Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်လာသည့် မြန်မာ ၄၅ ဦး နှင့် ထိုင်းယာဉ်မောင်း ၂ ဦး ဖမ်းဆီးခံရ
DVB
·
February 8, 2023

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၅ ဦးကို ထိုင်းယာဉ်မောင်းသမား ၂ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၇ ရက် နေ့ခင်းပိုင်းက ထိုင်းအလယ်ပိုင်း ဆုဖန်းပူရီနဲ့ ချိုင်းယနတ်ခရိုင်ကြား အဝေးပြေးလမ်းမကြီးပေါ်မှာ မသင်္ကာဖွယ် အနက်ရောင် ဖော်ကျူနာကားတစီး မောင်းလာတာကြောင့် တာဝန်ရှိသူတွေက နောက်ယောင်ခံလိုက်ခဲ့ရာမှာ အဆိုပါကားဟာ ဆုဖန်းပူရီခရိုင် ဆာမ်ခုတ်မြို့နယ် ဆာမ်ခုတ်ရပ်ကွက်ထဲရောက်သွားတော့ လယ်ကွင်းထဲ မောင်းဝင်သွားပြီး ကားကိုထိုးရပ်ထားတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေ လိုက်မီလာတော့ ကားပေါ်မှာ တစ်ဦးတစ်ယောက်မှ မရှိတော့လို့ အနီးနားတဝိုက်ကို လူစုခွဲပြီးလိုက်ရှာရာမှာ တရားမဝင် ဝင်လာတဲ့ မြန်မာအမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး၊ ပေါင်း ၁၂ ဦး နဲ့ နိုင်းမီရှဲ့ကျ အမည်ရှိ တာ့ခ်ခရိုင်သား ၁ ဦးကို ဖမ်းမိတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ ချိုင်းနတ်ခရိုင်မှာအလုပ်သွားလုပ်ဖို့ ထိုင်းမြောက်ပိုင်းဘက်ကနေ ဝင်ရောက်လာတာလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက မြန်မာ ၁၂ ဦးကို တရားမဝင် ဝင်ရောက်မှုဥပဒေအရလည်းကောင်း၊ နိုင်းမီကို တရားမဝင်သူတွေကို ထိုင်းနိုင်ငံထဲ ဝင်ရောက်နိုင်အောင် ပံ့ပိုးကူညီမှု၊ အကာအကွယ်ပေးမှုတွေနဲ့ အရေးယူဖို့ ရဲစခန်းကိုပို့လိုက်တယ်လို့ Khao Sod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့မနက် ၂ နာရီလောက်ကလည်း ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် လန်ဆွန်မြို့နယ် အမှတ် ၄၁ အာရှလမ်းမကြီးပေါ်မှာ တာဝန်ရှိသူတွေက စောင့်ကြပ်စစ်ဆေးစဉ် အနီရောင်အိမ်စီးကား တစီးပေါ်ကနေ တရားမဝင် မြန်မာ ၆ ဦးနဲ့ အသက် ၃၅ နှစ်ရွယ်ရှိ နိုင်းဖချန်းချိုးတိ ဆိုသူ ထိုင်းယာဉ်မောင်းကို ဖမ်းဆီးရမိတယ်လို့ ထိုင်း CBI ဗဟိုရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ 

တစ်နေ့တည်း  ခရိုင်တစ်ခုတည်းမှာပဲ  မနက် ၁ နာရီခွဲလောက်က နောက်ထပ် တရားမဝင် မြန်မာ ၂၇ ဦးကို ဆဝီမြို့နယ် ထာ့ဟင်ကျေးရွာအုပ်စု ရွာလမ်းထဲမှာ ဖမ်းမိကြောင်း၊ သူတို့နဲ့အတူ မီးခိုးရောင်ကား တစီးပါ ဖမ်းမိပြီး ကားမောင်းသမားကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲပဲလို့ CBI  သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား - khaosod.co.th/Police TV by UCI Media

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024