Home
ဆောင်းပါး
အကြမ်းဖက်သာသနာပြုဂိုဏ်းသားတို့ လားရာ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
December 31, 2022

စစ်အခွင့်ထူးခံ မကောင်းဆိုးဝါးအုပ်စုဟာ တိုင်းပြည်ကို သူတို့စိတ်ကြိုက် ထင်သလိုချယ်လှယ် ဗိုလ်ကျခွင့်ရဖို့ သွေးခွဲသပ်လျှိုတဲ့ ဗျူဟာတွေကို ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွေကတည်းက စတင်ခဲ့ရာမှာ ပြည်သူကို ပြည်သူနဲ့တိုက်ဖို့၊ မီဒီယာကို မီဒီယာနဲ့တိုက်ဖို့၊ သံဃာကို သံဃာနဲ့တိုက်ဖို့အတွက် ဆိုးဝါးယုတ်ညံ့တဲ့ စီမံကိန်းဗျူဟာတွေ ချမှတ်ခဲ့ကြပါတယ်။

(၁) ပြည်သူကို ပြည်သူနဲ့တိုက်တဲ့ ဆိုးယုတ်ဗျူဟာ

စစ်ဗိုလ်ယုတ်အသိုင်းအဝိုင်း‌တွေနဲ့ သူတို့ကို ကပ်ရပ် အခွင့်ထူးခံလိုတဲ့ လူ့အောက်တန်းစားတွေ၊ ကိုယ်ကျင့်သီလယုတ်ညံ့တဲ့ လူလိမ်လူကောက်တွေ၊ ဉာဏ်ရည်နိမ့်ကျတဲ့ လူဆိုးလူမိုက်တွေ စတာတွေနဲ့ စုစည်းထားတဲ့ စွမ်းအားရှင်ဒုစရိုက်ဂိုဏ်းကို ကြံ့ခိုင်ရေးပါတီအဖြစ် ၂၀၁၀ ပြည့်နှစ် ဇွန် ၂ ရက်နေ့မှာ ပါတီမှတ်ပုံတင် ထူထောင်ပြီး သူတို့ကိုထောက်ခံတဲ့ ပြည်သူအဖြစ် လူထုကြားမှာ သွေးခွဲခဲ့ကြပါတယ်။ နှစ်ရှည်ထောင်ကျ ရာဇဝင်လူဆိုးတွေကို ထောင်ကလွှတ်ပေးပြီး ငွေကြေးအခွင့်အရေးတွေပေး၊ လူမျိုးရေး ဘာသာရေး မှိုင်းတိုက် အဆိပ်ခတ်လို့ အများပြည်သူကို အကြမ်းဖက်တိုက်ခိုက်စေပြီး ရန်တိုက်ပေးခဲ့တယ်။

(၂) မီဒီယာကို မီဒီယာနဲ့တိုက်တဲ့ ဆိုးယုတ်ဗျူဟာ

နောက်တခါ သူတို့ရဲ့ မတရားမှု၊ ရက်စက်ယုတ်မာမှုတွေကို ဖုံးကွယ်ပြီး သူတို့လုပ်ရပ်တွေ မှန်သယောင် ထင်ယောင်ထင်မှားဖြစ်အောင် မီဒီယာကို မီဒီယာနဲ့တိုက်ဖို့ စစ်အခွင့်ထူးခံအုပ်စုဟာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ ပုံရိပ်ကို ဖျက်ဆီးဖို့ ခင်ညွန့်တို့ စစ်ထောက်လှမ်းရေးတွေ အစီအစဉ်နဲ့ တောခိုကျောင်းသားတွေကြား အသွင်ယူပြီး ဗိုလ်ကြီးလှဌေးကို လွတ်မြောက်နယ်မြေကို လိုက်ပါစေခဲ့ပါတယ်။

သတင်းအချက်အလက်တွေနဲ့ ပြန်လာတဲ့‌ လှဌေးဟာ နောက်တော့ ကလောင်အမည် ဖိုးကံကောင်း နာမည်နဲ့ တော်လှန်‌ရေးအင်အားစုထဲက အဖြစ်အပျက် အကြောင်းအရာတွေကို ဖြတ်ညှပ်ကပ် လုပ်ပြီး စစ်တပ်ကောင်းကြောင်း ဝါဒဖြန့်ဖို့ မြက်ခင်းသစ် ဆိုတဲ့ အမည်ခံပြီး မဂ္ဂဇင်း၊ အွန်လိုင်းပေ့ခ်ျ သုခုမလွင်ပြင်ကို ထူထောင်ပြီး ပါပီမ ဆိုတဲ့ ဝါဒဖြန့်ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ပြီး သမိုင်းအမှားတွေ ရေးလို့ လူထုကို လိမ်ညာခဲ့ကြပါတယ်။ ဒါကြောင့် အတွင်းသိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကတော့ မြက်ခင်းသစ်မဂ္ဂဇင်းကို နွားစားကျက်မဂ္ဂဇင်းလို့ လှောင်ပြောင်ကြပါတယ်။ 

အခု ၂၀၂၁ ခုနှစ်မှာလည်း စစ်ဓားပြတပ် အာဏာသိမ်းပြီး နှစ်ရက်အကြာကတည်းက လူသုံးအများဆုံး လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ WhatsApp ကို ပိတ်ခဲ့ပါတယ်။ အဲဒီနောက် တွစ်တာနဲ့ အင်စတာဂရမ်တို့ကိုပါ ပိတ်ပင်ခဲ့ပါတယ်။ အာဏာလု အကြမ်းဖက်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေနဲ့ ထောက်ခံသူ လက်ပါး‌စေတွေရဲ့ မီဒီယာတွေဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ အကြိမ်ကြိမ် ဖြုတ်ချခံ၊ ဖျက်သိမ်းခံခဲ့ရပါတယ်။ အကြမ်းဖက်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲခဲ့ပြီး မအလ ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ MRTV Application ဆိုရင် Apple Store နဲ့ Google Play Store တို့က ဒီနေ့တင် နောက်တရက်မှာတင် ချက်ချင်းဖြုတ်ချပစ်ခဲ့တာပါ။

ဒါကြောင့် ဖက်ဆစ်တပ်ဟာ ကိုယ်ပိုင်ဆိုရှယ်မီဒီယာကွန်ရက်တခု ထူထောင်ဖို့ကို ၂၀၁၉ ခုနှစ်မှာ ပေါ်လာတဲ့ Ok Par ဆိုတဲ့ လူမှုကွန်ရက်ကို လုယူထိန်းချုပ်ပြီး စစ်ဝါဒဖြန့်ချိရာမှာသုံးဖို့ ကြိုးစားခဲ့ပါတယ်။ စစ်အုပ်စုဟာ သူတို့ရဲ့ ဝါဒဖြန့်ယန္တရားတွေအတွက် Facebook နဲ့ Youtube တွေကို သုံးခဲ့‌ပေမဲ့ ပြည်သူလူထုက လူမှုကွန်ရက်တွေကနေ ဝိုင်းဖယ်ထုတ်ခဲ့ကြပါတယ်။

(၃) သံဃာကို သံဃာနဲ့တိုက်တဲ့ ဆိုးယုတ်ဗျူဟာ

၁၉၈၈ အာဏာသိမ်းစစ်အစိုးရလက်ထက် သာသနာရေးဝန်ကြီးဌာနက အမှုထမ်းတဦးဖြစ်တဲ့ ဦးကျော်လွင် ၁၉၉၀ ဝန်းကျင်မှာ ရေးသားခဲ့သော စာအုပ်ကို အခြေခံပြီး မွတ်ဆလင်တို့နှင့် မဆက်ဆံရေး၊ အစ္စလာမ်ဘာသာဝင်တို့ကို ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှုများ ၂၀၀၁ ခုနှစ်မှာ ပေါ်‌ပေါက်ခဲ့ပါတယ်။ မွတ်ဆလင်‌တွေပိုင်ဆိုင်တဲ့ ဈေးဆိုင်တွေကို အားမပေးဖို့ သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့တဲ့ ဝီရသူနဲ့ ဘာသာရေးအစွန်းရောက်တွေဟာ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ မိတ္ထီလာ ဘာသာရေးပဋိပက္ခတွေကို ဖြစ်ပွားစေခဲ့ပါတယ်။

မြတ်စွာဘုရားရှင် အဆုံးအမ ဓမ္မအနှစ်သာရကို နားမလည်ကြသူတွေဟာ ငြိမ်းချမ်းရေးနဲ့‌ မေတ္တာတရားထားဖို့ ဟောကြားခဲ့တဲ့ ဘုရားရှင်အဆုံးအမကို ဆန့်ကျင်ပြီး အကြမ်းဖက်လာကြတာ ဖြစ်ပါတယ်။

စိုးရိမ်မှုတွေနဲ့ အတ္တစွဲ၊ ငါ့လူမျိုး၊ ငါ့ဘာသာအစွဲ ဥပဒါန်ကို အခြေခံပြီး အင်းစိန်ရွာမ ဦးတိလောက၊ သီတဂူ အရှင်ဉာဏိဿရတို့ အပါအဝင် သံဃာဂိုဏ်းတွေဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) လို့ခေါ်တဲ့ အထက်မြန်မာပြည် ဝံဿပါလာ အဖွဲ့ကို အမျိုးဘာသာကို စောင့်ရှောက်ဖို့ ရည်ရွယ်ချက်ကို နဖူးစီးတင်ပြီး မန္တလေးမြို့မှာ စတင်ဖွဲ့စည်း ဖြစ်ပေါ်လာစေခဲ့ပါတယ်။

မဘသအဖွဲ့က ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ဆက်လက်ကာကွယ်ဖို၊ နာဂစ်စစ်ကျွန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပုဂ္ဂိုလ်ရေးနဲ့ လတ်တလော အခြေအနေကို မကြည့်ဘဲ နိုင်ငံသားတွေရဲ့ ရေရှည်အကျိုးကိုကြည့်ဖို့၊ ယာယီ သက်သေခံလက်မှတ် ကိုင်ထားသူတွေကို ဆန္ဒမဲပေးခွင့် ရုပ်သိမ်းပေးဖို့၊ တိုင်းရင်းသားစာရင်းမှာ မပါတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြန်လည်စိစစ်ပေးဖို့နဲ့ အမျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပေးနိုင်တဲ့အထိ ဆက်ဆောင်ရွက်သွားဖို့ စတဲ့ အချက် ၁၀ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ပြည်သူ့အစိုးရလက်ထက်မှာ မဘသအဖွဲ့ဟာ နိုင်ငံရေးနဲ့ ဘာသာရေး ရောထွေးပြီး လူမျိုးရေး ဘာသာ‌ရေး ပဋိပက္ခတွေ ဖြစ်စေတာမို့ ဖျက်သိမ်းဖို့ ဖိအားများလာတာကြောင့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းလို့ အမည်ပြောင်းခဲ့ရပါတယ်။

ထိရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေးကို နိုင်ငံရေးလက်နက်အဖြစ် ခေတ်အဆက်ဆက်မှာ သူတို့အာဏာတည်မြဲဖို့ အသုံးချခဲ့တဲ့ စစ်အုပ်စုဟာ မဘသပေါ်လာပြီးတဲ့နောက် နဂိုဗီဇမသန့်ပြန့်တဲ့ နိုင်ငံရေး၊ ဘာသာရေး အမြင်မမှန်တဲ့ သင်္ကန်းဝတ် ပုထုဇဉ်ရဟန်းတွေကို ဝင်လုံးပြီး ဂုဏ်ထူးဘွဲ့တံဆိပ်ချီးမြှင့်၊ အာဏာအခွင့်အရေး မက်လုံးပေး စည်းရုံး အသုံးချခဲ့ကြပါတယ်။

ပြည်သူ့ဆန္ဒကို လက်နက်အားကိုးနဲ့ လုယူခဲ့ပြီး ကိုယ့်နိုင်ငံသားတွေကို ဆိုးဝါးအရက်စက်ဆုံး နည်းလမ်းတွေနဲ့ သတ်ဖြတ်ဖိနှိပ်နေတဲ့ စစ်အကြမ်းဖက် ဓားပြတပ်ခေါင်းဆောင် မင်းအောင်လှိုင်က မဘသဥက္ကဋ္ဌ အင်းစိန်ရွာမ‌ပရိယတ္တိစာသင်တိုက်က ဦးတိလောကကို သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။

အဲ့ဒီ ဂုဏ်ပြုပွဲအခမ်းအနားမှာ သီတဂူ ရှင်ဉာဏိဿရက လူသတ်စစ်ဓားပြ မင်းအောင်လှိုင်ကို သဒ္ဓါ ပညာ အားကောင်းတဲ့ မင်းကောင်းမင်းမြတ်လို့ မရှက်မကြောက် Live လွှင့် ပြောဆိုခဲ့ပြီး ဦးတိလောကဟာ မင်းဆရာ၊ တိုင်းပြည်ရဲ့ဆရာ ဖြစ်သွားပြီလို့လည်း ဂုဏ်ပြုချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

တကယ်‌တော့ ၈၈ အာဏာသိမ်း ပြည်သူသတ် စစ်အာဏာရှင် သန်းရွှေတို့ခေတ်တုန်းက အင်းစိန်ရွာမ ဦးတိလောက ဆိုတာ သံဃာတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တဲ့သူတွေနဲ့ ဘာသာရေးအရ ဆက်ဆံမှုမလုပ်ဘူးလို့ ဆိုပြီး ပတ္ထနိက္ကုဇ္ဇန ကံဆောင်ခဲ့တဲ့အတွက် ၁၉၉၀ ခုနှစ်မှာ ထောင် ၁ နှစ် ကျခဲ့ရ‌ပေမဲ့လည်း ပြည်သူ ရဟန်းသတ်သမား မင်းအောင်လှိုင်‌ပေးတဲ့ ဘွဲ့ထူးဂုဏ်ထူးများကို လက်ခံရရှိသူအဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

နောက်တခါ ပါချုပ်ရာထူးရယူခဲ့တဲ့ ဆေကိန္ဒ ကလည်း နိုင်ငံကို ရာသက်ပန် စစ်ကျွန်ပြုဖို့ ရည်ရွယ်ခဲ့တဲ့ နာဂစ်ခြေဥကို ရေးဆွဲအတည်ပြုပြီး အညွန့်တုံး စစ်အာဏာရှင်အဆိပ်ပင်ကို အသက်ဆက်ပေးခဲ့တဲ့ ဦးသိန်းစိန်ကို အဖေ့ခြေရာဆိုပြီး အထူးကျေး‌ဇူးဆပ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

နောက်ထပ် ဘုရားရှင်အဆုံးအမကို ဆန့်ကျင်ရုံသာမက ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာရဲ့ အေးချမ်းတဲ့ပုံရိပ်ကို ဆိုးဝါးစွာ ဖျက်ဆီးတဲ့ အကြမ်းဖက်သာသနာပြု ရဟန်းဝတ်ကတော့ ကန့်ဘလူ ကျွန်းလှ တန့်ဆည်နယ်တခွင်က ပျူခေါင်းဆောင် ဝါသဝ ပဲ ဖြစ်ပါတယ်။

စစ်အာဏာလု အကြမ်းဖက်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ စားစရာမရှိ၊ ဆင်းရဲငတ်ပြတ် ဒုက္ခရောက်မှ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ အင်အားစုတွေကို မထောက်ခံနိုင်မှာလို့ ယုတ်ညံ့သေးသိမ်တဲ့ အကြံအစည်နဲ့ ဖြတ်လေးဖြတ် ဗျူဟာအတိုင်း ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်၊ ရွာလုံးကျွတ် နေအိမ်‌တွေ၊ စပါးကျီတွေကို မီးရှို့ဖျက်ဆီး လူမဆန်အောင် ယုတ်မာနေကြတာ ဖြစ်တယ်။

ပြည်သူကို ပြည်သူနဲ့တိုက်ဖို့ ကြံ့ခိုင်ရေးပါတီ ထောက်ခံအားပေးသူတွေ၊ မျက်စိပိတ် နားပိတ် လူမိုက် လူ့အန္ဓတွေကို ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့ကို စစ်အကြမ်းဖက်တပ်က လက်နက်တပ်ဆင်ပေးခဲ့ပါတယ်။ လက်ရဲဇက်ရဲ လူဆိုးသူခိုးတွေကို နိုင်ငံရေး၊ ဘာသာရေး မှိုင်းတိုက် သွေးထိုးပြီး နိုင်ငံရေးအမြင်မတူတဲ့ ပြည်သူတွေကို ပြန်သတ်ဖို့ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်နယ်တဝိုက် ပျူစောထီး၊ မဘသ အစွန်းရောက် အကြမ်းဖက်များကို စုစည်းကာ ပတ်ဝန်းကျင်ကျေးရွာတွေကို လှည့်လည်ဗိုလ်ကျ အနိုင်ကျင့် လုယူဓားပြတိုက်နေတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်ခေါင်းဆောင်ကတော့ သင်္ကန်းအရေခြုံထားတဲ့ ဝါသဝ ဆိုသူ ဖြစ်ပါတယ်။

လက်နက်ကိုင် လူသတ်အား‌ပေး သင်္ကန်းဝတ် ဝါသဝရဲ့ လုပ်ရပ်တွေဟာ ဘုရားရှင်ကိုယ်တော်တိုင် ပညတ်ခဲ့တဲ့ ရဟန်းဝိနည်းသိက္ခာပုဒ်‌တွေနဲ့ မညီတာမို့ ဓမ္မတရားနဲ့ အမှန်တရားကို မြတ်နိုးကြတဲ့ ဘုရားရှင်အလိုတော်နဲ့ အဆုံးအမကို လိုက်နာကြတဲ့ မြဝတီမင်းကြီးဆရာတော်၊ မင်းသုည ဗုဒ္ဓတက္ကသိုလ် စတဲ့ သံဃာစစ် သံဃာမှန်အချို့က ထုတ်ဖော်ရှုတ်ချ ကန့်ကွက်ကြပေမဲ့ ပြည်တွင်းက ထေကြီးဝါကြီး သံဃာအများစုဟာ ရေငုံနှုတ်ဆိတ်နေကြတာဟာ ဗုဒ္ဓဘာသာသမိုင်းမှာ ကမ္ပည်းထိုးခဲ့ပါပြီ။

ပြည်သူ့အစိုးရလက်ထက်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗဟိုတရားရုံးရှေ့နေကြီး ဦးကိုနီကို နေ့ခင်းကြောင်တောင် နိုင်ငံတကာလေဆိပ်ရှေ့ ဦးခေါင်းကို နောက်ကနေ ပစ်သတ်ခဲ့တဲ့ လူသတ်သမား ကြည်လင်းကို တရားရုံးထုတ်ခဲ့စဉ်တုန်းက ရိုးသားပြီး အမှန်တရားကိုမြတ်နိုးတဲ့ ပြည်သူတွေကို မင်းတို့ ထမင်းဝဝစားထားကြဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ မဘသအစွန်းရောက်တွေ၊ မကောင်းဆိုးဝါး စစ်တပ်ထောက်ခံသူတွေ၊ သူ့ကိုယ်သူ ကြည်လင်းဆရာတော်ဆိုပြီး ကိုယ်တိုင်သမုတ်ခဲ့တဲ့ လူသတ်အားပေး သင်္ကန်းဝတ် ဝီရသူ၊ ပြည်ဖျက်အိမ်မီးရှို့ လူသတ်စစ်ဓားပြ မင်းအောင်လှိုင်ကို သဒ္ဓါပညာအားကောင်းတဲ့ မင်းကောင်းမင်းမြတ်လို့ မရှက်မကြောက်ပြောရဲတဲ့ ဝီရသူဆရာ သီတဂူ စတဲ့ အကြမ်းဖက်သာသနာပြုဂိုဏ်းသားတို့ရဲ့ခရီဆုံးလားရာဟာ ဘယ်ကိုဦးတည်နေတယ်ဆိုတာ သူတို့ရဲ့ ကြောက်မက်ရွံရှာဖွယ်ရာ အလုပ် ၃ ပါးကံတွေက ထင်ထင်ရှားရှား ညွှန်ပြနေပြီ ဖြစ်ပါကြောင်း။

ဝိဘဇ္ဇပြည်သူ (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024