ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်မောင်းလျှံကျေးရွာမှာ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက် မနက် ၉ နာရီလောက်က မိသားစု ၃ ဦး စီးနင်းလာတဲ့ ကားနဲ့အတူ လုပ်ကွက်ဟောင်း ရေကန်အတွင်း ပြုတ်ကျခဲ့ပြီး အလောင်းရှာမတွေ့တဲ့ မိသားစုဝင် ၃ ဦးထဲက အမျိုးသမီးဖြစ်သူရဲ့ ရုပ်အလောင်း ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ရေကန်အတွင်းကနေ ပေါ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြင်တွေ့ရှိသူတဦးက “ရေကန်နားမှာနေသူတွေက တွေ့တာ၊ ကမ်းဘက်ကပ်လာမှ သွားကြည့်တော့ အလောင်းဖြစ်နေတာ။ မျက်နှာ၊ ဆံပင်၊ ခြေချောင်း လက်ချောင်းတွေ မရှိတော့ဘူးဗျ။ သူ့ကိုယ်ပေါ်မှာကျန်နေတဲ့ အဝတ်အစားကြောင့် အမျိုးသမီး တဦး အလောင်းလို့ ပြောနိုင်တာ” လို့ ပြောပါတယ်။
မှော်မောင်းလျှံကျေးရွာရှိ ရေကန်ဟောင်းတခုအတွင်း လွန်ခဲ့တဲ့ ၈ လလောက်က လင်မယား ၂ ဦးနဲ့ လသားအရွယ် ကလေးငယ် ၁ ဦး၊ မိသားစု ၃ ဦး စီးနင်းလာတဲ့ ပါဂျဲရိုးကားဟာ ပေ ၄၀၀ ခန့်နက်တဲ့ ရေကန်ထဲ ပြုတ်ကျခဲ့ရာ မိသားစု ၃ ဦးရဲ့ အလောင်းကို ရက်သတ္တပတ်ခန့်ကြာ ရှာဖွေခဲ့ကြပေမဲ့ မတွေ့လို့ ရှာဖွေမှုရပ်တန့်လိုက်တာဖြစ်ပါတယ်။
ဆယ်ယူရရှိတဲ့ အမျိုးသမီး ရုပ်အလောင်းကို ဖားကန့်ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေက ဆယ်ယူခဲ့ပြီး မှော်မောင်းလျှံအကျိုးတူကုမ္ပဏီက တာဝန်ယူကာ သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။