုပ်တာဟာ ရင်းနှီးမြှုပ်နှံမှုတွေမှာ သိပ်မကောင်းဘူးပေါ့။” လွန်ခဲတဲ့လပိုင်းက အော်ရီဒူးဆန့်ကျင်ရေးလုပ်သူတွေကို ဝေဖန်ရေးသားခဲ့တဲ့ ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ အစိုးရက ကိုယ့်နိုင်ငံတွင်း လာရောက်ရင်းနှီးမြှုပ်နှံသူကို အကာကွယ်ပေးဖို့ လိုတယ်လို့ ပြောဆိုပါတယ်။ “အဓိကတော့ တည်ဆဲဥပဒေတွေနဲ့ ကြည့်ရမှာပေါ့။ တည်ဆဲဥပဒေတွေမှာ ဘာသာရေးကို အကြောင်းပြပြီးတော့ အမှန်းတရားတွေ ဖြစ်အောင် လှုံ့ဆော်တာတို့က ပြည်ထဲရေး ၀န်ကြီးဌာနက ကိုင်တွယ်ရမှာပေါ့။ နောက်တခုက စီးပွားရေးနဲ့ ဆိုင်တဲ့ ကိစ္စမှာလည်း အဲဒီလိုပဲ ဘာသာရေးတွေ ရောယှက်ပြီးတော့မှ ဆန့်ကျင်တာတို့ဘာတို့ကို အစိုးရ ကာကွယ်ပေးရမယ်။ သူက ရင်းနှီးမြှုပ်နှံသူတွေကို ကာကွယ်ပေးရမှာပေါ့။ အဲဒီလိုမျိုး ပျက်ကွက်တယ်ဆိုရင်တော့ နောင်ပြဿ     နာတွေ အများကြီး တက်လာမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီမှာ မလေးရှား ရင်းနှီးမြှုပ်နှံမှုတွေ အစ္စလာမ် နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေဆိုတာလည်း အခုလည်း ရှိနေတာပဲ။ နောင်လည်း လာဦးမှာပဲ။ အဲဒါကြီးက မဖြစ်သင့်တဲ့ ကိစ္စပဲ။ အဓိကတာဝန်ရှိတာက အစိုးရ ပြည်ထဲရေးဌာနက အဓိက တာဝန်အရှိဆုံး။” ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလောကမှာ လုပ်ကိုင်ဖို့ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအောင်ခဲ့ကြတဲ့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီနဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီတို့ဟာ လာမယ့် လပိုင်းတွေအတွင်းမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို စတင်ပေးတော့မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘာသာရေးဆန်ဆန်၊ လူမျိုးရေးဆန်ဆန် အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အမုန်းတရားဟောပြောမှုတွေ ဖြစ်ထွန်းပေါ်ပေါက်ခဲ့တာကို အစိုးရက ကိုင်တွယ်ဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်လို့ လူ့အခွင့်အရေးသမားတွေက ထောက်ပြဝေဖန်  နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024