Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်အရေး ဆွေးနွေးမည်
အေးနိုင်
·
June 2, 2014
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က မြန်မာနဲ့ နယ်စပ်အရေးတင်မာမှုဟာ တည်ငြိမ်လာပြီလို့ ပြောဆိုနေချိန်မှာ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသ နယ်ခြားစောင့်တပ်အကြီးအကဲ Brig Gen Syed Ahmed Ali က မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဘက်က နောက်ထပ်တိုက်ခိုက်လာရင် ချက်ချင်းလက်တုံ့ပြန်မယ်လို့ သတင်းထောက်တွေကို ဇွန်လ ၁ ရက်နေ့က ပြောပါတယ်။ နှစ်နိုင်ငံအကြား တပ်ပြင်ထားတဲ့အဆင့်ထိ တင်းမာမှုဟာ မေ ၂၈ ရက်နေ့က ဘင်္ဂါလီတဦး မြန်မာရဲတပ်ဖွဲ့လက်ချက်နဲ့ သေဆုံးခဲ့ရပြီးတဲ့နောက် ဖြစ်ပွားခဲ့တာပါ။ ကနဦးပိုင်းက မြန်မာနယ်ထဲဝင်လာတာ ပစ်ခတ်လိုက်လို့ သေဆုံးသူဟာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ကလို့ ယူဆရကြောင်း မြန်မာဘက်က ပြောနေပေမယ့် နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖြစ်တယ်ဆိုပြီး ဘင်္ဂလားဘက်က သံတမန်ရေးဆိုင်ရာ သတိထောက်လွာပေးခဲ့ပါတယ်။ မြန်မာဘက်ကလည်း သေဆုံးသူဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာပိုင်နက် ပေ ၈၀ အတွင်း ၀င်ရောက်လာတဲ့ ယူနီဖောင်းဝတ်ဆင်ထားသူဖြစ်တယ်လို့ ပြောထားပြီး အချုပ်အခြာပိုင်နက်အတွင်း ၀င်ရောက်လာလို့ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ပြန်ရှင်းထားပါတယ်။ ဒိနောက် နှစ်ဘက် တပ်အင်အားတွေ ဖြန့်ကြက်ခဲ့ကြပါတယ်။ soldiersမေလ ၃၀ ရက်နေ့မှာ ဒီအလောင်းကို မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်အပ်ရာ မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီထိတွေ့ပစ်ခတ်မှုကို မြန်မာ နယ်ခြားစောင့်ရဲက ပစ်ခတ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက် က ပြောပြီး မြန်မာဘက်ကတော့ အမည်မသိတဲ့ အဖွဲ့တဖွဲ့လက်ချက်ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသ နယ်ခြားစောင့်တပ်အကြီးအကဲ Syed Ahmed Ali က မြန်မာဘက်က နယ်စပ်တလျှောက် တပ်တွေဖြန့်ထားတာကြောင့် နယ်ခြားစောင့်တပ်တွေကို အသင့်ပြင်ခိုင်းထားတာလို့ ဒက်ကားမြို့မှာ ဇွန် ၁ ရက်နေ့က ပြောပါတယ်။ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့အနေနဲ့ မေ ၃၀ ရက်နေ့ တိုက်ခိုက်မှုအတွက် ဖြေရှင်းရမယ်လို့ သူက ပြောဆိုခဲ့ပြီး လာမယ့် ဇွန်လ ၅ ရက်နေ့ နယ်ခြားအလံတင်အစည်းအဝေးမှာ ဒီကိစ္စ ဖြေရှင်းမယ်လို့ ဆိုပါတယ်။ သေဆုံးသူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲဘော်အလောင်းကို ဆေးရုံကိုပို့ဆောင်ခဲ့ပြီးနောက် ဒီကနေ့ မနက်ကိုးနာရီမှာ သူ့ဇာတိမြေမှာ ဓလေ့ထုံးတမ်းအရ သင်္ဂြိုဟ်မယ်လို့ ဆိုပါတယ်။ သေဆုံးသူရဲဘော်ရဲ့ မိသားစုကို အစိုးရအထောက်အပံ့အပြင် နယ်ခြားစောင့်တပ်ရဲ့ ထောက်ပံ့ငွေ ဘင်္ဂလားငွေ ဒါကာ 5 lakh ထပ်ဆောင်းပေးသွားမယ့်အကြောင်း the star သတင်းစာက ရေးပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးကတော့ နှစ်နိုင်ငံတပ်ဖွဲ့အကြား နားလည်မှုလွဲမှားခြင်းသာဖြစ်ပြီး အဲဒီကာလ လွန်မြောက်ခဲ့ပြီလို့ ပြောဆိုခဲ့သလို မြန်မာဘက်ကလည်း နယ်စပ်တကြောမှာ ဖြန့်ချထားတဲ့ တပ်တွေကို ပြန်ရုပ်သိမ်းဖို့ အာမခံထားတယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကလည်း နယ်စပ်တကြောတင်းမာမှုတွေဟာ တည်ငြိမ်မှုဘက်ကို ရောက်နေပြီဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ညွှန်ကြားရေးမှူးချုပ်အဆင့် ဦးဆောင်တဲ့ကိုယ်စားလှယ်တဖွဲ့ဟာ မြန်မာဘက်ခြမ်းနဲ့ ဆွေးနွေးဖို့အတွက် ဇွန် ၉ ရက်နေ့ သွားရောက်ကြမှာဖြစ်ကြောင်း ဇွန် ၁ ရက်နေ့က ပြောပါတယ်။ ဇွန် ၁၈ ရက်ကျရင်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာဘက်က နိုင်ငံခြားရေးရုံးက ကိုယ်စားလှယ်တွေဟာ ဒက်ကားမှာ တွေ့ဆုံကြဖို့ ရှိတယ်လို့ ဆိုပါတယ်။ မေလ ၂၈ ရက်နေ့ ပစ်ခတ်မှုမတိုင်ခင် သီတင်းပတ်အနည်းငယ်အကြာက နယ်စပ်က ပစ်ခတ်တိုက်ခိုက်မှုမှာ မြန်မာရဲတပ်သား ၄ ဦး သေဆုံးခဲ့ရပြီး ပစ်ခတ်သူ ဘယ်သူဘယ်ဝါဆိုတာ မပေါ်ပေါက်သေးဘဲ မြန်မာဘက်က ရိုဟင်ဂျာသွေးစည်းညီ ညွတ်ရေးအဖွဲ့ အာအက်စ်အိုဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024