Home
မြန်မာသတင်း
အစာအဆိပ်သင့်မှုကြောင့် ဧရာဝတီတိုင်းတွင် ကြွက်ရာနှင့်ချီ သေဆုံး
ရွှေအောင်
·
May 28, 2014
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာမှာ ကြွက်ကောင်ရေ ၆၀၀ လောက် သေဆုံးခဲ့ရမှုဟာ အစာအဆိပ်သင့်ကြောင့် ဖြစ်တယ်လို့ ယူဆထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ mouse1မေလ ၂၂ ရက်ကနေ ၂၇ ရက်အတွင်း ကြွက်ကောင်ရေ ၆၀၀ လောက် သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးတဲ့ ကြွက်တွေကို ဓာတ်ခွဲစမ်းသပ်ချက်အရ အစာအဆိပ်သင့်တယ်လို့ ယူဆကြောင်း ပုသိမ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးကြီးကြပ်အဆင့် (၁) ဦးသောင်းတင်က ပြောပါတယ်။ “ကြွက်သေတွေကို ယူလာပြီး ၃ ကောင်ကို ရန်ကုန်ရှိ အမျိုးသား ဓာတ်ခွဲခန်းကို ပို့လိုက်တော့ ရန်ကုန်ကနေပြီးတော ပုလိပ်ရောဂါမတွေ့ရှိရဘူးလို့ ပြန်ကြားတယ်။ တိ၊ မွေး၊ ကု ဓာတ်ခွဲခန်းမှာ ခွဲကြည့်တာတော့ ကြွက်ရဲ့ အစာအိမ်တွေ အူတွေ မည်းနေတာတွေ့ရတယ်။ ဒါ အစာအဆိပ်သင့်တယ်လို့ ယူဆတယ်လို့ သူတို့က ပြောတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေ သုံးထားတဲ့ လယ်တွေမှာ ရေနဲ့ ဆေးတွေ ဓာတ်ပြုပြီးတော့ မိုးရေတွေက တွင်းထဲကို ၀င်သွားတော့ ဒီရေတွေကို ကြွက်လေးတွေ သောက်သုံးခြင်းအားဖြင့် သေတယ်လို့ ယူဆတာပေါ့။ အကောင်လေးတွေ အရွယ်အစားကလည်း လက်မလောက် လက်ညှိုး ၂ လုံးစာလောက်ပဲ သေးသေးလေးတွေ အကြီးကြီးတွေ မပါဘူး။” မေလ ၂၁ ရက်နေ့က ပုသိမ်မြို့နယ်အတွင်း မိုးအကြီးအကျယ် ရွာသွန်းခဲ့ပြီးတဲ့နောက် မေ ၂၂ ရက်မှာ ရွာအနီးအနားရှိ ကွင်းထဲတွေက ကြွက်တွေ ရာနဲ့ချီပြီး ရွာထဲဝင်ရောက်လာကြကာ အိမ်ခြံဝင်းတွေအနား လဲကျသေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအပြင် ဓနုဖြူနဲ့ လေးမျက်နှာ စတဲ့ မြို့နယ် ၃ ခုမှာ ကြွက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓနုဖြူနဲ့ လေးမျက်နှာဘက် ကြွက်သေဆုံးမှု ကတော့ နည်းပါးတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ တိရစ္ဆာန်မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနက အကြံပေးပညာရှင် ဒေါက်တာအောင်ကြီးကတော့ တောင်သူတွေကို ပိုးသတ်ဆေးသုံးစွဲမှု ပညာပေးလုပ်ဆောင်ဖို့လိုတယ်လို့ မှတ်ချက်ပေးပါတယ်။ “အစာ အဆိပ်သင့်တာရယ် နောက်တခုက စိုက်ခင်းတွေမှာ ဖြန်းတဲ့ ပိုးသတ်ဆေးတွေကြောင့်လို့ အကြမ်းဖျင်း သိရတယ်လို့ ကျနော်တို့လည်း တွက်ထားပါတယ်။ ကျနော်တို့ နိုင်ငံမှာ ဒီလိုမျိုး တခါမှ များများစားစား မဖြစ်ဖူးဘူး။ အခုကျမှ ဒါဖြစ်တယ်ဆိုတော့ စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်ပြီး ပိုးသတ်ဆေး သုံးစွဲတာတွေကို အများကြီး ဂရုစိုက်ဖို့လိုတယ်။ တဖက်ကလည်း တောင်သူတွေကို ပညာပေးဖို့ လိုတယ်။” ဧရာဝတီတိုင်းအတွင်း အခုလိုမျိုး ကြွက်ကောင်ရေရာနဲ့ချီပြီး တပြိုင်နက်တည်း သေဆုံးမှုမျိုး အရင်က မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကြွက်တွေသေဆုံးမှုနဲ့ ပတ်သက်ပြီး လူတွေရဲ့ ကျန်းမာရေး ထိခိုက်မယ့် အန္တရာယ်ရှိမရှိတော့ အသေအချာ မသိရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024