Home
ဆောင်းပါး
၂၀၂၂ တနှစ်တာ မြန်မာ့သတင်းမှတ်တမ်း
DVB
·
January 2, 2023

ဇန်နဝါရီ 

-စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် တခြားဘဝတူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည်ကာကွယ်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

-မြန်မာနိုင်ငံသား ပြည်သူအပေါင်းတို့ လူမျိုးကြီးဝါဒ၊ အာဏာရှင်ဝါဒနဲ့ စနစ်တွေကို အမှန်တကယ် အမြစ်ပြတ်ချေမှုန်းနိုင်ရင် မျှော်လင့်ကြိုးစားနေတဲ့ နိုင်ငံရေး မျှော်မှန်းချက်ကို ရောက်ရှိတော့မှာဖြစ်တဲ့အတွက် ကျရာအခန်းကဏ္ဍကနေ အားလုံး အားသွန်ခွန်စိုက် ကြိုးစားပါဝင်ကြဖို့  ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက နှစ်သစ်မိန့်ခွန်းမှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။

-စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ အန်အယ်လ်ဒီပါတီ တိုင်းရုံးကို ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်း ၁ နာရီလောက်က ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရပါတယ်။

-ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးစိတ်သစ်ကူးစက်ခံရသူ မြန်မာနိုင်ငံမှာတွေ့ရှိပြီးနောက်  ဇန်နဝါရီ ၁ ရက်ကစလို့ အခမ်းအနားတွေမှာ လူ ၂၀၀ စုနိုင်ပြီလို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

-ဥပဒေနဲ့ ပညာရေးအပါအဝင် တက္ကသိုလ်နဲ့ ကောလိပ်အသီးသီးက ဘွဲ့သင်တန်း တချို့ကို ဇန်နဝါရီ ၆ ရက်မှာ ပြန်ဖွင့်တော့မယ်လို့ စစ်ကောင်စီလက်အောက်ခံ အဆင့်မြင့်ပညာ ဦးစီးဌာနက ကြေညာပါတယ်။

-တယ်လီဖုန်း ဆင်းမ်ကတ်တခု စတင်သုံးနိုင်ဖို့အတွက် ကျပ် ၂၀၀၀၀ ပေးဖို့ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၆ ရက်မှာ ကြေညာပါတယ်။

-စစ်ကိုင်းမြို့ အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနရဲ့ ဒုတိယအယ်ဒီတာချုပ်ဖြစ်ခဲ့တဲ့ ကိုပြည့်ဖြိုးအောင်ကို စစ်ကိုင်းမြို့နယ် တရားရုံးကနေ ဇန်နဝါရီ ၆ ရက်က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

-ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဝေဖန်ဆန္ဒပြမှုတွေ ရှိနေတဲ့ကြားက မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့   ဇန်နဝါရီ ၇ ရက် မနက်မှာ နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိလာပါတယ်။

-မကွေးတိုင်း၊ မင်းဘူးအခြေစိုက် မကွေးပို့(စ်) သတင်းထောက် တင်ရွှေ(မင်းဘူး)ကို ဇန်နဝါရီ ၂၁ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

-နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင် အာဏာသိမ်းယူခဲ့တဲ့  ၁ နှစ်ပြည့်ဖို့ တရက်အလို ဇန်နဝါရီ ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ယူပြီး စစ်တပ်အာဏာသိမ်း သက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုးလိုက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ် ပါတယ်။

ဖေဖော်ဝါရီ

-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်တဲ့ ဥပဒေကို ဒီကနေ့ ဖေဖော်ဝါရီ  ၂ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ပြဋ္ဌာန်းလိုက်ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ရာထူးသက်တမ်းကို အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ သက်တမ်းနဲ့အတူတူဖြစ်တယ်လို့ ပြင်ဆင်ပါတယ်။

-အနာဂတ်မှာ တိုင်းရင်းသားအားလုံးတန်းတူညီမျှမှုရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်နိုင်ဖို့ကတိပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG ယာယီသမ္မတ ဒူဝါလရှီလက ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

-ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့ရဲ ခေါင်းဆောင် ဖုန်ကြားရှင်ဟာ ဖေဖော်ဝါရီလ ၁၆ ရက် မနက်မှာ ကွယ်လွန်သွားပါတယ်။

-ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ အဖမ်းခံထားရတဲ့ အမျိုးသမီး တယောက်ရဲ့ အသက် ၂ နှစ်ကျော်အရွယ်သမီးလေးဟာ ဖေဖော်ဝါရီ ၁၈ ရက်က သံတွဲအကျဉ်းထောင်ထဲမှာ သေဆုံးသွားပါတယ်။

-ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်က စစ်အာဏာသိမ်းမှုကို ပထမဆုံးဆန့်ကျင်ခဲ့တဲ့ ရဲညီအစ်ကို ၂ ယောက်ကို စစ်ကောင်စီတရားရုံးက ဖေဖော်ဝါရီ ၂၁ ရက်မှာ ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်လိုက်လို့ စုစုပေါင်း ၄ နှစ်ဖြစ်သွားပါတယ်။

မတ်လ

-ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့   ထင်ရှားတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနဲ့ ပိုင်တံခွန်တို့ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း  စစ်ကောင်စီက မတ်လ ၂ ရက်နေ့မှာ ကြေညာပါတယ်။

-ကိုမင်းကိုနိုင်၊ အိပန်ဆယ်လိုနဲ့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ အပါအဝင် ၁၁ ယောက်ကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း  စစ်ကောင်စီ ပြန်ကြားရေးက မတ်လ  ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

-အဆိုတော် ဆောင်းဦးလှိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေး ၊ NUG စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အလုပ်သမားအရေးလှုပ်ရှားသူ  ဦးမောင်မောင်(ခ) ပြည်သစ်ညွန့်ဝေတို့ကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း စစ်ကောင်စီပြန်ကြားရေးက မတ်လ ၇ ရက်ညမှာ ထုတ်ပြန်ကြေညာပါတယ်။ 

-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်း သတ္တိရှင်ဆု International Women of Courage Award(IWOC) ကို  မြန်မာနိုင်ငံက အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ဒုဝန်ကြီး မအိသဉ္စာမောင်က ရရှိခဲ့ပါတယ်။

-အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးမြအေးကို  စစ်ကောင်စီထောင်တွင်းတရားရုံးက မတ်လ ၁၀ ရက်နေ့မှာ  ပုဒ် ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်ပါတယ်။ 

-သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို စစ်ကောင်စီက အဂတိမှု ၄ မှုနဲ့ တရားစွဲပြီး စုစုပေါင်း   အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ မတ် ၁၄ ရက်က  အမိန့်ချမှတ်လိုက်ပြီး Ford Everest Titanium မော်တော်ယာဉ် တစီး၊ ငွေကျပ် သိန်း ၁၀၀ နဲ့ ရွှေပန်းကန်ပြားတို့ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေဖို့ အမိန့်ချပါတယ်။

-စစ်ခုံရုံးက မတ် ၁၇ ရက်နေ့မှာ ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနက ကျောင်းသူ မဆောင်းလေပြေ (ခ) ဇူဇူးကို  သေဒဏ်ချမှတ်လိုက်ပြီး  မြန်မာမှုဌာနက ကိုနိုင်အောင်(ခ)Snake ကို ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။ လှိုင်သာယာက လူငယ် ၃ ယောက်နဲ့ မြောက်ဥက္ကလာပက ၄ ယောက်တို့ကိုလည်း သေဒဏ်ချမှတ်ခဲ့ပါတယ်။

-Mizzima သတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်ကို မတ်လ ၂၂ ရက်မှာ ဇမ္ဗူသီရိမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

-မြန်မာနိုင်ငံရဲ့ ထိပ်တန်းခရိုနီတဦးဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟတို့ကို စစ်ကောင်စီက မတ် ၂၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဇေကမ္ဘာ ကုမ္ပဏီအနေနဲ့ စစ်တပ်မြေကို ငှားရမ်းအသုံးပြုပြီး စာချုပ်ပါအတိုင်း ငှားရမ်းခ ပေးဆောင်ဖို့ ကျန်တာကြောင့် ဖမ်းဆီးခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ 

-တပ်မတော်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တဲ့အပေါ် စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၂၄ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆို လိုက်ပါတယ်။

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် အနီးကပ်လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ မတ်လ ၃၁ ရက်မှာ ထောင်ဒဏ် ၂ နှစ်ထပ်ချလို့ စုစုပေါင်း ၅ နှစ်ဖြစ်သွားပါတယ်။

-နိုင်ငံ့ဝန်ထမ်းတွေ  အငြိမ်းစားယူရမယ့်  အသက်ကို ၆၂ နှစ်လို့  ပြင်ဆင် သတ်မှတ်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

-မတ်လ တလတည်းမှာပဲ ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းထောက်အနည်းဆုံး ၈ ယောက် အထိ ရှိပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးနဲ့ ကိုဇော်ဝင်းမောင်တို့ကို ထောင်ဒဏ် တနှစ်ခွဲ၊ သံတော်ဆင့်ဂျာနယ် သတင်းထောက် ကိုရဲရင့်ထွန်း၊ ကမာရွတ်မီဒီယာတွဲ ဖက်တည်ထောင်သူ ဦးဟံသာညိန်း၊ Mizzima သတင်းဌာန အယ်ဒီတာ ကိုသန်းထိုက်အောင်နဲ့ Mandalay Free Press သတင်းဌာန ဗီဒီယိုအယ်ဒီတာ ကိုအောင်ဇော်ဇော်  တို့ကို ထောင်ဒဏ် ၂ နှစ်စီနဲ့  အလွတ်တန်းသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသားကို ၃ နှစ်ချမှတ်ခဲ့ပါတယ်။ 

Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက  ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရာကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၄ (ဂ)နဲ့ နောက်ထပ် ထောင်ဒဏ် ၈ နှစ် ၃ လ ထပ်တိုး အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

-အာဏာသိမ်းစစ်ကောင်စီဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက်  ၂၀၂၂-၂၃ ဘဏ္ဍာနှစ်  အသုံးစရိတ်ကို ကျပ်ငွေ ဘီလီယံ ၃၇၀၀ ကျော်ကို မတ်လ ၂၉ ရက်စွဲနဲ့ အတည်ပြု ပေးလိုက်ပါတယ်။

ဧပြီ

-အဆိုတော် ကျားပေါက်၊ သရုပ်ဆောင် ဒေါင်းနဲ့ ဦးကျော်မိုးထွန်း အပါအဝင်  ၁၇ ယောက် ကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ကနေ ဧပြီ ၁ ရက်နေ့ ည ၈ နာရီသတင်းမှာ ထည့်သွင်းကြေညာသွားပါတယ်။

-ဧပြီ ၁ ရက်က အဆိုတော်ကျားပေါက်၊ သရုပ်ဆောင် မင်းသား ဒေါင်း၊ စာရေးဆရာ သရဝဏ်-ပြည်နဲ့ ဦးကျော်မိုးထွန်းအပါအဝင်  ၁၇ ယောက်ကို မြန်မာနိုင်ငံသား အဖြစ်ကနေ ရပ်စဲခဲ့သလို  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ အိပန်ဆယ်လိုနဲ့  (NUG) ဝန်ကြီးတွေ အပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ပြီးခဲ့တဲ့  မတ်လ  ၄ ရက်ကကြေညာခဲ့တဲ့အတွက်  စုစုပေါင်း ၂၈ ဦးရှိသွားပြီ ဖြစ်ပါတယ်။

-ဧပြီ ၅ ရက်မှာ မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကို အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ် ၅  နှစ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နေထိုင်တဲ့ ရွှေတြိဂံသတင်းဌာနက သတင်းထောက် ဦးခိုင်မြင့်ထွန်း (ခ)ရွှေလင်းသစ်ကို ထောင်ဒဏ် ၁၀ နှစ်၊ ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်ပါတယ်။

-မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှုအပါအဝင် တခြားစွဲချက်တွေနဲ့ စွပ်စွဲပြီး ဧပြီ ၈ ရက်မှာ မကွေးထောင်အထူးတရားရုံးကနေ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တာကြောင့် စုစုပေါင်း ၂၃ နှစ်ဖြစ်သွားပါတယ်။

-ဘဲဥဇာတ်ကောင်နဲ့ ကာတွန်းတွေဖန်တီးရေးဆွဲခဲ့တဲ့ အသက် ၆၉ နှစ်အရွယ် ကာတွန်းပညာရှင် သန့်စင်ဟာ  ဧပြီ ၁၂ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။

-မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့်ပိတ်ပင်ထားခဲ့တဲ့ လူစုလူဝေး ကန့်သတ်ချက်ကို  လာမယ့် မြန်မာနှစ်ဆန်း ၁ ရက်ကစလို့  ပယ်ဖျက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ဧပြီ ၁၄ ရက်မှာ ကြေညာပါတယ်။

-မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၉ သိန်း ကျော်လာပြီ လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

-ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၅ ရက်အထိ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

-ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် အသက် ၇၉ နှစ်အရွယ် ဦးခွန်ထွန်းဦးဟာ   ဧပြီ ၃၀ ရက် နေ့လယ်က ရန်ကုန်မြို့က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

မေ

-ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အလွတ်တန်းဓာတ်ပုံသတင်းထောက် ဦးဆန်းမြင့်ကို မေလ ၂ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

-မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက အဂတိမှုတွေနဲ့ စွပ်စွဲပြီး  မေ ၁၆ ရက်က ထောင်ဒဏ် ၂၁ နှစ် ထပ်ချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချမှတ်ခံထားရပါတယ်။

-သက်တံ့ရောင်နွေဦးသူရဲကောင်း LGBTQ တွေရဲ့ တိုင်းပြည်အတွက် အနစ်နာခံမှု၊ မတရားမှုကို တွန်းလှန်တိုက်ထုတ်ဝံ့တဲ့ ရဲရင့်မှုတွေကို မှတ်တင်းတင်ဂုဏ်ပြုကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က မေ ၁၇ ရက်မှာ ကြေညာပါတယ်။

-ဝါရင့်နိုင်ငံရေးသမားကြီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေဟာ မေလ ၁၈ ရက် ည ၇ နာရီလောက်က ကွယ်လွန်သွားပါတယ်၊

-ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့အခြေစိုက် ပြည်သူပြည်သားသတင်းသမား(CJ) တယောက်ဖြစ်တဲ့  ကိုသန်းစိုးအောင်ကို စစ်ကောင်စီတရားရုံးက ဒီကနေ့ မေလ ၁၈ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်  ချမှတ်လိုက်ပါတယ်။

-သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်နဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေး အသက် ၅၀ နှစ်ဟာ မေ ၂၃ ရက် မနက်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

-မြန်မာ့ပြည်တွင်းပဋိပက္ခနဲ့ ပတ်သက်လို့  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ မေ ၂၅ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့  ကြားကာလ ကချင်နိုင်ငံရေး ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့ (KPICT) က သတင်းထုတ်ပါတယ်။

-အင်းစိန်ထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ရဲတိုက်ကို ထောင်တွင်းအထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်ဖြစ်သွားပါတယ်။

-ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအကြောင်းရေးသားထားတဲ့ စာအုပ်ကို အွန်လိုင်းကနေ ဖြန့်ချိ ရောင်းချတယ်ဆိုပြီး လွင်ဦးစာပေတိုက်ကို  မေ ၂၈ ရက်မှာ စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပါတယ်။

-‘ဝ’ဒေသအနေနဲ့ နိုင်ငံတော်ကနေ လုံးဝခွဲထွက်မှာမဟုတ်တဲ့ အကြောင်းနဲ့ ‘ဝ’ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တည်ထောင်ခွင့်ပေးဖို့   “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မေ ၃၀ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  နေပြည်တော်မှာတွေ့ဆုံစဉ် တောင်းဆိုပါတယ်။

ဇွန်

-မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာ စစ်အုပ်စုအဖွဲ့ဝင်တွေကို စစ်ရာဇဝတ်မှုနဲ့စွဲချက်တင်နိုင်ဖို့ တူရကီ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက် (MAP) အဖွဲ့က ဇွန် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

-လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဂျင်မီ(ခ)ကိုကျော်မင်းယုတို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးတို့ကို စစ်ကောင်စီက  သေဒဏ်ပေးမယ့်အစီအစဉ် ရပ်တန့်အောင် ဝိုင်းဝန်းတားဆီး တောင်းဆိုကြဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်များအဖွဲ့ (APHR) က ဇွန် ၆ ရက်မှာ ပန်ကြားလိုက်ပါတယ်။

-စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇွန်လ ၇ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

-ကျပ်သိန်းထောင်ချီလာဘ်စားခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေကျပ် သန်းပေါင်း ၃၈,၀၀၀ ကျော် ဆုံးရှုံးခဲ့မှုအတွက်  စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း  ဦးလှစိုး၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦး၊ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို  ဇွန် ၁၄ ရက်မှာ စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်လိုက်ပါတယ်။

-အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အဆက်မပြတ် အကြမ်းဖက်မှု ခံစားနေရပြီး အိုးအိုမ်တွေ ပျက်စီးဆုံးရှုံးထွက်ပြေးနေကြရတဲ့ မြန်မာနိုင်ငံသားတွေကို ဂရုမစိုက်ဘဲ မနေကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇွန်လ ၁၉ ရက်မှာ ပန်ကြားလိုက်ပါတယ်။

-ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ဇွန် ၁၇ ရက်နေ့က ရေနံသာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀၄ ဦးထဲက ၅၃ ဦးကို ပုဒ်မ ၆(၃)နဲ့ တရားစွဲပြီး ရေကြည်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။

-ရိုဟင်ဂျာအရေးအပါအဝင် လက်ရှိကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရေး အကျပ်အတည်းတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာမြောက်အစီအစဉ်တရပ်ကို ရေးဆွဲထားပြီး ဒေါ်လာ သန်း ၂၈၀ ကျော်သုံးစွဲမယ်လို့  ကနေဒါ အစိုးရက ဇွန် ၂၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

-အာဏာသိမ်းစစ်ကောင်စီရဲ့ ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန် ၂၂ ရက်မှာ နေပြည်တော် အချုပ်ထောင်ဝင်းထဲက သီးသန့်အဆောက်အဦတခုကို  ပြောင်းရွှေ့လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

-တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ခရိုင် ၄၆ ခု အသစ်တိုးချဲ့လိုက်တယ်လို့ စစ်ကောင်စီထုတ် သတင်းစာတွေကဇွန် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇူလိုင်

-ဇူလိုင် ၃  ရက်က ပုဂံမြို့မှာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိတွေ့ဆုံခဲ့ရာမှာ တိုင်းပြည်အာဏာကို ပြည်သူတွေဆိ ပြန်လည်အပ်နှင်းရေး‌ မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ပြောဆိုခဲ့တယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပါတယ်။

-ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်းကို ဝက်လက်မြို့နယ် တရားရုံးကနေ ဇူလိုင် ၇ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

-အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့  ရွေးကောက်ပွဲအသစ်ကို  လုံးဝ အသိအမှတ်မပြု လက်မခံတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် ကော်မတီက ဇူလိုင်  ၉   ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

-ထင်းရှူးပင်ရိပ်၊ တောမှော်ရုံလမ်း စတဲ့ နာမည်ကျော်စာအုပ်တွေနဲ့ မြန်မာ စာပေလောကမှာထင်ရှားတဲ့ စာရေးဆရာကြီး မောင်သာနိုးဟာဟာ အသက် ၈၈ နှစ်အရွယ် ဇူလိုင် ၁၂ ရက် ညနေ ၆ နာရီခွဲက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

-မန္တလေးတိုင်း၊ မလှိုင်မြို့မရဲစခန်းမှာ နိုင်ငံရေးအမှုနဲ့ အချုပ်ကျခံနေရတဲ့ အမျိုးသမီး တယောက်ကို  တာဝန်ကျရဲတပ်သားတယောက်က  ဇူလိုင် ၁၀ ရက်မှာ ခေါ်ယူ ထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

-မြန်မာစစ်ကောင်စီလက်အောက်ခံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း (Rosatom)တို့အကြား နားလည်မှုစာချွန်လွှာတရပ်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့  စစ်ကောင်စီပြန်ကြားရေးက ဇူလိုင် ၁၃ ရက်မှာ သတင်းထုတ်ပါတယ်။

-မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးယာယီတာဝန်ခံ ဖိဗိုးလ်စ်ဟာ စစ်ကောင်စီဖိအားပေးလို့ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကိုရပ်ဆိုင်းပြီး မြန်မာနိုင်ငံကနေ ဇူလိုင် ၁၃ ရက်မှာ  ရုတ်တရက်ထွက်ခွာခဲ့ရပါတယ်။

-သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင် လုပ်ထုံး လုပ်နည်းတွေ အတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

-ဦးဂျင်မီနဲ့  ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို  ဥပဒေကြောင်းအရ ခုခံပိုင်ခွင့် မပေးဘဲ စစ်ကောင်စီက တဖက်သတ်သေဒဏ်စီရင်လိုက်တာဟာ  လူသတ်မှုမြောက်ပြီး  စစ်ကောင်စီအနေနဲ့ ဒီအကျိုးဆက်ကို ပြန်ခံစားရမယ်လို့  NUG နဲ့  CRPH တာဝန်ရှိသူတွေက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

-ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) မှာ တရားစွဲထားတာနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီက တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်လွှာ (Preliminary Objections) အားလုံးကို တညီတညွတ်တည်း ပယ်ချကြောင်း  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားရုံးက  ဇူလိုင် ၂၂ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

-ပျုစောထီးတွေကို စစ်တပ်က ဖွဲ့စည်းပေးတယ်၊ စစ်မှုထမ်းဟောင်းတွေ၊ မဘသတွေ၊ မျိုးချစ်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ မဟုတ်မှန်ကြောင်း ဇူလိုင် ၂၆ ရက်နေ့ကလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဩဂုတ်

-အာဏာသိမ်း စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ယူပြီး နိုင်ငံတဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလကို ဒီကနေ့ ဩဂုတ် ၁ ရက်ကနေ   နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ကြေညာပါတယ်။

-ပဲခူးတိုင်း၊ ပြည်မြို့၊ မှော်ဇာ အ.ထ.ကကျောင်းမှာ အစောင့်ချထားတဲ့ စစ်ကောင်စီ တပ်သားတယောက်ကို ကျောင်းလာတက်တဲ့ ၇ တန်းကျောင်းသားက ဩဂုတ် ၃ ရက်နေ့မှာ ဓားနဲ့ထိုးလိုက်တာကြောင့် ကလေးကို သေနတ်နဲ့ပြန်လည်ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ဩဂုတ် ၇ ရက်က စစ်ကြောရေးမှာ သတ်ဖြတ်လိုက်ပါတယ်။

-အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သား  အဆိုတော်အီတိုးကို သြဂုတ်လ ၄ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။

-ဧရာဝတီတိုင်း၊ ပုသိမ်မြို့ခံ မြစ်မခသတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် ကိုမျိုးမင်းထွန်းကို ဩဂုတ် ၁၀ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

-ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးသတင်းထောက် မထက်ထက်ခိုင်ကို အကြမ်းဖက်စစ်ကောင်စီက ဩဂုတ် ၁၅ ရက်မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

-ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ  ဩဂုတ်လ ၁၇ ရက်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်လာပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့စဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုထက်ပိုမိုအရေးယူနိုင်ပေမဲ့ သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့တာလို့ စစ်ခေါင်းဆောင်က ပြောကြား။

-ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်ကနေ  အသက် ၅၈ နှစ်အရွယ် အမျိုးသားတယောက်  သြဂုတ် ၂၅ ရက် မနက်ပိုင်းက  ခုန်ချခဲ့ပါတယ်။

-အသက် ၂၄ အရွယ် အမျိုးသမီးတယောက်ဟာ သုံးနှစ်သမီးလေးနဲ့အတူ ဩဂုတ် ၂၈ ရက်ညနေ ၃ နာရီကျော်လောက်မှာ ပြည်-နဝေးဒေးတံတားပေါ်ကနေ ခုန်ချသွားပါတယ်။

-မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာပြည်သူ ၁ သန်းကျော် ရွှေ့ပြောင်း ဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုအချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူး စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဩဂုတ် ၂၉ ရက်မှာ NUG အစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

-ရန်ကုန်မြို့က အင်းလျားကန်ထဲကို ဩဂုတ် ၂၉ ရက် က လူ ၁ ယောက် ခုန်ချသွားပါတယ်။

-မြန်မာနိုင်ငံမှာ လက်ရှိ ၂၀၂၂−၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ သြဂုတ်လကုန်အထိ  ၅ လ အတွင်းမှာ ပြည်ပနိုင်ငံတွေရဲ့ရင်းနှီးမြှပ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ  ၁ ဒသမ ၂၃၀ ဘီလီယံရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။

စက်တင်ဘာ

-မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ကို စက်တင်ဘာ ၂ ရက် မနက်ပိုင်းက အင်းစိန်အကျဉ်းထောင်ရှိ အထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့ပါတယ်။

-ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့  မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ဆိပ်ကမ်းမြို့မှာ   စက်တင်ဘာ ၇ ရက်က ကျင်းပတဲ့  အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ဆွေးနွေးပွဲမှာ  တွေ့ဆုံခဲ့ကြပါတယ်။

-အော်ရီဒူးမြန်မာကုမ္ပဏီဟာ  အမေရိကန်ဒေါ်လာ ၅၆၇ သန်း တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်းတွေကို ရောင်းချလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်မှာ ကြေညာပါတယ်။

-ယင်းမာပင်ခရိုင်ထဲမှာ မနှစ်က PDF အချင်းချင်း သတ်ဖြတ်ခဲ့တဲ့ပြစ်မှုမှာ ကျူးလွန်ခဲ့သူတွေကို လက်နက်ဖြုတ်သိမ်းဖို့ဆောင်ရွက်နေပြီး ရုံးတင်စစ်ဆေးနိုင်ဖို့ အမြန်ဆုံးစီစဉ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်မှာ  ထုတ်ပြန်လိုက်ပါတယ်။

-မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်နိုင်ဖို့  အထောက်အကူဖြစ်စေမယ့် အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီပြီး ဖေ့စ်ဘွတ်ခ်က ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်း စစ်ဆေးသူများအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

-ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ကမာကြည်တံတားကနေ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက အသက် ၄၈ နှစ်အရွယ် အမျိုးသားတယောက် တံတားပေါ်က ခုန်ချခဲ့ပါတယ်။

-ဒဂုံတက္ကသိုလ် စိတ်ပညာအထူးပြုကျောင်းသား ကိုထူးဝေလင်းကို အကြမ်းဖက် စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက်မှာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ပါတယ်။

-၂၀၂၂ ခုနှစ် ဇူလိူင်လ ၁၆ ရက်ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ မြို့နယ် ၂၅ မြို့နယ်မှာ ရေထဲခုန်ချတာ၊ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်တာတွေနဲ့ ကြိုးဆွဲချသေဆုံးသူ ၂၈ ယောက်ရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

-ရခိုင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို စက်တင်ဘာ ၁၅ ရက်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က ညွှန်ကြားထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

-စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် အနည်းဆုံး ကလေး ၄ ယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရ ကလေးငယ် ၂၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ 

-မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်အယောက် ၄၀၀ နီးပါး စံချိန်တင်စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက စက်တင်ဘာ ၂၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

-မော်ဒယ်သရုပ်ဆောင် နန်းမွေစံကို အင်းစိန်အကျဉ်းထောင်ရှိ စစ်ခုံရုံးကနေ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက  အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

-ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့လေဆိပ်မှာ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ရန်ကုန်-လွိုင်ကော်ပြေးဆွဲတဲ့ ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရလို့ လေယာဉ်ပေါ်ပါလာတဲ့ အမျိုးသား တယောက် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။

-ရန်ကုန်တိုင်းမြို့နယ်အချို့မှာ စက်တင်တာဘာလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၄၅ ကြိမ်ဖြစ်ခဲ့ပြီး  ဗိုလ်မှူးချုပ် (ငြိမ်း) အပါအဝင် ၁၆ ယောက် သေဆုံး၊  ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

-စက်တင်ဘာလအတွင်း ကရင်နီ (ကယား) ပြည်နယ်မှာ တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၁၀၀ ကျော်သေဆုံး၊ ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။

-ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို  အီးယူ အောက်တိုဘာ ၁ ရက်မှာ တောင်းဆိုပါတယ်။

အောက်တိုဘာ

-အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံဆောင်ရွက်နေတဲ့ နွေဦးမန္တလေး ပြည်တော်ဝင်စီမံကိန်း Spring Mandalay Investment ကို အောက်တိုဘာ ၁ ရက်က စ တင်ရောင်းချနေရာမှာ နာရီပိုင်းအတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ သန်းကျော်ဖိုး ရောင်းချထားရတယ်လို့ ထုတ်ပြန်ပါတယ်။

-နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပါတီညီလာခံမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ အရင် ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်းသန်းဌေးကို တာဝန်ကနေ ရပ်ဆိုင်းပြီး ဗိုလ်မှူးချုပ်ဟောင်းခင်ရီကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ပါတယ်။

-ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်းကြား ပဋိပက္ခဖြေလျော့နိုင်ရေးနဲ့ နေရပ်စွန့်ခွာနေတဲ့ ပြည်သူတွေရဲ့အခက်အခဲ ဖြေရှင်း နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က အောက်တိုဘာ ၁၀ ရက်မှာ ကမ်းလှမ်းလိုက်ပါတယ်။

-ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် အဝင်အထွက်ဂိတ်ပေါက် အတွင်းနဲ့အပြင်မှာ အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင်က ဗုံးနှစ်ကြိမ်ပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်လို့ ၈ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့လည်း ပါဝင်ပါတယ်။

-မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာတိုက်ခန်းမှာ အောက်တိုဘာ ၂၆ ရက်က အမျိုးသမီးတယောက် တိုက်ပေါ်က ခုန်ချသေဆုံးခဲ့ပါတယ်။

-ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၂ ကမာကြည်တံတားပေါ်ကနေ အောက်တိုဘာ ၂၄ ရက်မှာ အမျိုးသမီးတယောက် ခုန်ချခဲ့ပါတယ်။

-အောက်တိုဘာ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင်က ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ တေးဂီတဖျော်ဖြေပွဲပြုလုပ်ချိန် စစ်ကောင်စီလေတပ်က  တိုက်လေယာဉ် ၃ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကေအိုင်အေ တပ်မဟာ-၉ ဗျူဟာမှူး အပါအဝင် ဗိုလ်မှူးအဆင့်အရာရှိတွေ၊ တပ်ရင်း-၆ က တပ်ရင်းမှူးနဲ့ ပြည်သူအများအပြား သေဆုံးသွားခဲ့ပါတယ်။

-အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက သာကေတမြို့နယ် အနော်မာရေကန်ထဲကို အသက် ၄၀ အရွယ် အမျိုးသားတယောက် ခုန်ချခဲ့ပါတယ်။

-မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က အန်အယ်လ်ဒီအမတ် ဦးဝင်းမြင့်လှိုင်ကို  အောက်တိုဘာ ၃၁ ရက်မှာ မကွေးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၈ ခုနဲ့ တရက်တည်းမှာပဲ  ထောင်ဒဏ် ၁၄၈ နှစ်ချမှတ်လိုက်လို့ အရင်ချထားတဲ့ ၂၅ နှစ်နဲ့ ပေါင်းရင်  စုစုပေါင်း ထောင်ဒဏ် ၁၇၃ နှစ်အထိ ဖြစ်သွားပါတယ်။

-သြစတြေးလျနိုင်ငံသားရှောင်တာနယ်အမှုတွဲပါ စီမံဘဏ္ဍာ၀န်ကြီး ဦးစိုး၀င်း အောက်တိုဘာ ၂၈ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

-ဧရာဝတီတိုင်း၊ အမာမြို့မှာ အောက်တိုဘာ ၃၀ ရက်က ရခိုင်ပြည်နယ်က ထွက်ခွာလာတဲ့ စက်လှေမှောက်ပြီး ရိုဟင်ဂျာ အယောက် ၆၀ ကျော် ဖမ်းဆီးခံရသလို အယောက် ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။

နိုဝင်ဘာ

-မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသူ ကလေးငယ်အရေအတွက်ဟာ ၅ သိန်းကျော်သွားခဲ့ပြီဖြစ်သလို အဲဒီအရေအတွက်ဟာ အလျင်အမြန်တိုးလာနေတယ်လို့ Save the Children အဖွဲ့က နိုဝင်ဘာ ၁ ရက်မှာ ကြေညာပါတယ်။

-အမျိုးသားအောင်ပွဲနေ့အထိမ်းမှတ် အကျဉ်းသား  ၅၇၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချိုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်ခဲ့ပါတယ်။

-အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမေရိကန် ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီမြို့မှာဖွင့်လှစ်ထားတယ်လို့  NUG က နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

-ရခိုင်ဆောင်ပါတီ (AFP) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးကို ရက္ခိုင့်တပ်တော် (အေအေ) က မေးမြန်းစရာရှိလို့ ခေတ္တထိန်းသိမ်းထားတယ်လို့ နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေက ပြောဆိုပါတယ်။

-ဂျာမနီနိုင်ငံက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ  အနေနဲ့ ယူရို ၃ ဒသမ ၃ သန်း ထောက်ပံ့သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးရေးဇုန် ၁ မှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက ကုန်တင် ၁၂ ဘီးကားတစီးပေါ်ကနေ ရိုဟင်ဂျာ ၆၆ ယောက်နဲ့ ယာဉ်မောင်း ၂ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါတယ်။

-ပြီးခဲ့တဲ့ ဧပြီလမှာ ဖြစ်ပွားခဲ့တဲ့ တောင်ဒဂုံကမ္ဘာ့ရတနာဘဏ် မန်နေဂျာသေဆုံးမှုနဲ့ ပတ်သက်ပြီး  ကျောင်းသား ၇ ယောက်နဲ့ တခြားသူ ၅ ယောက် ကို နိုဝင်ဘာ ၃၀ ရက်မှာ အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ သေဒဏ် ချမှတ်ခဲ့ပါတယ်။

ဒီဇင်ဘာ

-ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းဘေးမှာ ဒီဇင်ဘာ ၅ ရက် မနက် ၇ နာရီက သေဆုံးနေတဲ့ ရိုဟင်ဂျာအလောင်း ၁၃ လောင်း တွေ့ရှိခဲ့ပါတယ်။

-ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက မန္တလေးလေဆိပ်မှာ  စစ်ကောင်စီ တပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် တရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ဒီဇင်ဘာ ၅ ရက် နေ့လယ်မှာ ပြန်လည်ဖမ်းဆီးသွားပါတယ်။

-စစ်ကောင်စီရဲ့ လျှို့ဝှက်စစ်ခုံရုံးကနေ မြန်မာနိုင်ငံမှာ လူပေါင်း ၁၃၀ ကျော်ကို သေဒဏ်ချမှတ်နေတာကို ဆိုင်းငံ့ထားဖို့နဲ့  သေဒဏ်ပေးကွပ်မျက်မှုအားလုံးကို ရပ်နား ထားဖို့ သေဒဏ်ချမှတ်ခဲ့တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဗော်လ်ကာတာ့က်က ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန် ပြောကြားပါတယ်။ 

-နှင်းဆီပါတီလို့လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ချမှတ်ခဲ့ပါတယ်။

-ရန်ကုန်၊ ပန်းဆိုးတန်းနဲ့ ဒလဘက်ကို ပြေးဆွဲနေတဲ့ အမှတ် ၂ ချယ်ရီ ကူးတို့ သင်္ဘောပေါ်မှာ  ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက ဗုံးပေါက်ကွဲလို့ လူ ၁၇ ယောက် ဒဏ်ရာရသွားပြီး အဲဒီထဲက ၅ ယောက် သေဆုံးသွားပါတယ်။

-နိုင်ငံတဝန်း အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနေရတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှုအကူအညီ အကန့်အသတ်အထိန်းအချုပ်မရှိခွင့်ပြုဖို့ စတာတွေပါဝင်တဲ့ ဆုံးဖြတ်ချက်ကို  ကုလသမဂ္ဂလုံခြုံရေးကောင်စီက  ဒီဇင်ဘာ ၂၁  ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ခဲ့ပါတယ်။

-မြန်မာ့အရေးနဲ့ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးပွဲတရပ်ကို ဘန်ကောက်မြို့မှာ ဒီဇင်ဘာလ ၂၂ ရက်က ထိုင်းအစိုးရက စီစဉ်ကျင်းပခဲ့ပြီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ အာဆီယံနိုင်ငံတွေအပြင် တခြားအိမ်နီးချင်းနိုင်ငံတွေကိုပါ ဖိတ်ကြားခဲ့ပေမယ့် အာဆီယံရဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံအများစုက တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ 

-ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ  ပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချလိုက်ပါတယ်။

-၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် မနုနုအောင်၊ မခက်ခက်အောင်နဲ့ သားဖြစ်သူ ကိုမြတ်သူတို့ကို ကျိုက်မရောအကျဉ်းထောင် တရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက်မှာ ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီး ချမှတ်လိုက်ပါတယ်။

-မြန်မာနဲ့ ယူကရိန်းကို အကူညီပေးဖို့ပါဝင်တဲ့ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ (NDAA  2023 ) ကို  အမေရိကန် သမ္မတ ဘိုင်ဒင်က ဒီဇင်ဘာ ၂၃ ရက်မှာ လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။

-ရှမ်းပြည်နယ်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇေယျာကို ကြို့ပင်ကောက်မြို့က သူ့ရဲ့မိဘနေအိမ်မှာ စစ်ကောင်စီက  ဒီဇင်ဘာ ၂၅ ရက် မနက်မှာ ဖမ်းဆီးခဲ့ပါတယ်။

-ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) နဲ့ စစ်ကောင်စီရဲ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၆ ရက်မှာ  ထောင်ဒဏ်  ၅ နှစ်ထပ်မံချလိုက်တာကြောင့် စုစုပေါင်း ၇ နှစ် ချမှတ်ခံထားရပါတယ်။

-အသက် ၄၃ နှစ်အရွယ် တေးရေး တေးဆို ကိုင်ဇာတင်မုံဟာ ဒီဇင်ဘာ ၂၅ ရက်က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

-မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို  မန္တလေး အိုးဘိုထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၂၇ ရက်မှာ   ထောင်ဒဏ် ၁၅  နှစ် ချမှတ်လိုက်ပါတယ်။

-ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီဇင်ဘာ ၃၀ ရက်နေ့က နေပြည်တော် အချုပ်ထောင် အထူးသီးသန့်တရားရုံးက ထောင်ဒဏ် ၇ နှစ် အမိန့်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှု ၁၉ မှုအတွက် ကျခံရမယ့်ထောင်ဒဏ်ဟာ စုစုပေါင်း ၃၃ နှစ် ဖြစ်လာပါတယ်။

-မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်အထိ နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၆၈၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၇၀၄ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

Photo-Credit-MOI-DSINFO-Agencies

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024