၂၀၁၄ ကမ္ဘာ့ဖလား အာရှအသင်းများ သုံးသပ်ချက်

2.5K
ဘရာဇီးနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကြည့်ရဖို့ တပတ်တောင် မလိုတော့ပါဘူး။ ဒီဗွီဘီရေဒီယိုကနေ ကမ္ဘာ့ဖလားဘောလုံးပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေ ထုတ်လွှင့်ခဲ့ပြီးတဲ့နောက် ဒီနေ့မှာတော့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဝင် အာရှအသင်းတွေ အနေအထား ခန့်မှန်းသုံးသပ်ချက် ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အာရှက ဂျပန်၊ တောင်ကိုရီးယား၊ အီရန်နဲ့ သြစတြေလျ စတဲ့ အသင်း ၄ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ဒီထဲ သြစတြေလျအသင်းဟာ အုပ်စု (ခ) မှာ လက်ရှိချန်ပီယံ စပိန်၊ ဥရောပနာမည်ကြီး နယ်သာလန်နဲ့ တောင်အမေရိကက ချီလီတို့နဲ့ တအုပ်စုတည်း ကျနေတာမို့ အုပ်စုတက်ဖို့ မလွယ်ပါဘူး။
အုပ်စု(ဂ)မှာ ကိုလံဘီယာ၊ ဂရိ၊ အိုင်ဗရီကိုစ့်တို့နဲ့ တအုပ်စုတည်း ကျနေတဲ့ ဂျပန်လည်း အုပ်စုတက်ဖို့ ရုန်းကန်ရဖို့ ရှိပါတယ်။
အုပ်စု(စ)မှာ ဒီနှစ် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနားအသင်းနဲ့ တအုပ်စုတည်း ကျနေတဲ့ အီရန်အသင်းရဲ့ အုပ်စုတက်ဖို့ အနေအထား ခက်ခဲမှာ ဖြစ်ပါတယ်။
အီရန်အုပ်စုထဲမှာ ဒီနှစ်မှ ကမ္ဘာ့ဖလား ၀င်ကန်တဲ့ နိုင်ငံသစ် ဘော့စနီးယား၊ အာဖရိကက နိုက်ဂျီးရီးယားတို့ ပါဝင်နေတာ ဖြစ်ပါတယ်။
နောက်ဆုံးအုပ်စုဖြစ်တဲ့ အုပ်စု(ဇ)မှာ အာရှက တောင်ကိုရီးယားအသင်းဟာ ဘယ်ဂျီလ်ယံ၊ အယ်ဂျီးရီးယား၊ ရုရှားတို့နဲ့ တအုပ်စုတည်း ကျနေပြီး တောင်ကိုရီးယားလည်း အုပ်စုမချောင်ဘူးလို့ ပြောရမှာပါ။
ရန်ကုန်က အားကစားကလောင်ရှင် ဦးစိုးညီကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာရှ ၄ သင်းထဲ ဂျပန်အသင်းပဲ အနေအထားကောင်းနိုင်မယ်လို့ သုံးသပ်ပြောကြားပါတယ်။
“ဂျပန်အသင်းက အနေအထားအကောင်းဆုံး ဖြစ်မယ်။ အီရန်နဲ့ တောင်ကိုရီးယားမှာ အီရန်က အုပ်စုအနေအထားအရ အခွင့်အလမ်း နည်းနည်း ရှိမယ်။ တောင်ကိုရီးယားက အီရန်ထက် ခြေစွမ်း ကောင်းတယ်။ ဒါပေမယ့် အီရန်လောက် အုပ်စုမချောင်ဘူး။ အီရန်နဲ့ တောင်ကိုရီးယားမှာ မျှော်လင့်ချက် ၄၀ ရာခိုင်နှုန်းရှိမယ် ထင်တယ်။ သြစတြေးလျကိုတော့ အုပ်စုက တက်မယ်လို့ မမျှော်လင့်ဘူးပါဘူး။ ကမ္ဘာ့ဖလားမှာ အာရှအသင်းတွေကို သိပ်မမျှော်မှန်းဘူး ခင်ဗျ။”
အာရှအသင်းတွေ ရှုံးထွက်အဆင့်ကို လွန်ရောကျွံရောတက်ရင် နှစ်သင်း၊ အမြင့်ဆုံးတက်ရင် ကွာတားဖိုင်နယ်လောက်ပဲ ဖြစ်နိုင်မယ်လို့လည်း သူက ပြောပါတယ်။
အနီးစပ်ဆုံး ၂၀၀၂ ခုနှစ်တုန်းက အာရှက တောင်ကိုရီးယားနဲ့ ဂျပန်တို့က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်း ဆီမီးဖိုင်နယ် တက်ခဲ့ပြီး စတုတ္ထဆုထိရခဲ့တာ အမြင့်ဆုံးအောင်မြင်မှုလို့ ပြောရမှာပါ။
