Home
ဆောင်းပါး
၂၀၂၂ ခုနှစ် တနှစ်တာ တိုင်းရင်းသားဒေသ တိုက်ပွဲများ (သတင်းမှတ်တမ်း)
DVB
·
December 31, 2022

ဇန်နဝါရီ

  • မြန်မာနိုင်ငံသား ပြည်သူအပေါင်းတို့ လူမျိုးကြီးဝါဒ၊ အာဏာရှင်ဝါဒနဲ့ စနစ်တွေကို အမှန်တကယ် အမြစ်ပြတ်ချေမှုန်းနိုင်ရင် မျှော်လင့်ကြိုးစားနေတဲ့ နိုင်ငံရေး မျှော်မှန်းချက်ကို ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် ကျရာအခန်းကဏ္ဍကနေ အားလုံး အားသွန်ခွန်စိုက် ကြိုးစားပါဝင်ကြဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက နှစ်သစ်မိန့်ခွန်းမှာ တိုက်တွန်းပြောကြား။
  • စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် တခြား ဘဝတူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည်နယ်ကာကွယ်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ကြေညာ။
  • ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဇန်နဝါရီ ၃ ရက်က တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ၁၄ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်။
  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ  ဇန်နဝါရီ ၃ ရက် တရက်တည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ၄ ကြိမ် တိုက်ပွဲဖြစ်ပွား။
  • နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ အချုပ်အခြာရဲ့ မူလပိုင်ရှင် ပြည်သူအပေါင်းရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေသရွေ့ တိုင်းပြည်လွတ်လပ်ပြီလို့ ဆိုနိုင်မှာမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင်း ထည့်သွင်းပြောကြား။
  • ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ လူတွေ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က ကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထား အများအပြား ရရှိထားသလို နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကို တင်ပြသွားမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ပြောကြား။
  • ဇန်နဝါရီ ၄ ရက် တရက်တည်းမှာ ပြည်သူ့ခုခံတော်လှန်စစ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၇ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၆ ယောက်ရှိ။
  • လွတ်မြောက်နယ်မြေအတွင်း “နွေဦးကျန်းမာ” အမည်နဲ့ အထွေထွေရောဂါကုနှင့် သင်ကြားရေး ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနကို ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးမှာ စတင်ဖွင့်လှစ်။
  • ကရင်နီ (ကယား) ပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA) တို့ ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းက ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုရင်းမှူးအပါအဝင် ၁၆ ဦး သေဆုံးခဲ့ကြောင်း ကရင်နီတပ်မတော် ထုတ်ပြန်။
  • ချင်းပြည်နယ် မတူပီမြို့နယ်မှာ မတူပီ CDF နဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့ကာ တပ်သားတချို့ ဒဏ်ရာရရှိခဲ့ကြောင်း မတူပီ CDF ရဲ့ ပြန်ကြားရေးတာဝန်ခံပြော။
  • ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် လိုအပ်သလို တိုက်စစ်ဖွင့်တော့မယ်လို့ ဇိုမီးတာ်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) က ကြေညာ။
  • မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပုံပါကျင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဘိန်းစိုက်ပျိုးသူတွေ ပိုမိုများပြားလာ။
  • ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အစွန်မှာ ဇန်နဝါရီ ၅ ရက်က TNLA တအာင်းအမျိုးသားတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာထဲမှာ စစ်သားအလောင်း ၄ လောင်းတွေ့ကာ ၆ ယောက် နမ့်ခမ်းဆေးရုံမှာ ရောက်နေတယ်လို့ နမ့်ခမ်းဒေသခံက ပြောပါတယ်။
  • ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီး ဇန်နဝါရီ ၆ ရက် မနက်အစာပိုင်းက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းတခုကို ကရင်နီ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၂ ယောက် အပါအဝင် အနည်းဆုံး  ၁၅ ယောက် သေဆုံးခဲ့ကြောင်း KNDF B-03 က ထုတ်ပြန်။
  • မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ အရေးတကြီးပေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို ကြိုဆိုထောက်ခံကြောင်းနဲ့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ KNU, KNPP နဲ့ CNF ပူးတွဲတောင်းဆို။
  • ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်နယ် CAN အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီလအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က ၁၉၇ ဦး သေဆုံးခဲ့ပြီး ၆၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်နယ် ပူးပေါင်းကာကွယ်ရေးကော်မတီ CHINLAND JOINT DEFENSE COMMITTEE (CJDC) ကဆို။

ဖေဖော်ဝါရီ

  • ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က ဓာတုဗုံး (သို့မဟုတ်) မီးလောင်ဗုံးလို့ယူဆရတဲ့ လက်နက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ‌မျက်မြင်သက်သေတွေက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောပါတယ်။ ဓာတုဗုံး (သို့) မီးလောင်ဗုံးကျတဲ့နေရာဟာ ဒီးမော့ဆိုမြို့၊ ရပ်ကွက်(၂)၊ အိမ်အမှတ် - ခ ၂/၇၈ A ခြံဝန်းအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။ ၅ ရက်ကြာတဲ့အထိ ဗုံးစတွေကနေ အဖြူရောင်အခိုးငွေ့တွေ ထွက်နေပြီး မီးခိုးထိတဲ့ သစ်ပင်ရဲ့ အရွက်တွေဟာ ‌ခြောက်သွေ့ကုန်ကာ မီးခိုးနံ့ကို ရှူမိတဲ့သူဟာလည်း လည်ချောင်းယားယံတာ၊ မူးဝေတာတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
  • ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ် မိုးဗြဲမှာ ဖေဖော်ဝါရီ ၁၇ ရက်က တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က တင့်ကားတွေ၊ လက်နက်ကြီးတွေအပြင် လေကြောင်းနဲ့ပါ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ကရင်နီပူးပေါင်းတပ်ဘက်က အယောက် ၂၀ ထက်မနည်း ကျဆုံးခဲ့သလို မြေပြင်တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ အများအပြားရှိခဲ့။
  • မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့ရဲ့ ခေါင်းဆောင် ဖုန်ကြားရှင်ဟာ ဖေဖော်ဝါရီလ ၁၆ ရက် မနက် ၅ နာရီ မိနစ် ၄၀ လောက်မှာ ကွယ်လွန်။
  • ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက SSPP/SSA နဲ့ RCSS/SSA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး RCSS ၁၉၈ တပ်မဟာမှူး အပါအဝင် တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့။

မတ်လ

  • ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါငံခါးကျေးရွာကို စစ်ကောင်စီတပ်က  မတ် ၁၀ ရက် မနက် ၆ နာရီကျော်ကစပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ကက်သလစ်သီလရှင်ကျောင်းဆောင်နဲ့ ဘိုးဘွားရိပ်သာအဆောင်တွေ ထိခိုက်ပျက်စီး၊  ပူဖားကျေးရွာဘက်မှာ မတ် ၇ ရက်ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာပြီး ကျေးရွာအတွင်းမှာ တပ်စွဲကာ လူနေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီး။
  • မတ်လ ၇ နေ့က ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီ စစ်ဗျူဟာ အခြေချ စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်တဦး အပါအဝင် ရွာသား ၇ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရ။
  • မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ဥက္ကဋ္ဌဟောင်း ဦးဖုန်ကြားရှင်ရဲ့ စျာပနအခမ်းအနားသို့ UWSA, TNLA, KIA, AA, KNDF နဲ့ အခြားသော မဟာမိတ်အဖွဲ့အစည်းတို့မှ ခေါင်းဆောင်ကြီးတွေနဲ့အတူ ကိုးကန့် ပြည်သူများ လွမ်းသူ့ပန်းခွေချပြီး တက်ရောက်ဂါရဝပြု။
  • ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ မောခီးကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ် ၅၅၅ ခြေမြန်တပ်စခန်းကို KNLA, KNDO, DKBA (ကလို့ထူးဘော) ပူးပေါင်းတပ်တွေက မတ်လ ၂၁ ရက် ညနေမှာ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ အမြောက်အမြား သိမ်းဆည်းရမိ။
  • မြန်မာ-ထိုင်းနယ်စပ် သေ့ဘောဘိုးအနီး ဘလယ်ဒိုရွာနားမှာ စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းအောင် ဦးဆောင် စစ်ကြောင်းထိုးလာတဲ့တပ်တွေကို KNLA ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မှာ ၆၁ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့။
  • ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေမှာ မတ်လအတွင်း  KNLA၊ KNDO နဲ့ စစ်ကောင်စီတပ်၊ BGFတို့ တိုက်ပွဲပေါင်း ၅၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်ပေါင်း ၄၂၉ ဦး သေဆုံးကာ ၂၆၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မတ် ၅ ရက်မှာ ကေအန်ယူက ထုတ်ပြန်။
  • ချင်းပြည်နယ်၊ ပလက်ဝနဲ့ မတူပီမြို့နယ်မှာ ချင်း‌ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi၊ CDF-Paletwa နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့ပူးပေါင်းပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF-Paletwa က ထုတ်ပြန်။

ဧပြီ

  • ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်မှာ ဧပြီ ၁၀ ရက် နေ့လယ်က စတင်တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း မှားယွင်းဗုံးကြဲမိလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော် သေဆုံးခဲ့၊ ဧပြီ ၉ ရက်က စစ်ကောင်စီ လေတပ်က MiG-29 တိုက်လေယာဉ် ၂ စီးနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို အကြိမ်ကြိမ် မှားယွင်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တပ်မ ၄၄ လက်အောက်ခံ အမှတ် ၂၀၇ တပ်ရင်း တပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တာပါ။
  • ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသကို စစ်ကြောင်းထိုး ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် ခမရ ၅၈၅ က ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်သား ကိုဟိန်းမင်းထွေးတို့ဟာ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံအလင်းဝင်။
  • ဧပြီလ ၂၁ ရက်နေ့ စစ်မက်ဖြစ်ပွားမှုကြောင့် ပျက်စီးသွားတဲ့ လျှပ်စစ်တာဝါတိုင်များကို ပြင်ဆင်ဖို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်မှူးနှစ်ဦး အပါအဝင် ဝန်ထမ်းစုစုပေါင်း ၂၆ ဦးနဲ့ သူတို့စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဥ်တစင်း၊ ဆိုင်ကယ်တစင်း၊ လျှပ်စစ်နဲ့ ဆက်စပ်တဲ့ သက်သေခံစာကို KNDF က ဖမ်းဆီး။
  • ဧပြီလဒုတိယပတ်က ကရင်နီ မြို့နယ်အသီးသီးမှ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၄၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများပြားခဲ့၊ စစ်သုံးယာဥ် ၁ စင်း၊ ထိုးစစ်ဆင် လမ်းကြောင်းဖောက်ရန် အသုံးပြုတဲ့ မြေတူးစက် ၁ စင်း မီးလောင်ပျက်စီး၊ ကရင်နီပူးပေါင်းတပ်ဘက်က ရဲဘော် ၁၀ ဦးကျဆုံး။
  • စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ မိုင်းနောင်ကျေးရွာမှာ SNA ရှမ်းနီလက်နက်ကိုင်တပ်နဲ့ စစ်ကောင်စီတပ်တွေ ဧပြီ ၁၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ ရှမ်းနီလက်နက်ကိုင်ဘက်က ၂ ယောက်သေဆုံးပြီး စခန်းလည်းသိမ်းခံခဲ့ရ။
  • ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ စစ်ရေးရည်မှန်းချက်ကို ကြိုက်နှစ်သက်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင် ၃၀၀ နီးပါး ပူးပေါင်းလာခဲ့တယ်လို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူပြော။

မေ

  • ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲ-ညောင်ရွှေ ပင်မလမ်းမကြီးပေါ်က ထီရိစစ်ဆေးရေး စခန်းဘက်ကနေ လွယ်ပေါကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်တွေ မေ ၁၃ ရက်ကစလို့ တိုက်ပွဲပြင်းထန် ဖြစ်နေတာကြောင့် ကျေးရွာပေါင်း ၂၀ လောက်က ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်နေခဲ့ရ။
  • ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်ကျေးရွာမှာ မေ ၃၁ ရက်က စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၃၂ ဦးသေပြီး ၈ ဦးဒဏ်ရာရ။
  • ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်ဒေသရှိ စခန်းကုန်းငယ်တခုကို စစ်ကောင်စီ လေတပ်က မေလ ၁၉ ရက် မနက်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့။
  • ကရင်ပြည်နယ်၊ သေ့ဘောဘိုးတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ယောက်နဲ့ ပေါ်တာ ၃ ယောက် စုစုပေါင်း ၁၄ ယောက် နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး။
  • ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်တဲ့အဖွဲ့တွေဟာ ပြည်ပနိုင်ငံနဲ့ ပတ်သက်ဆက်နွှယ်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၂ ရက် စစ်ကောင်စီအစည်းအဝေးမှာ ဝေဖန်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်မှုမှာ ပြည်ပနိုင်ငံတွေ ပါဝင်ပတ်သက်နေပြီး PDF၊ CRPH တို့နဲ့ ဆက်နွှယ်နေကြောင်းလည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြော။
  • နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီး တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ဆွေးနွေးပွဲတက်ဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့ RCSS ဆို။
  • စစ်ကောင်စီအနေနဲ့ ထိုးစစ်ဆင်နေတာတွေ အမြန်ဆုံးရပ်တန့်ပြီး ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံးပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ KNU၊ KNPP နဲ့ CNF တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က မေလ ၉ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆို။
  • မေလအတွင်း ကရင်နီပြည်တွင်း တိုက်ပွဲပေါင်း အကြိမ်ရေ ၆၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၀၇ ဦးသေဆုံးခဲ့ကာ ၅ ဦး အရှင်ဖမ်းမိခဲ့။
  • ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကို KNDF အမှတ် ၁ တပ်ရင်းမှာ မေလ ၃၁ ရက်နေ့က ကျင်းပ။

ဇွန်

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကနေ မိုးကုတ်မြို့ကိုသွားတဲ့ ကားလမ်းမကြီးပေါ်ရှိ TNLA (တအာင်းတပ်) စစ်ဆေးဂိတ်မှာ ဇွန် ၁၈ ရက်က ကျပ်ငွေသိန်း ၇၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိ။
  • ကေအန်ယူ တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်မှာ မေလအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲပေါင်း ၃၄၀ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၃ ဦးသေဆုံးပြီး ၁၀၈ ဦး ဒဏ်ရာရ။
  • ကရင်နီပြည်နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့အကြား ထိတွေ့တိုက်ပွဲ ၃၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်သား ၄၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် ၁၂ လုံးနဲ့ ဘာသာရေးအဆောက်အဦ ၂ လုံး ပျက်စီး။

ဇူလိုင်

  • မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့၊ ပဋိပက္ခဒဏ်ခံစားနေရတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ လူသားချင်းစာနာမှု အကူအညီ ရရှိဖို့နဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်လည်ဖော်ဆောင်နိုင်ရေး ကြိုးစားပေးသွားမယ်လို့  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းက ဇူလိုင် ၁ ရက်က နေပြည်တော်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ တွေ့ဆုံစဉ် ပြောဆို။
  • ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ ရွှေအေးမြိုင်ကျေးရွာ (ဥကရစ်ထစခန်းအနီး) မှာ ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်နဲ့ အထူးကွန်မန်ဒို VENOM စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ VENOM စစ်ကြောင်းက သတင်းထုတ်ပြန်။
  • ဥကရစ်ထတိုက်ပွဲ ဇွန် ၂၇ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ၅ ရက်တာ ကာလအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၂၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေထဲက အကြမ်းဖက်စစ်ကောင်စီရဲ့ ဥကရစ်ထ ခြေကုပ်စခန်းကို KNLA, KNDO ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂၆ ရက်ကစပြီး သိမ်းပိုက်နိုင်ရေး ကြိုးပမ်းမှုမှာ စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူအသုံးပြု အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
  • ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅၊ ဖာပွန် (မူတြော်) ခရိုင်မှာ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၊ BGF တပ်တွေနဲ့ KNLA တပ်တို့ တိုက်ပွဲပေါင်း ၁၁၀ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့ဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့။
  • ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း ဇူလိုင် တလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၂၅၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၈၆ ဦးသေဆုံး၊ ၂၈၀  ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထုတ်ပြန်။
  • ဇူလိုင်လ ၄ ရက်က ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ရွှေပြည်အေနဲ့ လွယ်ပတာကုန်းစခန်းကို ကရင်နီပူးပေါင်းတပ်တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၀ နီးပါးအား ချေမှုန်းပြီး လက်နက်ကြီး၊ လက်နက်ငယ် ၂၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့၊ ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီရဲ့ သာလွန်အင်အား စစ်ကူ ၂၀၀ ခန့်နဲ့ ရုတ်တရက်ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တပြိုင်နက်တည်း ဝိုင်းပြီးပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကရင်နီပူးပေါင်းတပ်ဘက်က ရဲဘော် ၁၁ ဦး ကျဆုံးခဲ့။
  • ဇူလိုင်လ တလတာအတွင်း ကရင်နီပြည်မှာ တိုက်ပွဲ ၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ၈၈ ဦးသေဆုံး၊ လက်နက် ၂၁ လက် သိမ်းဆည်းရမိ၊ ဇူလိုင်လအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ ၂၁ ကြိမ် တိုက်ခိုက်ခဲ့၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁ လုံး မီးရှို့ဖျက်ဆီးခံရ။
  • ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ခေါင်းဆောင်တွေအနေနဲ့ ရှမ်းနီတပ်သားတွေရဲ့ ဒေသခံပြည်သူတွေအပေါ် အဓမ္မလုပ်ရပ်တွေအပေါ် အချိန်မီ ထိန်းသိမ်းပေးကြဖို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်တိုက်တွန်း။

ဩဂုတ်

  • ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ရဲ့ နိုင်ငံရေးသိပ္ပံကျောင်းကို ပထမဦးဆုံးအကြိမ်အဖြစ် သြဂုတ် ၁ ရက်က တအာင်းတပ်မတော် ထိန်းချုပ်နယ်မြေမှာ ကျင်းပပါတယ်။ PSLF/TNLA တပ်ဖွဲ့အတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေးဌာနတွေမှာ ဦးဆောင်နိုင်သူတွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်ကြားချိန်ကာလ ၂ နှစ်ကြာမြင့်မှာဖြစ်ကာ စုစုပေါင်း ဘာသာရပ် ၄၃ ခု သင်ကြားပေး။
  • ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ ဩဂုတ် ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ရဲမှူးအပါအဝင် ၁၂ ယောက်သေဆုံးခဲ့။
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ ခြေကုပ်စခန်းတခုဖြစ်တဲ့ ကြိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်။
  • မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှာရှိတဲ့ မူးယစ်ဆေးဝါး လက်လီရောင်းဝယ်သုံးစွဲနေတဲ့ နေရာတခုကို ဇူလိုင်လကုန်ပိုင်းကနေ သြဂုတ် ၅ ရက်အထိ TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက်ရှင်းလင်းရာမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ​ရောင်းဝယ်သူတယောက်နဲ့ သုံးစွဲသူ ၁၁၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ TNLA ကထုတ်ပြန်။
  • ဩဂုတ် ၁ ရက်ကနေ ၂၀ ရက်အတွင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ တိုက်ပွဲပေါင်း ၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ၄၈ ယောက် သေဆုံးကာ အယောက် ၈၀ လောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့။
  • ကရင်နီ (ကယား) ပြည်နယ်မှာ သြဂုတ်လအတွင်း တိုက်ပွဲပေါင်း ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄၀ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၃၂ လုံးကို လူနေရပ်ကွက်တွေပေါ် ကြဲချခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရကာ ဆေးပေးခန်း ၁ ခုနဲ့ နေအိမ် ၉ လုံး ပျက်စီးခဲ့ပြီး စေတီတဆူလည်းပျက်စီးခဲ့၊ သြဂုတ်လ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်သား ၄ ဦး KNDF ထံ CDM ပြုလုပ်ကာ လာရောက်ပူးပေါင်းခဲ့။

စက်တင်ဘာ

  • ကော်သူးလေ၊ ဖာပွန် (မူတြော်) ခရိုင်၊ KNLA တပ်မဟာ ၅ နယ်မြေကို ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မနှစ်သက်တော့တဲ့အတွက် ယာယီတပ်ရင်းမှူးအဆင့် ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ တပ်စုမှူး ၁ ဦး၊ တပ်ကြပ် ၄ ဦး၊ ဒုတပ်ကြပ် ၈ ဦးနဲ့ တပ်သား ၅၂ ဦး စုစုပေါင်း ၇၀ ဦးအထိ CDM လုပ် အလင်းဝင်ရောက်လာကြောင်း တပ်မဟာ ၅ ထုတ်ပြန်။
  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသမှာ အခြေချထားတဲ့  စစ်ကောင်စီတပ်ရဲ့ ဘုရားတောင်စခန်းကို KNLA ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၈ ရက် မနက် ၉ နာရီခွဲမှာ သိမ်းပိုက်။
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (တောနော်အရှေ့ဘက်ခြမ်း) မြဝတီ-ဝေါ်လေ လမ်းမပေါ် လူခို့နေရာမှာ စစ်ကောင်စီရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်း လာရောက်ပို့ဆောင်တဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ KNLA က စက်တင်ဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ရှေ့တန်းကို ခမရ ၁၀၂ တပ်ရင်းက ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးတဲ့ အင်အား ၆ ယောက်နဲ့အတူ ရိက္ခာ၊ လက်နက်ခဲယမ်းတွေကို နယ်မြေကျော်ပြီး လာရောက်ပို့ဆောင်ရာ နယ်မြေခံ KNLA တပ်ရင်း ၂၇ နဲ့ ကော်ဘရာ စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိ။
  • စက်တင်ဘာလ ၁ လတာအတွင်း ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား  ထိတွေ့တိုက်ပွဲပေါင်း ၅၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က  ၁၀၄ ဦး သေဆုံးခဲ့သလို အယောက် ၆၀ ကျော် ဒဏ်ရာရရှိခဲ့၊ လက်နက်ခဲယမ်းတွေနဲ့ စစ်ကား ၁ စီး သိမ်းဆည်းနိုင်ခဲ့။ KNDF ဘက်မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့။ နေအိမ် ၁၀၀ ကျော်၊ ဘုရားကျောင်း ၂ ကျောင်း ပျက်စီးခဲ့သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တဖက်သတ် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရကာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ။

အောက်တိုဘာ

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၁ ရက် မနက် ၇ နာရီခွဲလောက်က  KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ တခြား ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲစ၊ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့ အင်အားထောင်ချီ ပါဝင်တိုက်ခိုက်။
  • ကေအန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ မက္ကသ ကျေးရွာ ဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်‌ေကာင်စီတပ်က အောက်တိုဘာ ၆ ရက်နေ့မှာ လေယာဉ် ၃ စင်း ဗုံးကြဲတိုက်ခိုက်လို့ ပျက်စီး။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကေအိုင်အေ တပ်မဟာ ၉ မှာ အောက်တိုဘာ ၂၃ ရက်က  ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့် အထိမ်းအမှတ်နေ့အကြို ညပိုင်း စတိတ်ရှိုးပွဲကျင်းပနေချိန် စစ်ကောင်စီက လေယာဉ်နဲ့‌ ဗုံးကြဲလို့ ကချင်အနုပညာရှင်တွေ အပါအဝင် လူပေါင်း ၈၀ ကျော် သေဆုံး။
  • ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားပြီး အောက်တိုဘာ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ယောက် သေဆုံးကာ ၂၆ ဦးဒဏ်ရာရ။
  • ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ တကျော့ပြန် စစ်ရေးပဋိပက္ခကြောင့် သြဂုတ်လကစပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁၆,၀၀၀ ကျော်ရှိလာပြီး အရင်ကတည်းက ရှိနေသူတွေနဲ့ပါဆိုရင် နေရပ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၉၀,၀၀၀ ကျော်အထိ ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်။
  • ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ BGF စခန်းတခုဖြစ်တဲ့ ဖောထီးခုစခန်းကို ကေအန်ယူ တပ်မဟာ ၅ လက်အောက်ခံတပ်တွေက အောက်တိုဘာ ၁၄ ရက်နေ့မှာ သိမ်းပိုက် မီးရှို့ဖျက်ဆီး။
  • ကေအန်ယူထိန်းချုပ်နယ်မြေမှာ အောက်တိုဘာ တလတာအတွင်း တိုက်ပွဲပေါင်း ၂၈၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၆၉ ဦး ကျဆုံးကာ ၃၀၂ ဦး ထိခိုက်၊ KNDO  ဘက်က ၆ ဦးကျဆုံးပြီး ၄၆ ဦး ဒဏ်ရာရကြောင်း ကေအန်ယူထုတ်ပြန်။
  • အောက်တိုဘာ တလတာအတွင်း ကရင်နီပြည်အတွင်း တိုက်ပွဲပေါင်း ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့သလို အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း KNDF ရဲဘော် ၅ ဦး ကျဆုံး။

နိုဝင်ဘာ

  • ကရင်ပြည်နယ် ဘုရားသုံးဆူနယ်စပ်မြို့နဲ့ ၁၈ မိုင် အကွာအဝေးမှာရှိတဲ့ သပြုခဲသတ္တုမိုင်း အမှတ် ၆ လုပ်ကွက် စခန်းကို ဂျက်တိုက်လေယာဉ်က ဒုံးကျည်နဲ့ပစ်ခတ်ခဲ့ရာ မိုင်းစခန်းတခုလုံး ပေါက်ကွဲပြီး တရုတ်နိုင်ငံသား ၃ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၈  ယောက် စိုးရိမ်ဒဏ်ရာ အပြင်းအထန်ရရှိ။
  • ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ လုံးကို နိုဝင်ဘာ ၁၂ ရက်နေ့က  တရက်အတွင်း တိုက်ခိုက်ဖျက်ဆီး။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် ၅ ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကျမ်းစာသင်ကျောင်းထဲကို နိုဝင်ဘာ ၃ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကျောင်းသား ၄ ယောက် ဒဏ်ရာရ။
  • ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့နယ်တွေမှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်မတော် Chin National Army-CNA ပူးပေါင်းတပ်ဖွဲ့တို့ CNA တပ်မဟာ-၃ နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅၀ ကျော် သေဆုံးကာ သေနတ် ၉ လက်နဲ့ ခဲယမ်းတွေ ရရှိတယ်လို့ CNF သတင်းနဲ့ ပြန်ကြားရေးက နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ်ပုံကျေးရွာနဲ့ မုံကိုးဒေသတွေမှာ နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော်-ကိုးကန့် (MNDAA) တပ်တွေအကြား နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ကျော် ထိခိုက်သေဆုံး။
  • ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကုန်းသာရွာမှာ ပြီးခဲ့တဲ့ ရှမ်းနှစ်သစ်ကူးပွဲကာလက စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ SSPP ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့အကြား ပစ်ခတ်မှုဖြစ်ပြီး နေအိမ် ၁၄ လုံး ပျက်စီး။
  • ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ စစ်ကောင်စီတို့ကြား နိုဝင်ဘာ ၂၆ ရက်နေ့က အပစ်အခတ်ရပ်စဲ။
  • နိုဝင်ဘာ တလတာအတွင်း ကရင်နီပြည်နယ်တဝန်းမှာ တိုက်ပွဲပေါင်း ၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ။ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃၄ ဦး ဒဏ်ရာရရှိ။ လက်နက်ကြီး ထိမှန်မှုကြောင့် နေအိမ် ၅၇ လုံး ပျက်စီးခဲ့။ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်သား ၁ ဦး လက်နက်အပြည့်အစုံနဲ့ ပြည်သူဘက်ကို ဘက်ပြောင်းပူးပေါင်းကာ CDM ပြုလုပ်။ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၂ ဦး ကျဆုံး။
  • ကေအန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ ဘိတ်ထားဝယ်ခရိုင် တပ်မဟာ ၄ နယ်မြေတွေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလကစပြီး နိုဝင်ဘာ ၁၆ ရက်အထိ ကေအန်ယူ လက်အောက်ခံတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီးငယ်ပေါင်း ၁၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ကောင်စီတပ်ဘက်က ၂၄၆ ဦး သေဆုံးကာ ၂၃၉ ဦး ထိခိုက်ဒဏ်ရာရရှိ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှ ၁၄ ဦး ကျဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရ။

ဒီဇင်ဘာ

  • ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က ဒီဇင်ဘာ ၆ ရက်က တပြိုင်နက်တည်း တိုက်ခိုက်၊ စခန်းတခုသိမ်းပိုက်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ကုန်းသာ၊ ဟူးမန်းနဲ့ မန်လုံကျေးရွာတွေ အနားမှာ တအာင်းတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၇ ရက်ကနေ ၁၃ ရက်အထိ ၇ ရက်ကြာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်နဲ့ ၂၈ ကြိမ်၊ ဂျက်တိုက်လေယာဉ်နဲ့ ၃၂ ကြိမ်၊ မန်တုံနဲ့ နမ့်ဆမ်ကနေ လက်နက်ကြီးနဲ့ အကြိမ် ၄၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ TNLA ထုတ်ပြန်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့နယ် နမ့်ဖာတောင်မှာ တပ်စွဲထားတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်-MNDAA (ကိုးကန့်) တပ်က ဒီဇင်ဘာ ၂၂ ရက်မှာ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိ။ နမ့်ဖာတောင်မှာ တပ်စွဲထားတဲ့ MNDAA စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများပြီး ဆုတ်ခွာသွားတဲ့အတွက် အခုလို နယ်မြေရှင်းလင်းရေး လုပ်ခဲ့ခြင်းဖြစ်။
  • ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ‌ ၆ မိုင်ကျေးရွာနဲ့ ဘက်သလိန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ ဒီဇင်ဘာ ၁၃ ရက်က တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်။
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ကျားဖြူစစ်ကြောင်း မဟာမိတ်တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန် ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူပါပေးနေ။
  • ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေ၊  ဒူးပလာယာခရိုင်၊ တပ်မဟာ အမှတ် (၆) ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ KNLA/ KNDO ပူးပေါင်းတပ်တွေအကြား  တပတ်အတွင်း ထိတွေ့ပစ်ခတ်မှု ၁၁ ကြိမ်လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅၆ ယောက်ထက် မနည်းသေဆုံးကာ  အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒူပလာယာခရိုင်ကထုတ်ပြန်။
  • ဒီဇင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂၈ ရက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရော လေကြောင်းကပစ်ခတ်ခဲ့လို့ ရွာသစ်ကုန်း၊ ပဲဒလဲ၊ ကော့နွှဲ့ကျေးရွာ အပါအဝင် ရွှေကြက်မင်းဘုန်းကြီးကျောင်းပါမကျန် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူခဲ့ကာ သံဃာ ၃ ပါး နဲ့  လူ ၂ ယောက် ဒဏ်ရာရ။
  •  ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်လတာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူစစ်တပ်ဖွဲ့ဝင် အရာရှိစစ်သည် ၇၀ ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ထုတ်ပြန်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာမှာ ဒီဇင်ဘာ ၃၀ ရက်က စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည် မူကြိုကျောင်းအနီးကျရောက်လို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၆ ဦးထက်မနည်း ဒဏ်ရာရ။
  • မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်ဟာ ၂ သန်းနီးပါး ရှိလာခဲ့ပြီဖြစ်တယ်လို့ ISP Myanmar က သတင်းထုတ်ပြန်။

(ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများကို လက်လှမ်းမီသလောက် ပြုစုထားခြင်းသာဖြစ်ပြီး တကယ့်မြေပြင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များ ဒီထက်ပိုမိုများပြားမည်ဖြစ်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024