Home
မြန်မာသတင်း
လျှပ်စစ်မီးအခက်ကြုံနေသည့် စက်မှုလုပ်ငန်းရှင်များ နေရောင်ခြည်စွမ်းအင်သုံးရန် စစ်ခေါင်းဆောင်ပြော
DVB
·
February 8, 2023

လျှပ်စစ်မီး လုံလောက်စွာမရရှိလို့ အခက်ကြုံနေတဲ့ မြန်မာပြည်တွင်းက စက်မှုလုပ်ငန်းရှင်တွေကို အာဏာသိမ်း စစ်ခေါင်းဆောင်က နေရောင်ခြည်စွမ်းအင်သုံးပြီး လုပ်ငန်းလည်ပတ်အောင် ဆောင်ရွက်နိုင်မယ်ဆိုပါက များစွာအကျိုးရှိမှာဖြစ်တယ်လို့ တိုက်တွန်းပြောဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာစက်မှုဇုန်မှာ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး အခုလို ပြောဆိုခဲ့တာပါ။

သူက အရင် ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုကာလမှာ နိုင်ငံတဝန်းရှိ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် စီမံကိန်းတချို့ကို နှောင့်နှေးခဲ့တာ၊ ရပ်တန့်တာနဲ့ ဖျက်သိမ်းခံခဲ့ရတာတွေရှိခဲ့ပြီး အခုအခါ မိမိတို့ စစ်ကောင်စီအနေနဲ့ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ စီမံကိန်းတွေကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီ့နောက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာနဲ့ လေအားသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ လုပ်ငန်းတွေကိုလည်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတာကြောင့် စက်ရုံလုပ်ငန်းရှင်တွေအနေနဲ့လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး လုပ်ငန်းလည်ပတ် ဆောင်ရွက် နိုင်မယ်ဆိုပါက များစွာ အကျိုးရှိမှာဖြစ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ရန်ကုန်မြို့မှာ လျှပ်စစ်မီးက အချိန်ပိုင်းနဲ့သာ ရနေတာကြောင့် စက်မှုလုပ်ငန်းရှင်တွေဟာ ကိုယ့်ဘာသာ နိုင်သလောက် ဖြေရှင်းနေရပြီး လျှပ်စစ်မီးရအောင် လုပ်ပေးဖို့ စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့တာလည်းရှိပါတယ်။ 

ရန်ကုန်အခြေစိုက် စက်မှုလုပ်ငန်းရှင်တဦးက “ရန်ကုန်မှာ လျှပ်စစ်မီးက ပျက်နေတာကတော့ အကုန်လုံးပါပဲ။ ပြီးတော့ သူတို့အပြောပေါ့နော်၊ အလှည့်ကျနဲ့ သွားနေကြတယ်ဆိုပေမဲ့ တကယ်လက်တွေ့မှာတော့ သူတို့ အဆင်ပြေသလို ပေးနေတဲ့သဘော ဖြစ်နေတယ်။ အချိန်တိတိကျကျ မရှိတော့ ပိုဆိုးတာပေါ့ဗျာ။ လာမယ့်အချိန်မှာလည်း ပျက်ချင်ရင် ပျက်နေတာ။ အဲ့လိုတွေဖြစ်နေလို့ စက်မှုဇုန်တွေကို ရုံးချိန်ပေါ့နော်၊ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ပေးဖို့တော့ ကျနော်တို့ ပြောထားတာပဲ။ ဒါပေမဲ့ မရပါဘူးဗျာ။ ဒီတော့ လျှပ်စစ်မီးနဲ့ အားပြုနေရတဲ့ စက်မှုဇုန်တွေကတော့ ထုံးစံအတိုင်းပေါ့။ မီးမရတဲ့အခါ မီးစက်တွေနဲ့မောင်းပြီး ကိုယ့်ဘာသာ လည်ပတ်နေရတာပေါ့။ ဒါတွေက ကျနော်တို့အတွက်တော့ ရိုးနေပါပြီ မထူးဆန်းတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီခေါင်းဆောင် တိုက်တွန်းခဲ့သလို နေရောင်ခြည်စွမ်းအင်သုံးပြီး လုပ်ငန်းလည်ပတ်ဖို့ ဆိုတာကလည်း စရိတ်ကြီးတဲ့အတွက် တတ်နိုင်တဲ့သူတွေသာ လုပ်နိုင်မယ့်အခြေအနေ ဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်တဦးက “ဒါက သူပြောသလိုပေါ့၊ လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဘာပြဿနာရှိလဲဆိုတော့ ဆိုလာနဲ့လုပ်ဖို့အတွက် Installation စရိတ်က လူတိုင်း မတတ်နိုင်တဲ့ အနေအထားလေ။ ဆိုလာက သူများနိုင်ငံတွေမှာ သုံးနေတာကြာပါပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် ဆိုလာနဲ့လည်ပတ်နေတဲ့ စက်ရုံတွေ တော်တော်များများ ရှိပါတယ်။ လုပ်နိုင်ရင်တော့ ဆိုလာက လုပ်သင့်တဲ့ကိစ္စပါ။ ဒီတော့ တတ်နိုင်တဲ့သူတွေ လုပ်ကြပါ။ ကျနော်တို့အတွက်ကတော့ အခုကြုံနေရတဲ့ ဒီအခြေအနေက သိပ်ကြာလာရင် မကောင်းဘူး။ ဒါကြောင့် အခုဆိုရင် ကိုယ့်ဘာသာ အတိုးအလျှော့ လုပ်နေရတယ်။ မီးစက်နဲ့ လည်နေရတာ။ စက်ရုံသေးရင် သေးသလို၊ ကြီးရင်ကြီးသလို မီးစက်မောင်းရတဲ့အတွက် အပိုကုန်ကျစရိတ်တွေ ရှိတယ်လေ။ ဆိုတော့ လုပ်ငန်းရှင်တော်တော်များများက ဘယ်လိုဖြစ်နေလဲဆိုရင် ကိုယ့်အတွက် profit ကော ကျန်ပါ့မလားဆိုတာ တွက်နေကြရတယ်။ မကျန်ဘူးဆိုရင် စက်မမောင်းတော့ဘဲ ဝိတ်လျှော့လိုက်တာပေါ့။ ဝိတ်လျှော့လိုက်တယ် ဆိုတာက လုပ်သားတွေကို အချိန်ပို မခေါ်နိုင်တော့ဘူးလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမလုံလောက်မှု ပြဿနာကို ပြည်သူတွေ ရင်ဆိုင်နေရပေမဲ့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ကလည်း ပြည်သူတွေရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ စုဆောင်းထားရှိတဲ့ ရေတွေနဲ့ ရေအားလျှပ်စစ်စက်ရုံတွေက ဓာတ်အားပိုမိုထုတ်လုပ်ပေးဖို့နဲ့ လာမယ့်နွေရာသီကာလအထိ စဉ်ဆက်မပြတ် ဆက်လက်ထုတ်လုပ်ပေးနိုင်ဖို့ စီမံဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းမှာလည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လို့ရကြောင်း၊ လေအားကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ သုတေသနလုပ်ငန်းတွေ မကြာမီဆောင်ရွက်သွားမယ်လို့လည်း စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၇ ရက်က ဧရာဝတီတိုင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်တွေကို ပုသိမ်မြို့မှာ တွေ့ဆုံပြောကြားခဲ့ပါတယ်။

Photo- MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024