Home
ဆောင်းပါး
မြန်မာပြည်က အသာတကြည် ခေါင်းငုံ့နေရပြီလား
DVB
·
February 4, 2023

အိန္ဒိယနိုင်ငံအမျိုးသားနေ့ကို NUG နိုင်ငံခြားရေးဝန်ကြီးကပို့တဲ့သဝဏ်လွှာကို ဖတ်ရတော့ ရင်ထဲ အတော်လေးဆို့ဆို့နင့်နင့် ခံစားရတယ်ဗျိုး။ ကိုလိုနီခေတ် တူတူကျွန်ဖြစ်တယ်။ လွတ်လပ်ရေးရတော့ ကိုယ်တွေ မြန်မာပြည်က တနှစ်စောခဲ့တယ်။ အိန္ဒိယက ၁၉၄၈ မှ ရခဲ့တာ။ ဒီကြားထဲ ကိုယ်တွေ မြန်မာပြည်က အိန္ဒိယပြည်ရဲ့ ပြည်နယ်ကြီးတခုအနေနဲ့ နေခဲ့ရသေးတာ။ နည်းတဲ့ရေစက်လားဗျာ။ ဘဝတူ ရေစက်တွေ။

ဟော အခုလက်ရှိ ၂၀၂၃ ကမ္ဘာ့နိုင်ငံရေးအခင်းကျင်းမှာတော့ အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်နိုင်ခဲ့ပြီ၊ တိုးတက်ဖြစ်ထွန်းမှုတွေ အများကြီးရှိခဲ့ပြီ။ ဒေသတွင်း နိုင်ငံရေး၊ စစ်ရေးကိစ္စတွေကို ကိုင်လှုပ်နိုင်တဲ့အထိ တိုးတက်ထွန်းကားခဲ့ပြီပေါ့။

ကျုပ်တို့ မြန်မာပြည်ကတော့ အာဏာသိမ်းလိုက်၊ လူငယ်တွေသေလိုက်၊ ညှိနှိုင်းလိုက်၊ အာဏာသိမ်းလိုက်၊ လူငယ်တွေ သေလိုက်၊ ရင်ကြားစေ့လိုက်နဲ့ ဗွက်ချာရမ်းနေတုန်းပါပဲ။ စစ်အုပ်စုရဲ့ သက်ဆိုးရှည်မှုဟာ တိုင်းပြည်ကိုအတော်ကြီး နစ်နာစေခဲ့ပါပြီ။ မြန်မာလူထုဟာ အခုထက်ထိ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် စစ်တိုက်နေရတုန်းပါပဲ။ ဒီတော့ မဟတ္တမဂန္ဒီနဲ့ သခင်အောင်ဆန်းတို့ တမလွန်မှာ ပြန်တွေ့ရင်တောင် သခင်အောင်ဆန်းက အတော်လေး မျက်နှာငယ်ရမယ့်သဘော ရှိနေတာပါ။

ဖြစ်စဥ်တွေကို အများပြားပါပဲ။ ဥပမာ ကနေ့ ထိုင်းဖြစ်စဥ်ပေါ့။ ထိုင်း ဆိုတာ တချိန်က မြန်မာပြည်ကို မော့ကြည့်နေခဲ့ရတဲ့ တိုင်းပြည်ပါ။ အမျိုးသားရေးစိတ်နဲ့ ခဏကြည့်ကြည့်ပါ။ ခုတော့ ထိုင်းက အင်မတန် ခြေလှမ်းသွက်နေတဲ့နိုင်ငံ ဖြစ်နေပါတယ်။ ပရာယွတ်ကလည်း အာဏာသိမ်း စစ်ခေါင်းဆောင်သာဆိုတာ မင်းအောင်လှိုင်ထက်တော့ အတော်လေး ကျပ်ပြည့်ပါသေးတယ်။ ဒေသတွင်း ဆေးခြောက်ကို တရားဝင်ခွင့်မပြုသေးချိန် ထိုင်းက ခွင့်ပြုလိုက်တော့ ဝင်ငွေ အတော်‌လေး ထောင်တက်သွားခဲ့ပါသေးတယ်။ တခါ သနပ်ခါးကိုလည်း ထိုင်းက ရိုးရာဆိုပြီး လုပ်နေတယ်။ ခုလည်း သင်္ကြန်က ထိုင်းရိုးရာ လုပ်နေပါတယ်။ မြန်မာပြည်ရိုးရာလားလို့ မေးရအောင်ကလည်း မသေချာပါဘူး။ ဒါပေမဲ့ ထိုင်းထက်တော့စောတာ သေချာပါတယ်။ ပုဂံခေတ် ဆေးရေးပန်းချီတွေလည်း သက်သေရှိနေတာပါ။ ဒါပေမဲ့ ဘာပြောရဲသလဲ။ ဘာကန့်ကွက်ရဲသလဲ။ စစ်အုပ်စုက သူတို့ကို ထောက်ခံပေးထားတဲ့ ပရာယွတ်ကို ယောင်လို့တောင် လှမ်းမပြောပါဘူး။

တခု ရွှေ့ပြောင်းလုပ်သားကိစ္စ။ မြန်မာပြည်က မိသားစုနှစ်ခုတိုင်းမှာ တခုဆီက လူငယ်လေးတွေဟာ ပြည်ပထွက် အလုပ်လုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ သုတေသီတွေက ဆိုထားတာ ရှိပါတယ်။ ဒီတော့ကာ ပြန်ကြည့်လိုက်တော့ နှစ်ချက် သွားတွေ့ရတယ်။ စစ်အုပ်စုရဲ့ နှိပ်ကွပ်မှုတွေကို မခံမရပ် ဖြစ်တာရယ်၊ ကုန်စျေးနှုန်းတွေမြင့် ကျပ်ငွေစျေးကျလို့ စားဝတ်နေရေး ခက်ခဲလာတာရယ်ပေါ့။ ရန်ကုန်၊ မန္တလေး၊ အွန်လိုင်း နိုင်ငံခြားဘာသာစကားပြောသင်တန်းတွေ ကြိတ်ကြိတ်တိုး တက်နေတာများ တပုံကြီးပဲ။

ကျုပ် သေသေချာချာ စဥ်းစားကြည့်တော့ ဒီကိစ္စက အတော်ရင်နာစရာကောင်းတယ်ဗျ။ စဥ်းစားကြည့်ဗျာ။ မြန်မာပြည်က မြန်မာနိုင်ငံသားတွေဟာ ဗမာစကားပြောတတ်ရုံနဲ့ ထမင်းဝအောင် မစားကြရဘူးဆိုတဲ့သဘော ဖြစ်မနေဘူးလား။ တိုင်းတပါးစကားတတ်မှသာ မိသားစုထမင်းဝိုင်း နပ်မှန်တာပေါ့ဗျာ။ အဲဒီချိန်ကြတော့ အမျိုးသားနိုင်ငံရေးကို အစဥ်တစိုက် ဦးတည်တယ်ဆိုတဲ့ သူယုတ်မာစစ်အုပ်စုကို တန်းမြင်လာတော့တာပဲ။ အဲဒီလို အလုပ်လုပ်ရတော့ရော အဆင်ပြေလားဆိုတော့ လမ်းမှာ လူကုန်ကူးခံရတာနဲ့၊ ပွဲစားက ခေါင်းပုံဖြတ်တာနဲ့၊ ဘာသာပြန်လူက ချောက်တွန်းတာနဲ့၊ အလုပ်ရှင်က သားမယားပြုကျင့်တာနဲ့၊ တရားခံ စွပ်စွဲခံရတာနဲ့ မြန်မာပြည်က အာရှရဲ့ ရာဇဝတ်ဂိုဏ်းဌာနချုပ်လို ဖြစ်နေပြန်ရော။ အချုပ်တန်းဆရာဖေရဲ့ “တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး” ဆိုသလိုသာ ပြောလိုက်ချင်တယ်။

တခါ တရုတ်ပြည်။ တရုတ်ပြည်က စစ်ကြီးပြီးစအချိန် အတော်လေး ချွတ်ခြုံကျနေစဥ်က မြန်မာပြည်ကို မော့ကြည့်ရတာပါ။ အဝတ်အထည် အစားအသောက်ကစလို့ မြန်မာပြည်က ဇီးယိုထုပ်တောင် တရုတ်ကို တင်ပို့ခဲ့ရတာမျိုးတွေ ရှိပါတယ်။ ခုတော့ တရုတ်ဆိုတာ ကိုယ့်ကို မှောက်လိုမှောက် လှန်လိုလှန် နေတော့တာပါပဲ။ မြန်မာပြည်က ထွက်ကုန်၊ ထုတ်ကုန်တွေလည်း ပေးချင်တဲ့ဈေးပဲ ပေးတယ်။ သူ့ဆီက ဓာတုဆိုးဆေးထုတ်ကုန်၊ အပေါစားထုတ်ကုန်တွေ ကျတော့လည်း မြန်မာပြည်က ငမ်းငမ်းတက်ဝယ်တယ်။ ကုန်းတွင်းပိတ်နိုင်ငံဆိုတော့ မြန်မာပြည်ကို ပင်လယ်ထွက်ပေါက်အဖြစ် လိုချင်တယ်။ ဒါက စစ်ကောင်စီချည်းပဲလားဆိုတော့ ခုလို ပုံစံအတိုင်းကတော့ ဘယ်အစိုးရတက်တက် ဒီပုံစံအတိုင်းပါပဲ။

တခါ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ သြဇာအပြိုင်လွှမ်းနေတဲ့အချိန်မှာလည်း ကိုယ်တွေက လှလှပပ မကစားနိုင်တော့ပါဘူး။ စစ်အုပ်စုကို ဖြုတ်ချချင်တဲ့စိတ်နဲ့ပဲ အရာရာ ခေါင်းငုံ့နေရပါတော့တယ်။ စစ်အုပ်စုကလည်း သူ တည်မြဲချင်တဲ့စိတ်နဲ့ပဲ တရုတ်ကို ခေါင်းငုံ့နေခဲ့ပါတယ်။

ဒီတော့ မြန်မာပြည် ဘာလဲ။ ဘယ်လဲပေါ့။ စစ်အုပ်စုကတော့ သူ့ကို ထောက်ခံဖို့ပဲ လိုတယ်၊ အကုန် ခေါင်းငုံ့ခံနေမှာပါပဲ။ ဒီတော့ ကျနော်တို့ သွေးအေးလို့မရဘူး။ တိုင်းပြည်အနာဂတ်ကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ရအောင် ဒီစစ်အုပ်စုကို အမြစ်ပြတ် ဖြုတ်ချမှ ရပါမယ်။

တပတ်လည်နေတဲ့၊ မတိုးတက်တဲ့ စက်ယန္တရား ရုပ်ဝါဒကြီးကတော့ ကျနော်တို့ကို ကမ္ဘာ့အလယ် မျက်နှာငယ်အောင် အသာတကြည် ခေါင်းငုံ့ခံရအောင် လုပ်နေဦးမှာပါပဲ။ စစ်အုပ်စု အမြစ်ပြတ်မှသာ အင်အားကြီးနိုင်ငံတွေကို လှလှပပ အသုံးချကစားပြီး ကိုယ့်မာန်၊ ကိုယ့်ဟန်နဲ့ လွတ်လပ်တဲ့ နိုင်ငံတော်သစ်ကြီး တည်ဆောက်လို့ရမှာပါ။ စစ်အုပ်စု အမြစ်ပြတ်ဖို့တော့ လိုပါတယ်။ ရင်ကြားစေ့လိုက်ရင်တော့ တပတ်လည်ဦးမှာပါပဲ။

အမေလူထုဒေါ်အမာရဲ့ အမှာစကားနဲ့ပဲ အဆုံးသတ် သတိပေးပါရစေ။

“အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက် မထွက်ဘူး” ဆိုတဲ့ မိန့်ခွန်းလေးပါဗျာ။ စွဲစွဲမြဲမြဲနဲ့ သတိမူရင်း အာဏာရှင်တွေ အသေထွက်မှ သပြေခက်နဲ့ အောင်ပွဲဆင်ကြရပါလိမ့်။

ငြိမ်းမောင်(ပ.တ.တ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024