Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် စစ်တပ်က ရွာမီးရှို့ဖျက်ဆီး၊ အင်းတော်မြို့နယ်၌ မိုင်းထောင်
DVB
·
January 2, 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ဆည် မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ မြိုင်သာယာကျေးရွာကို ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၃ နာရီလောက်က စစ်ကောင်စီ လက်အောက်ခံ ခမရ-၃၆၈ နဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်ပြီး ပြည်သူ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေမရှိဘဲ ကျေးရွာတွေကို အကြောင်းမဲ့သက်သက် လိုက်လံ မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး ကျေးရွာ ၃ ရွာက ပြည်သူပိုင်နေအိမ် ၅၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့   ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူတဦးကပြောပါတယ်။

“ဒီဇင်ဘာ ၁၇ ရက်နဲ့ ၂၄ ရက်နေ့မှာလည်း ဂါးဂလော်ရွာကို ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာ လူနေအိမ် ၃၁ လုံးနဲ့ အပြစ်မဲ့ပြည်သူ ၅ ယောက်ကို အကြမ်းဖက် ဖမ်းဆီးခဲ့သေးတယ်။ ဖမ်းဆီးခံရတဲ့ ၅ ယောက်မှာ အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ရပေမဲ့ အမျိုးသမီး ၂ ယောက်မှာ ဒီနေ့အထိ အဆက်အသွယ် ပြတ်တောက်နေပြီး သတင်းအစအန မရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄၊ ၁၅၊ ၁၆ ရက်နေ့တွေတုန်းကလည်း လွှဲဆိပ်ရွာ၊ လက်ခုပ်ကုန်းရွာနဲ့ ဘောရွာတို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကြောင့် မြိုင်သာယာရွာနဲ့ အနီးတဝိုက်ရှိ ရေအေးရွာ၊ ကျေးပင်အက်ရွာတွေက အပြစ်မဲ့ပြည်သူတွေ ထောင်နဲ့ချီပြီး တောတောင်တွေထဲ အိုးအိမ်စွန့်ခွာ စစ်‌ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ လက်နက်တပ်ဆင်ပေးထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး‌အဖွဲ့တွေ ကန့်ဘလူမြို့နယ်အတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ လူနေအိမ် ၈၉၅ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလမှာ လူနေအိမ်ပေါင်း ၂၁၆ လုံး မီးရှို့ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)ကဆိုပါတယ် ။

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း ဒီဇင်ဘာလ ၃၀ မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာပြီး အိုးဘိုရွာကို  မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၆၉ လုံး  မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူတစ်ဦးကို ဖမ်းဆီးသွားတယ်လို့ နွေဦးတော်လှန်ရေး မြိုင်အဖွဲ့ က ပြောပါတယ်။

နွေဦးတော်လှန်ရေးမြိုင် အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက "ကန်နီပျူရွာက ပျူတွေနဲ့ ရေစကြိုဘက်က တက်လာတဲ့စစ်ကြောင်းပေါင်းပြီး ၂၉  ရက်နေ့ နံနက်မှာ မန်ကျည်းလေးပင်ရွာရှို့ကာ နေ့လည်ဘက် ကန်နက်ရွာရှို့ပါတယ်။ ကန်နက်ကနေ အိုးဘိုရွာပြောင်း ညအိပ်ပြီး ဒီဇင်ဘာလ ၃၀ မနက်အစော အိုးဘိုရွာရှို့ခဲ့ပါတယ်။ ရွာသုံးရွာပေါင်း နေအိမ် ၁၄၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်" လို့ ဆိုပါတယ်။

အိုးဘိုရွာဟာ အခုဆိုလျှင် သုံးကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပြီး နေအိမ် ၆၉လုံး လောက် ဆုံးရှုံးခဲ့ကာ ဖမ်းဆီးသွားသောဒေသခံတစ်ဦးပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက ကျေးရွားတွေကိုမီးရှို့ဖျက်စီးမှုတွေ လုပ်ဆောင်နေတာကြောင့် အခုဆိုရင် မြိုင်မြို့နယ်ထဲက ကျေးရွာသုံးရွာရှိ ပြည်သူ ထောင်နှင့်ချီ နီးစပ်ရာ တောတောင်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာတွေ၊ ဆောင်းရာသီ ဖြစ်တာကြောင့် အဝတ်အထည်၊ဆောင်တွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ရွာမှာတော့ စစ်တပ်က စပါးကောက်စိုင်ပုံထဲ မိုင်းထောင်ထားခဲ့ရာ ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီလောက်က စပါးခြွေလှေ့နေစဉ် မိုင်းပေါက်ကွဲပြီး အမျိုးသား ၁ ဦး ဒဏ်ရာရကာ စပါးခြွေလှေ့စက် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့ထံကသိရပါတယ်။

အင်းတော် PDF တပ်ဖွဲ့ဝင်တစ်ဦးက "စစ်ကောင်စီ ထောင်ထားတဲ့မိုင်း စပါးခြွေနေတုန်း ပေါက်ကွဲတာ အသက် ၂၆ နှစ်အရွယ် အမျိုးသား တဦး ထိခိုက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာတွေတော့ တော်တော်များတယ်။ မစိုးရိမ်ရပါဘူး။ ခြွေလှေ့စက်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်။ ပြည်သူတွေ အစစအရာရာ ဂရုစိုက်ကြပါ” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဆန်းပိုင်းကလည်း အင်းတော်မြို့နယ် နန်းကင်ရွာအနီး စစ်‌ကောင်စီလက်‌အောက်ခံစစ်တပ် ထောင်ထားတဲ့ မိုင်းပေါက်ကွဲပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ အင်းတော် ဒေသခံတွေကဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024