Home
မြန်မာသတင်း
မြိုင်၊ ရေတာရှည်နှင့် ငါန်းဇွန်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
February 8, 2023

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက် ဒီနေ့မနက်က စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖကနေ သိရပါတယ်။

မြိုင်မြို့နယ် ဝက်ပုတ်ပျူစောထီးရွာမှာ ညအိပ်စခန်းချခဲ့တဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ကား ၅ စီးကို ဒီနေ့ ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီခွဲလောက်က မြိုင်ပ.က.ဖ တပ်ရင်း-၁၊ တပ်ခွဲ-၁၊ တပ်ခွဲ-၄ စကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့၊ မန်တိုင်းတပ်ဖွဲ့နဲ့ MUGDF တို့ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီ စစ်ကောင်စီယာဥ်တန်း ဖြတ်တဲ့အချိန်မှာ သစ်ပင်ပေါ်မှာ အသင့်ထောက်ထားတဲ့ လခြမ်းမိုင်း ၆ လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ရာ အင်အား ၂၀ လောက် လိုက်ပါလာတဲ့ ရှေ့ဆုံးဖောကားအတွင်းထဲကို တည့်တည့်ကျရောက်ပေါက်ကွဲကာ စစ်(...) ၁၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်။”

အလားတူ မြိုင်မြို့နယ်မှာပဲ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်ထက်မနည်း သေဆုံးကာ ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေ Well2 ဘက်ကနေ ကိုင်းတောမရဲစခန်းဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးစစ်ကြောင်းကို ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းအကြီးအသေး ၂ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး သွေးသံရဲရဲနဲ့ ထွက်ပြေးကာ လဲကျသွားတာတွေ့ရတယ်လို့ ဆိုပါတယ်။

“အဲဒီ စစ်(...)၊ ပျူ(...)တွေရဲ့ သွေးတွေကို မြေဇာတွေဖို့ပြီး လက်စဖျောက်ပေမဲ့ ဆေးကုဖို့ တွဲခေါ်သွားတဲ့နေရာမှာ သွေးကွက်တွေတွေ့ရှိခဲ့ပြီး စစ်(...)တွေဘက်က မိုင်းရှာတာတွေ ပြုလုပ်ရာ မိုင်းအတုသာတွေ့ရှိပြီး ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်သားတွေက မိုင်းရှင်းလင်းတာတွေ မပြုလုပ်တော့ဘဲ ကြောက်လန့်ပြီး ထွက်ပြေးကာ သေဆုံး ဒဏ်ရာရရှိတဲ့ စစ်သားတွေကို ကားပေါ် ဆွဲတင်သွားကြတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီလောက်က ကျောက်ခွက်ရေနံမြေ Well2 အလွန်မှာလည်း စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးနိုင်ကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ မြိုင်ပ.က.ဖ ကနေ သိရပါတယ်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာလည်း ဖေဖော်ဝါရီ  ၆ ရက် ညပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် တောင်ငူခရိုင် တပ်ရင်း-၃၅၀၁၊ တပ်ခွဲ-၄ ကနေ သိရပါတယ်။

ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာအုပ်စု၊ ရှမ်းစု-စည်ပိုင်းရွာနားမှာ အင်အား ၁၀၀ လောက်နဲ့ ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၆ ရက် ည ၇ နာရီလောက်မှာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၁၊ တပ်ခွဲ-၄ ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး သူတို့ဘက်က အတန်ကြာအောင် ရမ်းသန်း ပစ်ခတ်ခဲ့ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”

ရေတာရှည်မြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာလည်း မိုင်းတကြိမ်ဆွဲကာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိ ၃ ယောက် အပါအဝင် အယောက် ၄၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၁၊ တပ်ခွဲ-၄ ကနေ သိရပါတယ်။

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်တော့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ပွိုင့်ကားတစီးကို ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်တွေက မဟာမိတ်စစ်ဆင်ရေးအဖြစ် ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တောင်သာမြို့ကနေ ငါန်းဇွန်မြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ပါ ပွိုင့်ကားတစီးကို တောင်လယ်တောနဲ့ ရွာသာရွာကြားအရောက်မှာ ဒေသကာကွယ်ရေးတပ်တွေက ပဒေသာမိုင်း ၇ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၅ လုံးကွဲပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်တွေနဲ့ ပြင်းပြင်းထန်ထန် ပြန်လည်ပစ်ခတ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ဗိုလ်ဝကြီး ခေါ် နှစ်ပွင့်ဗိုလ် ကျဆုံးသွားပြီး ငါးဦး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိသွားတယ်လို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) က ထုတ်ပြန်ထားပါတယ်။

“ဗိုလ်ဝကြီး ကျတယ်ဗျ။ တခြားမြို့က ဆေးရုံမှာ ကုကြတာ။ ခု အထိအခိုက် အကျအဆုံး သတင်းရမှ သတင်းထုတ်ပြန်လိုက်တာ။ ရှေ့ဆက်ပြီးလည်း တိုက်ပွဲအရှိန်မြှင့်သွားမှာပါ။ ပြည်သူတွေအနေနဲ့ အားမလျော့ကြဖို့ပြောချင်ပါတယ်” လို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီကျဆုံးသွားတဲ့ ဗိုလ်ဝကြီးဟာ သက်မွေးမြူရေးသင်တန်းကျောင်း အမှတ်-၂ မှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး မိတ္တီလာမှာ သင်္ဂြိုဟ်လိုက်ကြောင်း စုံစမ်းသိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ သတင်းတိတိကျကျ ရရှိတာဖြစ်လို့ စနစ်တကျပြင်ဆင်ပြီး ဆီးကြိုတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024