Live
Home
ဆောင်းပါး
အာဏာရှင်နိဂုံး
DVB
·
February 2, 2023

လစ်ဗျားနိုင်ငံမှာ ပြည်သူတွေကို အမိန့်အာဏာနဲ့ အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ မူအမ္မာကဒါဖီဟာ နောက်ဆုံးနိဂုံးအဆုံးသတ်က ကမ္ဘာ့ရာဇဝင်သမိုင်းမှာ စစ်အာဏာရှင်အဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။ လစ်ဗျားသမ္မတဟောင်း စစ်အာဏာရှင် မူအမ္မာကဒါဖီကို ၁၉၄၁ ခုနှစ်မှာ ကုလားအုပ်ကုန်သည် မိဘက မွေးဖွားလာသူဖြစ်တယ်။ လစ်ဗျားစစ်တပ်ထဲကို ၁၉၆၅ ခုနှစ်မှာ ဝင်ရောက်ပြီး ၁၉၆၉ ခုနှစ်မှာ လစ်ဗျားတော်လှန်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်စစ်ဦးစီးချုပ် ဖြစ်လာခဲ့တယ်။ သူ့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ကို အမျိုးသမီးတွေနဲ့သာ ဖွဲ့စည်းထားသူဖြစ်တယ်။

၂၀၁၁ ခုနှစ်မှာ စတင်လာခဲ့တဲ့ အာရပ်နွေဦး လူထုအုံကြွမှု တော်လှန်ရေးကြီးမှာ လစ်ဗျားနိုင်ငံ ပါဝင်လာခဲ့တယ်။ စစ်အာဏာရှင် မူအမ္မာကဒါဖီကို လစ်ဗျားပြည်သူတွေက ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။ ကဒါဖီကလည်း သူ့ကိုဆန့်ကျင်သူမှန်သမျှ ချေမှုန်းခဲ့တယ်။ နောက်ဆုံးမှာ ဆန့်ကျင်တော်လှန်ကြတဲ့ ပြည်သူတွေက လစ်ဗျားနိုင်ငံရဲ့ စစ်အာဏာရှင် မူအမ္မာကဒါဖီကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှာ သုတ်သင်ရှင်းလင်းပစ်ခဲ့ကြတယ်။

နောက်တဦးကတော့ အီရတ်နိုင်ငံရဲ့ စစ်အာဏာရှင် ဆဒမ်ဟူစိန်ပဲ ဖြစ်ပါတယ်။ သူ့မိသားစု ဘဝဇာတ်ကြောင်းက အတော်ဆိုးလှတယ်။ သူ့မိခင်က သူ့ကို ကိုယ်ဝန်ရှိချိန်မှာ ဖျက်ချဖို့အထိ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ မွေးဖွားခဲ့တယ်။ သူ့ရဲ့ဖခင်နဲ့ အစ်ကိုဖြစ်သူဟာ ကင်ဆာရောဂါနဲ့ သေဆုံးပြီးနောက် သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။ ပထွေးဖြစ်သူရဲ့ နှိပ်စက်တာကို မခံနိုင်တော့ ဦးလေးဖြစ်သူဆီမှာနေထိုင်ရင်း ကြီးပြင်းခဲ့သူဖြစ်တယ်။

ဆဒမ်ဟူစိန်ဟာ တော်လှန်ရေး အာရပ်ဆိုရှယ်လစ် ဘားသ်ပါတီကနေ ပဉ္စမမြောက် သမ္မတအဖြစ်နဲ့ ၁၉၇၉ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ကနေ ၂၀၀၃ ခုနှစ် ဧပြီလ ၉ ရက်နေ့ထိ ပဉ္စမမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ သူ့လက်ထက်မှာ အီရန်-အီရတ်စစ်ပွဲ၊ ပင်လယ်ကွေ့စစ်ပွဲ၊ အီရတ်-ကာဒ်ပဋိပက္ခ၊ ကူဝိတ်ကျူးကျော်စစ်ပွဲတွေ ဖြစ်ပေါ်ခဲ့တယ်။ ရက်စက်ပြင်းထန်တဲ့ အာဏာရှင်ဆန်မှုကို ပြည်သူတွေက ရှုတ်ချခဲ့ကြတယ်။ နိုင်ငံရေးအရ သုတ်သင်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်းကို လူပေါင်း ၂ သိန်းကျော် ဆဒမ်အစိုးရက သတ်ဖြတ်ကျူးလွန်ခဲ့တယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ကူဝိတ်စစ်ပွဲမှာလည်း လူပေါင်းသိန်းချီ သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ခဲ့ကြတယ်။

အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေက ၂၀၀၃ ခုနှစ်မှာ ဆဒမ်အစိုးရကို ဖယ်ရှားဖို့ တိုက်ခိုက်ခဲ့ပါတယ်။ ဆဒမ်ရဲ့ ဘားသ်ပါတီကို ဖျက်သိမ်းပြီး ဒီမိုကရေစီကျကျ ရွေးကောက်ပွဲ ပြန်ကျင်းပခဲ့တယ်။

၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဆဒမ်ကို ဖမ်းဆီးခဲ့ပြီး အီရတ်ကြားဖြတ်အစိုးရက လူအခွင့်အရေးရာဇဝတ်မှုနဲ့ စွဲချက်တင်ကာ ကြိုးမိန့်ချမှတ်ခဲ့တယ်။ ၂၀၀၆ ခုနှစ် သုံးနှစ်ကျော်အကြာ အသက် ၆၉ နှစ်အရွယ် ဆဒမ်ကို အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ ကာဒီမီးယာအရပ်မှာ ကြိုးပေးကွပ်မျက်ခဲ့တယ်။

အထက်ပါ အနှီပုဂ္ဂိုလ်ကြီးများဟာ စစ်အာဏာရှင်ပီသစွာ အမိန့်အာဏာနဲ့ လူတယောက်မှာ ရှိသင့်ရှိထိုက် ရသင့်ရထိုက်တဲ့ လူအခွင့်အရေးကို ချိုးဖောက်ခဲ့လို့ သူတို့ကိုယ်တိုင် လူဖြစ်ရက်နဲ့ လူလိုနိဂုံးမချုပ်ရဘဲ အသေဆိုးနဲ့ သမိုင်းဝင် နိဂုံးချုပ်ခဲ့ကြရတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၂၁ ခုနှစ်မှာ နွေဦးတော်လှန်ရေး စတင်ခဲ့ပါပြီ။ အာဏာရှင်ကို ပြည်သူလူထုက ဘက်ပေါင်းစုံကနေ ဆန့်ကျင်တော်လှန် တိုက်ခိုက်နေကြတာ ၂ နှစ်ပြည့်ပြီ ဖြစ်တယ်။ ၂ နှစ်တာကာလအတွင်း စစ်အာဏာရှင်ရဲ့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတာတွေ အကြမ်းဖက်လုပ်ရပ်အစုံစုံကို သက်သေအထောက်အထား ခိုင်လုံစွာနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲဆို‌နေကြပါပြီ။ ပြည်ပ အင်အားကြီးနိုင်ငံတွေကလည်း မြန်မာ့အရေး စိတ်ဝင်တစား ဆွေးနွေးကာ အာရုံစိုက်လာကြပြီ။ အာဏာရှင်တွေအတွက် တဖြည်းဖြည်း မြေကျောကျဉ်းလာပြီဖြစ်တယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆက်ဆက်က ပြည်သူကို အနိုင်ကျင့်ပြီး အကြောက်တရားနဲ့ မော်မကြည့်ရဲအောင် ဖိနှိပ်အုပ်ချုပ်ခဲ့တာ အခုတော့ နိဂုံးချုပ်ဖို့ အချိန်တန်ပါပြီ။ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးမဟာသုဓမ္မ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ဥက္ကဋ္ဌ (ပန်းချီ)ခင်လှိုင်+ဒေါ်လှမူ တိုရဲ့သား ဇနီး-ဒေါ်ကြူကြူလှနဲ့ အောင်ပြည့်စုံ၊ ခင်သီရိသက်မွန် တို့ရဲ့ဖခင် မင်းအောင်လှိုင်က ၂၀၂၀ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီထံကနေ လွှတ်တော်မစတင်မီ တရက်အလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ညသန်းခေါင်ကျော်မှာ အာဏာသိမ်းခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ သူကိုယ်တိုင်မဲပေးပြီး မှင်တို့ထားတဲ့လက်သန်းထောင်ကာ ရွေးကောက်ပွဲ အောင်မြင်ကြောင်း ပြောပြီး ရွေးကောက်ပွဲ မဲစာရင်းမှားလို့ဆိုကာ အာဏာသိမ်းလိုက်တယ်။ ပြည်သူလူထုက ဆန္ဒပြတော့ မတရားအာဏာသိမ်းတာကနေ အာဏာထိန်းတယ် ပြန်ဖြစ်သွားတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောလိုက် အိမ်စောင့်အစိုးရ ပြောလိုက်နဲ့ ဒီနေ့ဒီလိုပြောပြီး နောက်နေ့တမျိုးပြောတဲ့သူက အရူးချေးပန်းသလို သတ်ချင်သလိုသတ်၊ ဖမ်းချင်သလိုဖမ်းကာ လူထုရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီး၊ ဒီလိုစစ်အာဏာရှင်မျိုးကို မတော်လှန်တဲ့သူဟာ အလိုတူအလိုပါ အာဏာရှင်တွေပဲဖြစ်တယ်။ အားလုံး အမြစ်ပါမကျန် တွန်းလှန် သုတ်သင်ပစ်ရမှာ ဖြစ်တယ်။

ဦးနေဝင်း လက်ထက်မှာလည်း စစ်အာဏာရှင် အမြစ်မဖြတ်နိုင်ဘူး၊ ဦးသန်းရွှေ လက်ထက်မှာလည်း အာဏာရှင်တည်ရှိနေတယ်၊ ဦးသိန်းစိန် လက်ထက်မှာလည်း လိမ်နည်းမျိုးစုံနဲ့ ပြည်သူကို လှည့်ဖျားခဲ့တယ်။ အဲ့ဒီကာလတွေမှာတောင် အမြစ်မဖြတ်နိုင်တာ အခုလည်း အဲ့လိုနဲ့ ပြည်သူတွေ လက်လျှော့ကြလိမ့်မယ်လို့ အာဏာရှင်နဲ့ လက်ပါးစေ နောက်လိုက်တွေက ယူဆပြောဆိုကြတယ်။ နေဝင်းခေတ်နဲ့ သန်းရွှေခေတ် မတူခဲ့ဘူး။ သိန်းစိန်ခေတ်နဲ့ အရပ်သားအစိုးရ‌ခေတ် မတူတော့ဘူး။ အခု ခေတ်စနစ်မှာ အဲ့ဒီလိုမဟုတ်တော့ဘူး။ နှစ်ပေါင်း ၆၀ ကျော် အကြောက်တရားကို ၅ နှစ်နဲ့ ပြည်သူလူထုကို ညွှန်ပြပေးပြီး လူဆိုတာ လူလိုနေထိုင်ရမှ လူဖြစ်တယ်ဆိုတာ သိမြင်ခဲ့ကြပြီ။ ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ကမ္ဘာအနှံ့ဖြစ်စဉ်တွေနဲ့ မြန်မာပြည်သူတွေ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားနေကြပြီ။ ဒီနေ့ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲ။ စစ်ရေး၊ စီးပွားရေး၊ နည်းပညာ၊ လူငယ်တွေ သိမြင်၊ တွေးတောနိုင်ကြပြီ။ နိုင်ငံတကာနဲ့ယှဉ်ရင် ပညာရေး၊ ကျန်းမာရေး၊ အားကစား ကဏ္ဍအစုံ ဘာကြောင့် မြန်မာဟာ နောက်ကျရတာလဲ ဆိုတာ လူငယ်တွေ သိရှိနားလည်လာတဲ့‌နောက် စစ်အာဏာရှင်ကို မကြောက်မရွံ့ အသေရဲရဲ၊ အနေရဲရဲနဲ့ ရင်ဆိုင်တော်လှန်တိုက်ထုတ်နေကြပြီ။ မနိုင်စရာမရှိဘူး၊ အာဏာရှင်ဘက်မှာ ပြည်သူမရှိတော့ဘူး၊ အာဏာရှင် စစ်အုပ်စုအတွက် ရွေးစရာလမ်းလည်း မရှိတော့ဘူး၊ လမ်းဆုံးနေပြီ၊ နောက်နောင်မှာလည်း ဘယ်လိုအာဏာရှင်မျိုးကိုမှ လက်ခံကြမှာ မဟုတ်တော့ဘူး၊ အာဏာရှင်ရှိနေသရွေ့ တော်လှန်ရေးဟာ ရှိနေမှာဖြစ်တယ်။

ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုက်ပွဲဝင်နေကြတာ စစ်အာဏာရှင်တွေအတွက် နေမြင့်လေ အရူးရင့်လေ အခြေဆိုက်နေပြီဖြစ်တယ်။ ၂ နှစ်ပြည့်ချိန်မှာ တော်လှန်ရေးတိုက်ပွဲတွေ ပိုပြင်းထန်လာတယ်။ ဆန္ဒပြပွဲတွေ ပြည်တွင်း/ပြည်ပမှာ ခပ်စိပ်စိပ် ပြန်ဖြစ်လာတယ်။ အကြမ်းဖက်စစ်တပ်မှာလည်း ရင်ဆိုင်တိုက်ပွဲတွေမှာ အထိအခိုက် အကျအဆုံးများပြီး ခြေကုန်လက်ပန်းကျကာ စစ်ပန်းနေပြီ။ တော်လှန်ရေးအင်အားစုတွေက တနေ့ထက်တနေ့ ပိုမိုအားကောင်းလာတယ်။ “အာဏာရှင်နိဂုံး-၂၀၂၃” ဆိုတဲ့အတိုင်း အာဏာရူးသူတို့ရဲ့နိဂုံး အဆုံးသတ်မယ့်နှစ်၊ ပြည်သူတွေ အောင်ပွဲခံမယ့်နှစ် ဖြစ်စေဖို့ တိုက်ပွဲဝင်ရင်း... ။

ပေကြီး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024