Home
ဆောင်းပါး
စစ်မိစ္ဆာဂိုဏ်းအောက်မှာ အပိုးကျိုးသွားတဲ့ သာသနာ
DVB
·
January 10, 2023

ဇန်နဝါရီ ၄ ရက်နေ့က စစ်မိစ္ဆာဂိုဏ်းက ဘွဲ့ပေးအပ်ပွဲ လုပ်ခဲ့သလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီး စိစစ်ပြီးလွှတ်တဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်နဲ့အတူ ဆိုးခိုးလုယက် မုဒိမ်းသမားတွေ အများစုကို လွှတ်ပေးလိုက်တယ်။ ဘွဲ့ပေးတဲ့အကြောင်းတော့ မပြောချင်။ အဓိကပြောချင်တာက လွတ်ငြိမ်းချမ်းသာခွင့်အကြောင်းလည်း မဟုတ်။ ဒါပေမဲ့ ဒီအကြောင်းတော့ အနည်းငယ်ပြောချင်သေးတယ်။

ဗိုလ်မင်းအောင်လှိုင်တို့ စစ်မိစ္ဆာဂိုဏ်းက လွှတ်ပေးတဲ့ လွတ်ငြိမ်းခွင့်ဆိုတာ ပြည်တွင်းစစ်ရေး ဖိအားနဲ့ နိုင်ငံတကာဖိအားကြောင့်ဆိုတာ အားလုံးသိပြီးသားကိစ္စ။ အဲ့လိုလွှတ်ပေးခဲ့တဲ့အထဲမှာ ၁၉၈၀ က ဗိုလ်နေဝင်းလည်း လွှတ်ပေးခဲ့ဖူးတယ်။ ဗိုလ်နေဝင်း လွှတ်ပေးခဲ့စဉ်က နိုင်ငံရေးအကျဉ်းသားတွေကို အဓိကထား လွှတ်ပေးခဲ့တာ။

၁၉၇၄၊ ၇၅၊ ၇၆ ကျောင်းသား၊ အလုပ်သမားတွေနဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ အားလုံးနီးပါး လွှတ်ပေးခဲ့တာ။ ဗိုလ်နေဝင်းရဲ့ စစ်မိစ္ဆာဂိုဏ်း လွှတ်ပေးခဲ့စဉ်က နိုင်ငံတကာဖိအားနဲ့ ပြည်တွင်းစစ်ဖိအား ဒီလောက်အထိ မပြင်းထန်ခဲ့ဘူးလို့ ဆိုနိုင်တယ်။

ဒါဖြင့် ဘာလို့လွှတ်ပေးခဲ့တာလဲလို့ မေးစရာရှိတယ်။ သူနိုင်ပြီထင်လို့ နိုင်ငံရေး အုပ်ချုပ်ရေးအရ သူသာပြီထင်လို့ လွှတ်ပေးခဲ့တာလို့ပဲ ပြောရမယ်ထင်တယ်။ တကယ်လည်း ဟုတ်ခဲ့တယ်။ ၁၉၆၂ ခု ဇူလိုင် ၇ လူသတ်ပွဲနဲ့အတူ ကျောင်းသားတွေကို ရက်ရက်စက်စက် သတ်ပြခဲ့တယ်။ ၁၉၆၃ မှာ အယောင်ပြငြိမ်းချမ်းရေး ပျက်သွားတော့ ကျောင်းသားနဲ့ နိုင်ငံရေးသမားတွေ ဖမ်းပြီး ကိုကိုးကျွန်း ပို့ခဲ့တယ်။ ကျောင်းသားသမဂ္ဂလည်း ဖျက်သိမ်းလိုက်တယ်။ ပါတီအဖွဲ့အစည်းတွေ အသင်းအပင်း အစုံစုံကိုလည်း ဖွဲ့စည်းခွင့်မပြုတော့ဘူး။ မဆလ တပါတီတည်းပဲ ရှိတော့တယ်။

၁၉၇၄ မှာ ခြေ/ဥကို ပြဋ္ဌာန်းတယ်။ မဆလပါတီအဖြစ် ပါတီတခုတည်း ရပ်တည်ခွင့်ရှိတယ်။ ၁၉၆၇ မှာ တရုတ်-ဗမာ အရေးအခင်းဖန်တီးပြီး ကွန်မြူနစ်ဆန့်ကျင်ရေး လုပ်လိုက်တယ်။ ဗကပ အလံဖြူ၊ အလံနီ ယူဂျီတွေ အဖမ်းခံရတယ်။ ဗကပလည်း ပဲခူးရိုးမကနေ အရှေ့မြောက်တိုင်းဆီ ‌ရွှေ့သွားရတယ်။ ၁၉၆၉၊ ၇၄၊ ၇၅၊ ၇၆ အလုပ်သမားနဲ့ ကျောင်းသားတွေ အဖမ်းခံရတယ်။ ၁၉၆၂ ဗကသ၊ တကသ၊ ကျောင်းသားမျိုးဆက်တွေ ကုန်သလောက် ဖြစ်သွားပြီ။ သားသုံးသားမှာ စစ်သားနဲ့ ကျောင်းသားကို ထိန်းချုပ်နိုင်ပြီလို့ ယူဆဟန်ရှိတယ်။ သူ့အထင်နဲ့ သူ့ဘဝင်ကိုး။ ကျောင်းသားအဖွဲ့အစည်းဟာ သူထင်သလို အပိုးမကျိုးခဲ့လို့လည်း ၈၈ အရေးတော်ပုံကြီး ပေါ်လာခဲ့တာပဲ။ သူနိုင်ပြီး အပိုးကျိုးစေခဲ့တာက စစ်သားနဲ့ ဘုရားသားတော်တွေသာ ဖြစ်တယ်။

သားသုံးသားမှာ ကျန်နေတာက ‘ဘုရားသားတော်’ ဘုန်းတော်ကြီးတွေပဲ ရှိတော့တယ်။ အဲ့ဒီအတွက် သာသနာသန့်ရှင်းရေး အမည်ခံကာ ‘ဂိုဏ်းပေါင်းစုံဝိနိစ္စယ’ တွေလုပ်ပြီး ဘုန်းကြီးအများစုဖြစ်တဲ့ ထေရဝါဒနဲ့မတူတဲ့ သံဃသမဂ္ဂဂိုဏ်းအချို့ကို နှိပ်ကွပ်လိုက်တယ်။ ဂိုဏ်း ၉ ဂိုဏ်းပဲချန်ပြီး ကျန်ဂိုဏ်းတွေကို ဖြတ်တောက်ခုတ်ထစ် ပစ်လိုက်တယ်။ ဘိုးတော်တွေ ထွက်ရပ်ပေါက်ဂိုဏ်းတွေလည်း ပါသပေါ့။ အဲ့လို ‘သံဃဝိနိစ္စယ’ တွေလုပ်ပြီး သံဃမဟာနာယကအဖွဲ့ကြီး တည်ထောင်ပေးလိုက်တယ်။ ဘုန်းကြီးအားလုံး စစ်မိစ္ဆာဂိုဏ်း အာဏာစက်အောက် ထည့်သွင်းခံလိုက်ရပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး သာသနာဟာ စစ်မိစ္ဆာဂိုဏ်းအောက်မှာ အပိုးကျိုးသွားခဲ့တော့တာပါပဲ။

ကိုလိုနီအောက် ကျရောက်စဉ်ကလည်း ‘အမျိုး၊ သာသနာ၊ ပညာ’ ဆိုပြီး ဖိနှိပ်ခံတွေဘက်က ရပ်တည် လက်ခမောင်းခတ်နိုင်ခဲ့တယ်။ ကိုလိုနီလက်အောက်မှာ အပိုးကျိုးမသွားခဲ့ဘူး။ ဒါကလည်း လူထုထောက်ခံမှု အားကောင်းခဲ့တာလည်း ပါမှာပါ။ တနည်းပြောရရင် ပြည်သူလူထုထောက်ခံမှု အားကောင်းခဲ့လို့ ရပ်တည်နိုင်ခဲ့တာ။ လူထုထောက်ခံမှု မရှိတော့တာနဲ့ အဲ့ဒီအဖွဲ့အစည်းတခုဟာ မှေးမှိန်ပျောက်ကွယ်သွားမှာပဲ။ ၂၀၀၇ မှာတော့ ရွှေဝါရောင်တော်လှန်ရေးနဲ့ လူထုဘက်က ရပ်တည်ပေးနိုင်ခဲ့သေးရဲ့။

ဒါတွေအားလုံးကို ပြန်လည်ဆန်းစစ်ကြည့်တော့ ဗမာပြည်မှာ ပုဂံခေတ်ကစပြီး ဘာသာ သာသနာဟာ နိုင်ငံတော်အာဏာစက်အောက်ကနေ လွတ်လပ်စွာ ရပ်တည်နိုင်ခြင်း မရှိခဲ့ဘူး။ သာသနာဟာ အုပ်ချုပ်သူရဲ့ အသုံးချခံပဲ ဖြစ်ခဲ့တယ်လို့ ဆိုရင် သင့်မယ်ထင်ပါတယ်။ အနော်ရထာကလည်း သူ့အာဏာကို အန္တရာယ်ပေးနိုင်တယ်လို့ ထင်မြင်တဲ့အတွက် မဟာယာနတွေ (အရည်း)၊ တနည်းပြောရရင် ‘တောကျောင်းဘုန်းကြီး’ တွေကို နှိမ်နင်းဖို့ ရှင်အရဟံကို အသုံးချခဲ့တာလို့ယူရင် ရနိုင်ကောင်းပါတယ်။ အဲ့သလို သာဓကဆောင်ပြစရာတွေကလည်း သမိုင်းတလျှောက် ပေါမှပေါ။

ထင်ရှားတဲ့ သာဓကတခုအနေနဲ့ နရသူမင်းကိုကြည့်လေ။ သူအာဏာရဖို့ မင်းဖြစ်ဖို့အတွက် ပံ့သကူမထေရ်ကို အသုံးချပြီး နန်းတက်ခဲ့တာမဟုတ်လား။ နောက်တော့ ပံ့သကူမထေရ်ဟာ ကတိမတည်၊ သစ္စာမရှိတဲ့ နရသူကို စွန့်ခွာသွားခဲ့တယ်။ ပြန်ပင့်တော့လည်း ပြန်ပါလာတာပါပဲ။ ဘုရင့်အာဏာစက်အောက်က ရုန်းမထွက်နိုင်ခဲ့ပါဘူး။

‘ဥရောပနိုင်ငံတွေနဲ့ ကွာခြားတယ်။ ဥရောပနိုင်ငံတွေမှာက ခရစ်ယာန်ကျောင်းတော်တွေဟာ ဘုရင်အာဏာစက်အောက်မှာ မရှိခဲ့ဘူး။ နိုင်ငံတော်အာဏာစက်နဲ့ ကင်းအောင်နေကြတယ်။ ဘုရင်ကလည်း ဘုန်းတော်ကြီးတွေရဲ့ ဩဇာရိပ်နဲ့ ကင်းအောင်နေကြတာ။ အနောက်ရဲ့ ဒီမိုကရေစီမှာ ကျောင်းတော်ကြီးနဲ့ နိုင်ငံတော် စည်းခြားခဲ့တာ ဉာဏ်အလင်းခေတ်ကတည်းကပဲ။ ထွေးရောယှက်တင်မရှိဘူး’ လို့ ဖတ်ရဖူးတယ်။

တခုတော့ရှိတာပေါ့။ ဒီကသာသနာနဲ့တော့မတူ။ ကျောင်းတော်ကြီးတွေက အစကတည်းက နိုင်ငံအုပ်ချုပ်ရေးအာဏာကို ဆန့်ကျင်ထားပြီးသား။ သက်ဦးဆံပိုင်တို့ရဲ့ အာဏာကို ကန့်သတ်ဖို့ အမြဲကြိုးစားလေ့ရှိတယ်။ ကျောင်းထိုင်သာသနာပိုင်တွေက အာဏာရှိသူတွေကို ဖားမနေဘူး။ အမြှောက်စားခံမနေဘူး။ ဒါပေမဲ့ လူမှုရေးအတွက် လူသားတွေရဲ့ ထိမ်းမြားလက်ထပ်မှုတွေ၊ မွေးမှု၊ သေမှုအတွက် ကျောင်းတော်ကြီးတွေက အကာအကွယ်ပေးခဲ့တယ်။ လူတိုင်း မွေးမှု၊ သေမှု၊ ထိမ်းမြားလက်ထပ်မှုတွေနဲ့ မကင်းတဲ့အတွက် ဘုရင်တွေကလည်း ကျောင်းတော်ကြီးနဲ့ကင်းလို့ မရဘူးလို့ လေ့လာခဲ့ဖူးရဲ့။ ဒါကြောင့် ကျောင်းတော်ကြီးတွေက ဘုရင်တွေအပေါ် နိုင်ဖဲကိုင်ထားနိုင်ခဲ့ကြတယ်။

ဗုဒ္ဓသာသနာလိုဆိုရင် ‘ပတ္ထနိက္ကုဇ္ဇန’ ကံဆောင်သလိုပေါ့။ ဗမာ့သမိုင်းတလျှောက်မှာလည်း ‘ပတ္ထနိက္ကုဇ္ဇနကံ’ ကို ပုဂံခေတ်ကစပြီး ၆ ကြိမ်လောက် ဆောင်ခဲ့ဖူးတယ်။ ဒီနောက်ပိုင်းခေတ်အရဆိုရင် ၁၉၉၀ နဝတလက်ထက် မန္တလေးသံဃာထုတွေတကြိမ်၊ ၂၀၀၇ ပခုက္ကူသံဃာတွေက အစပြုပြီး တကြိမ်ဆောင်တာ တွေ့ကြုံခဲ့ရသေးတယ်။ အခုထိ စစ်မိစ္ဆာတွေကတော့ ဝန်ချတောင်းပန်တာ မလုပ်ခဲ့ပါဘူး။ အဲ့ဒီ ကံဆောင်မှုတွေကို ကြည့်လိုက်တော့ ကံဆောင်တဲ့ဘုန်းကြီးရှိသလို အုပ်ချုပ်သူရဲ့ အခွင့်အရေးပေးမှု လာဘ်လာဘကို မျှော်ကိုးသူတွေကြောင့် နိုင်ငံတော်ပွဲတွေမှာ တက်ရောက်လာတော့ ကံဆောင်တာ မအောင်မြင်ဘူးလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ဒါကလည်း စစ်မိစ္ဆာဂိုဏ်းရဲ့ အောက်မှာ သာသနာဟာ အပိုးကျိုးသွားခဲ့တာရဲ့ ပြယုဂ်တခု ဖြစ်နေတာပါပဲ။ သခင်အောင်ဆန်း ပြောသလို ‘ဘာသာရေး အမှီပြုပြီး သက်မွေးဝမ်းကျောင်းပြု’ တဲ့ ဘုန်းကြီးလည်း ရှိပေတာကိုး။

တကယ်တော့ အနောက်ကမ္ဘာမှာ ဘာသာသနာနဲ့ အုပ်ချုပ်ရေး စည်းခြားထားပြီးသား။ Secular State လို့ခေါ်တဲ့ ‘ဘာသာ သာသနာ တခြား၊ အုပ်ချုပ်ရေးတခြား’ နိုင်ငံတွေ ဖြစ်ခဲ့တာ ဉာဏ်အလင်းခေတ်ကတည်းကပဲ။ တကယ်တော့ ဗမာပြည်ရဲ့ ‘တည်ထောင်ခဲ့ကြတဲ့ အသင်းအပင်း အဆောက်အအုံ အဖွဲ့အစည်း’ တွေထဲမှာ သက်တမ်းအရှည်ကြာဆုံး အဖွဲ့အစည်း အဆောက်အအုံကို ပြောပါဆိုရင် ‘သံဃာအဖွဲ့အစည်း’ လို့ပဲ ပြောရမှာပါ။ အခိုင်အမာ အဆောက်အအုံတခုလည်း ဖြစ်တယ်။ ပုဂံခေတ်ကစပြောရင် နှစ် ၁,၀၀၀ လောက်ရှိနေပြီ။

ဒီလောက်ရှည်ကြာခဲ့ပေမဲ့ အုပ်ချုပ်သူအာဏာစက်အောက်မှာ ခိုင်းတာလုပ်၊ အပြောခိုင်းတဲ့အတိုင်းပြော၊ ဖားလိုဖား၊ မြှောက်ပင့်လိုမြှောက်ပင့် လုပ်နေကြဆဲ။ စစ်မိစ္ဆာဂိုဏ်းက လိမ်ညာကောက်ကျစ် ယုတ်မာနေတာတောင် ‘သာသနာ ဒါယကာ မင်းကောင်းမင်းမြတ်’ လို့ ပြောလိုပြော။ လူသတ်၊ မုဒိမ်းကျင့်၊ လူထုစည်းစိမ်ဥစ္စာကို ခိုးဆိုး လုယက်နေတာကို မျက်မြင်ကိုယ်တွေ့ ကြားရ မြင်နေရတာတောင် ‘မိစ္ဆာအယူရှိသူကို သတ်တာဟာ အပြစ်မရှိ’ လို့ ဆိုသူကဆို။ ‘ဘုရားစကားတွေကို လိုသလိုဖွင့်ဆိုပြီး လူသတ်အားပေး လုပ်နေတာတွေဟာ ဘယာကြောင့်လား။ လာဘလောဘကြောင့်လား။ မင်းဆရာအဖြစ် အပူဇော်ခံချင်တာလား’ ဆိုတာ မသိတတ်နိုင်တော့။ ဘာပဲဖြစ်ဖြစ် သာသနာဟာ စစ်မိစ္ဆာဂိုဏ်းအောက်မှာ မလှုပ်သာမလူးသာ ပြားပြားဝပ်လို့ အပိုးကျိုးသွားတာလည်း အမှန်ပင်။

ပါမောက္ခ ဦးမောင်မောင်ကြီးကတော့ သူ့ရဲ့ Burmese Political Value မှာ “ဥပဒေမဲ့အုပ်ချုပ်မှုအောက်တွင် သံဃာအဖွဲ့အစည်းမှာ အခွင့်ထူးခံ လူတန်းစားတရပ်လို ဖြစ်လာသည်” လို့ ဘုရင့်အုပ်ချုပ်မှုကို အခြေခံပြီး သုံးသပ်တင်ပြခဲ့ဖူးတယ်။ ဆက်လက်ပြီး ဖော်ပြထားတာက “ဘုရင်စနစ်ကိုကား အထောက်အပံ့ပေးကြရာတွင်မူ သာသနာ ဒါယကာဘွဲ့ ခံယူလိုသော ဘုရင်နှင့် အခွင့်ထူးခံ ဘုန်းကြီးတို့မှာ တလှေတည်းစီး တခရီးတည်းသွားများသာ ဖြစ်သည်’ လို့ ဆိုထားတယ်။ အခုချိန်ထိလည်း ဆရာ့သုံးသပ်ချက်အတိုင်း ဖြစ်နေတာပါပဲ။ ဒါကြောင့် ဗမာပြည်တလျှောက်လုံး သံဃာအဖွဲ့အစည်း အဆောက်အအုံဟာ ဆွမ်းဒါယကာ လူထုအတွက် ကြံ့ကြံ့ခံရပ်တည်တာမျိုးကို မတွေ့ရဘဲ အာဏာရှိသူရဲ့လက်အောက်မှာ ပြားပြားဝပ် အပိုးကျိုးနေတာ သမိုင်းမှာ အထင်အရှားပဲ။

ဒါတွေကိုကြိုမြင်တဲ့ သခင်အောင်ဆန်းက ဘာသာ သာသနာရေးနဲ့ အုပ်ချုပ်ရေးကို သီးခြားဆီကန့်ထားတဲ့ Secular State ဖြစ်ဖို့အတွက် “နိုင်ငံရေးနှင့် ကိုးကွယ်သည့်ဘာသာရေး နှစ်ဌာနကြားတွင် စည်းထားရလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးနှင့် ဘာသာရေးမှာ သဘောမတူ၊ အမူကွဲပြား တခြားစီဖြစ်သောကြောင့်တည်း။ ဘာသာရေးနှင့် နိုင်ငံရေး ရောစပ်ပါမူ ဘာသာရေးရဲ့ သဘောတရားကို ဆန့်ကျင်ရာရောက်သည်။ အကြောင်းမူကား ဘာသာရေးသည် နောင်တမလွန်ဘဝများကို (သို့) လောကုတ္တရာကို ရှေ့ရှုသည်ဖြစ်သောကြောင့် လောကအရေးနှင့် များစွာမသက်ဆိုင်။ နိုင်ငံရေးမူကား လောကီအရေးသာဖြစ်ပေ၏” လို့ ဆိုပြီး ကန့်သတ်ပိုင်းခြားပြခဲ့တယ်။

သခင်အောင်ဆန်း သုံးသပ်ပြောဆိုခဲ့တဲ့ “ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးနေပါမူ ဘာသာရေးရဲ့ သဘောတရားကို ဆန့်ကျင်ရာရောက်တယ်” ဆိုတဲ့အချက်ကို အလေးအနက် စဉ်းစားသင့်တယ်။ ဘာသာ သာသနာအကျိုး လိုလားတဲ့ ဘုန်းတော်ကြီးတွေအနေနဲ့ ဒီအချိန်မှာ အမှန်ကိုမြင်ပြီး အဓမ္မဝါဒနောက်လိုက်တဲ့ မိစ္ဆာအားပေးအဆင့်ကနေ ရုန်းထွက်တွန်းလှန်ကြဖို့ အချိန်သင့်လို့နေပါပြီ။ တပြိုင်တည်းမှာ ‘အရေပြောင်းခြုံလာသူက’ စစ်မိစ္ဆာအရိပ်ကိုခိုရင်း လူထုနှလုံးတိမ်းညွှတ်ရာ ဝိနည်းဓိုရ်တဲ့ ရွှေကျင်ဂိုဏ်းမှာ နေရာယူထားပြီး အတွင်းလှိုက်ဖျက်ဆီးဖို့ ကြံရွယ်နေသလား’ ဆိုတဲ့ လူထုရဲ့ သံသယတွေကလည်း အထင်အရှား ထွက်ပေါ်လာတယ်။ ဒါကြောင့် ထေရဝါဒကို စောင့်ရှောက်လိုတဲ့ ဘုန်းတော်ကြီးတွေအနေနဲ့ သေချာစိစစ်ပြီး အဖြေရှာရင်း စစ်မိစ္ဆာအာဏာစက်အောက်မှာ အပိုးကျိုးနေရတဲ့ဘဝကနေ ရုန်းထွက်သင့်ပြီလို့ ထင်မြင်ယူဆမိပါတယ်။

‘စစ်မိစ္ဆာဂိုဏ်းအာဏာစက်’ အောက်က ရုန်းထွက်လို့ ဘာသာ သာသနာအကျိုး ဆောင်ရွက်သူများ ပေါ်ထွက်လာနိုင်ကြပါစေ။ လူမျိုးမရွေး ဘာသာမရွေး လွတ်လပ်စွာ မိမိတို့ကိုးကွယ်ရာ ဘာသာ သာသနာအကျိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုတင်ပြလိုက်ရပါတယ်။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု…

ဂန္ထဝင်မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024