ရုရှသမ္မတ ကမ္ဘာ့စွမ်းအင်ကုမ္ပဏီ ခေါင်းဆောင်တွေနှင့် တွေ့ဆုံ

ရုရှသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှနဲ့ကမ္ဘာ့စွမ်းအင်ကုမ္ပဏီတွေရဲ့ ခေါင်းဆောင်တွေနဲ့ စိန့်ပီတာ စဘတ် စီးပွားရေးဖိုရမ်မှာ မေလ ၂၄ ရက်နေ့က တွေ့ဆုံပါတယ်။ ယူကရိန်း အကျပ်အတည်းကြောင့် အနောက်ဥရောပနိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု တွေ ရှိနေပေမယ့် ရုရှရဲ့စီးပွားရေးတွေ ဆက်လက် လုပ်ဆောင်နိုင်စေဖို့ ရည်ရွယ်ထားတာပါ။ Putinအစည်းအဝေးကို တက်ရောက်လာသူတွေထဲမှာ စီးပွားရေး ဒဏ်ခတ်ခံထားရတဲ့ စီးပွားရေးသမား ၂ ယောက် ကမ္ဘာကျော် ဘီပီရှဲနဲ့ တိုတယ် ရေနံကုမ္ပဏီကြီးတွေရဲ့ အကြီးအကဲတွေလည်း ပါဝင်ပါတယ်။ အစည်းအဝေးအစမှာ ပူတင်က ကျနော်တို့မှာ ခင်ဗျားတို့နဲ့ ဆက်ဆံရေးသိပ်ကောင်းမှု ရှိပါတယ်။ ကုမ္ပဏီတွေဟာ အောင်အောင်မြင်မြင် လည်ပတ်နေပြီး ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ အမြတ်အစွန်းတွေ ရနေကြတယ်။ လတ်တလော နှစ်တွေအတွင်း ကမ္ဘာ့စွမ်းအင် ကုမ္ပဏီကြီးတွေ နဲ့ ရုရှအာဏာပိုင်တွေကြား ဆက်ဆံရေး ဟန်ချက်ညီနေခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်း အကျပ်အတည်းကြောင့် အေးခဲသွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆက်ဆံရေးကို ရုရှသမတက ပြန်နွေးထွေးအောင် ကြိုးစားခဲ့ပေမယ့် တခြားအကြီးတန်း အမှုဆောင်တွေ အများအပြားကတော့ ညီလာခံကို သပိတ်မှောက်ခဲ့ကြပါတယ်။ စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်ဟာ ဘောလ်တစ် ပင်လယ်ကမ်းခြေက မြို့တော်ဟောင်းမှာ ရှိပြီး တကမ္ဘာလုံးက စီးပွားရေးခေါင်းဆောင်တွေ တက်ရောက်တဲ့ အမေရိကန် ဒေါ်လာ ဘီလျံချီတန်တဲ့ စီးပွားရေး စာချုပ်တွေ လက်မှတ်ထိုးရာ ပွဲပါ။ ဒီနှစ်မှာတော့ စီးပွားရေး ကုမ္ပဏီကြီးတွေက အမှုဆောင်အရာရှိချုပ် အများအပြားက အမေရိကန်အစိုးရရဲ့ ဖိအားအောက်မှာ ခပ်ဝေးဝေး နေခဲ့ကြပါတယ်။ ရုရှက ခရိုင်းမီးယားကို သိမ်းပိုက်ပြီး အမေရိကန်နဲ့ ဥရောပ သမဂ္ဂက ရုရှအစိုးရကို စီးပွားရေး ဒဏ်ခတ်မှု နောက်အကျော့မှာတော့ စွမ်းအင်လုပ်ငန်း ကို ပစ်မှတ်ထားကောင်းထားနိုင်ပါတယ်။ ရေနံနဲ့ ဓာတ်ငွေ့ ပြည်ပတင်ပို့မှုဟာ ရုရှနိုင်ငံ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း ရှိနေပါတယ်။ ရုရှဟာ ကမ္ဘာ့အကြီးဆုံး ရေနံ ထုတ်လုပ်သူနဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up