Home
မြန်မာသတင်း
စစ်ပွဲတွေ ချက်ချင်းရပ်ပေးရန် အရပ်ဘက်အဖွဲ့ ၈၀ ခန့် တောင်းဆို
နော်နိုရင်း
·
May 21, 2014

 စစ်ပွဲတွေကို ချက်ချင်းရပ်ပေးဖို့  အရပ်ဘက်အဖွဲ့အစည်း ၈၀ လောက်က ဒီကနေ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

စစ်ပွဲတွေကို ချက်ချင်းရပ်ပေးဖို့  လူမှုရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ၊ လူအခွင့်အရေးအဖွဲ့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ စတဲ့  အရပ်ဘက်အဖွဲ့အစည်း ၇၉ ဖွဲ့ကနေပြီး မေလ ၂၁ ရက်နေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုတာဖြစ်ပါတယ်။

KIAလက်ရှိအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တနိုင်ငံလုံး အပစ်ခတ်ရပ်စဲ နိုင်ဖို့ ဆွေးနွေးပွဲတွေ ရန်ကုန်မှာ ဒီကနေ့ စတင်ချိန်မှာ တောင်းဆိုချက်ထွက်ပေါ်လာတာပါ။

အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကနေ နိုင်ငံရေးဆွေးနွေးပွဲတွေဆီကို ဦးတည်ဆောင်ရွက် နေချိန်မှာ စစ်ပွဲတွေ  လုံးဝထပ်မဖြစ်စေရန် တာဝန်ယူဆောင်ရွက်ပေးဖို့   နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ကို  တောင်းဆို ထားပါ တယ်။

တပြည်လုံး အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးနေကြပေမယ့် ကချင်ဒေသ၊ တအာင်း ပလောင်ဒေသနဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကိုလည်း ထောက်ပြထားပါတယ်။

ဒီလို အောက်ခြေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမရပ်ရင်တော့  ဆွေးနွေးပွဲက အရာရောက်မှာ မဟုတ်ဘူးလို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်ရဲ့ ညှိနှိုင်းရေမှူး ဒေါ်ခွန်ဂျာက ပြောပါတယ်။

“နံပါတ် ၁ က တဖက်မှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်နေပါတယ်။ သို့သော်လည်း မြေပြင်မှာ ဆက်တိုက် ထိုးစစ်ဆင်နေတာမျိုးတွေလည်း တွေ့ရတယ်။ ပြီးတော့ တပ်အချင်းချင်း မဟုတ်ပဲနဲ့ အရပ်သားနဲ့ စစ်ပြေးဒုက္ခသည်တွေကိုပါ တိုက်ခိုက်တာမျိုး၊ မတရားဖမ်းဆီးတာမျိုးနဲ့ ခြိမ်းခြောက်တာမျိုးတွေလည်း တွေ့ရပါတယ်။ ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် တနိုင်ငံလုံး အပစ်ရပ်စဲရေး အတွက် ဘယ်လိုပဲ ဆွေးနွေးသည် ဖြစ်စေကာမူ အရာမရောက်ဘူး။ ကျမတို့ အရပ်သားအဖွဲ့အစည်းများအနေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ တောင်းဆိုတာ မဟုတ်ဘူး။ အမှန်တကယ် မြေပြင်မှာ သေနတ်သံတွေ တိတ်သွားဖို့အတွက် တိုက်ပွဲတွေ ရပ်စဲဖို့အတွက် တောင်းဆိုတာ ဖြစ်ပါတယ်။”

         သူတို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း  ကချင်ဒေသ၊ တအာင်းပလောင်ဒေသနဲ့ ရှမ်းပြည်နယ်ဒေသတွေမှာ စစ်ပြင်ဆင်မှု။ အင်အားတိုးချဲ့မှုနဲ့ ထိုးစစ်ဆင်မှုတွေကို ချက်ခြင်း ရပ်တန့်ပြီး  အမျိုးသမီးတွေ ပါဝင်တဲ့ ဘက်မလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး အဖွဲ့ကို နှစ်ဘက်လက်ခံနိုင်သော အရပ်သားတွေနဲ့ ချက်ခြင်းဖွဲ့စည်းပေးပြီး  ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေကို  စောင့်ကြည့်လေ့လာခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့ အရပ်သား ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးတာ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်တာတွေကို ရပ်တန့်ပြီး ကျူးလွန်သူတွေကို   အရေးယူဖို့လည်း တောင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024