Live
Home
မြန်မာသတင်း
တလအတွင်း ရိုဟင်ဂျာ ၂၀၀ နီးပါး ဖမ်းဆီးခံရပြီး ၇၇ ဦး ထောင်ဒဏ် ၂ နှစ် ချခံထားရ
DVB
·
January 30, 2023

ရန်ကုန်၊ ဟင်္သာတ၊ ပန်းတောင်းနဲ့ အမ်းမြို့မှာ အခုနှစ် ဇန်နဝါရီလအတွင်း ရိုဟင်ဂျာ အမျိုးသား ၁၂၃ ဦးနဲ့ အမျိုးသမီး ၇၀ ဦး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲက ၇၇ ဦးကို လ.ဝ.က ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ် ချထားတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ရန်ကုန်တိုင်း မြောက်ဒဂုံ၊ သန်လျင်၊ မရမ်းကုန်းမြို့နယ်နဲ့ ရွှေပြည်သာတို့မှာ ဇန်နဝါရီ ၂ ရက်မှ ၆ ရက်အတွင်း စစ်ကောင်စီက ရိုဟင်ဂျာအမျိုးသား ၈၁ ဦးနဲ့ အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၁၄၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၇၇ ဦးကို ထောင်ဒဏ် ၂ နှစ် အမိန့်ချထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရန်ကုန်မှာမိတဲ့သူတွေထဲကဆို သန်လျင်က ၇၇ ဦးပဲ အမိန့်ချရသေးတယ်။ ကျန်မြို့နယ်တွေက စစ်ဆေးနေတုန်း။”

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်မှာလည်း ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက ရိုဟင်ဂျာအမျိုးသား ၃၆ ဦးနဲ့ အမျိုးသမီး ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဧရာဝတီတိုင်းကလည်း ရန်ကုန်လိုပဲ၊ မနှစ်ကဆို ရိုဟင်ဂျာတွေ မိတာများတယ်။ ဒီလ ဟင်္သာတမှာ ၃၉ ယောက်မိတာပဲ ရှိသေးတယ်။”

အလားတူ ပြည်မြို့နယ်၊ ပန်းတောင်းမြို့၊ ကျီးပင်စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၄ ရက် ညနေကလည်း ရိုဟင်ဂျာအမျိုးသားနှစ်ဦးကို ရဲတွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုလာဖို့ လုပ်နေတဲ့ ရိုဟင်ဂျာအမျိုးသားလေးဦး ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းက အမ်းမြို့နယ် အမ်းတောင်အုပ်စု ဆင်ခုံတိုင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါသေးတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ရိုဟင်ဂျာ အမျိုးသား ၁၂၃ ဦးနဲ့ အမျိုးသမီး ၇၀ ဦး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲက အမျိုးသား ၄၅ ဦးနဲ့ အမျိုးသမီး ၃၂ ဦးကို လဝကဥပဒေပုဒ်မ ၆(၃) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ရိုဟင်ဂျာ ၂,၀၀၀ ကျော် ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူတွေရှိသလို လဝကဥပဒေနဲ့ ထောင်ကျခံနေရသူတွေလည်း ရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024