ဆားဘီးယားတွင် ရေဘေးကြောင့် ယူရိုငွေ သန်းရာနှင့်ချီ ဆုံးရှုံး

ဆားဘီးယားနိုင်ငံတွင်း ဆိုးရွားတဲ့ ရေလွှမ်းမိုးမှုကြောင့် ယူရိုငွေ သန်းရာနဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ၀န်ကြီးချုပ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ် အလက်ဇန်ဒါး ဗို့ဆစ်ခ်ျက ဆားဘီးယား နိုင်ငံတွင်း ရေဘေးအဆိုးဆုံး ထိခိုက်ခံရတဲ့ အိုဘရန်နိုဗက်မြို့မှာတော့ လောလောဆယ် ဒီထက်ပို အသေးစိတ်ခန့်မှန်း မရနိုင်သေးဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
ကောင်းကင်ဓာတ်ပုံတွေအရ မြို့အစိတ်အပိုင်း အများအပြားက ရေအောက်မြုပ်နေပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံနားမှ ရေကြီးနေတာ တွေ့ရပါတယ်။
အဆိုးဆုံး ထိခိုက်တဲ့နေရာတချို့မှာ ရေတွေပြန်ကျသွားပြီ ဖြစ်ပေမယ့် အိမ်တွေကတော့ ရွှံ့တွေ၊ ရေတွေထဲမှာနစ်မြုပ်နေပြီး မွေးမြူရေး တိရစ္ဆာန်တွေရဲ့ ပုပ်ပွနေတဲ့အလောင်းတွေကြားမှာ ရွာတွေ မြုပ်နေတာ တွေ့ရပါတယ်။
နှစ်ပေါင်း ၁၂၀ အတွင်း အသည်းထန်ဆုံးမိုးရွာပြီး အဆိုးရွားဆုံးရေကြီးမှုကြောင့် မြစ်တာရိုးတွေကျိုးခဲ့လို့ ဘော်လ်ကန်ဒေသအတွင်း သေဆုံးသူ အယောက် ၄၀ကျော် သွားပြီး ရာနဲ့ချီတဲ့ အိမ်တွေ မြေပြိုမှုကြောင့် ပျက်စီးကုန်ပါတယ်။
ဆားဘီးယားနိုင်ငံအတွင်း အနည်းဆုံး လူ ၂ သောင်းခွဲကို့ နေရာရွှေ့ပြောင်း ပေးခဲ့ရပြီး ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် လူအမြောက်အမြား ထွက်ပြေးကုန်ပြီလို့ ယူဆရပါတယ်။
အိမ်နီးချင်း ဘော့စ်နီးယား နိုင်ငံမှာတော့ လူ ၅ သိန်းကျော် နေရာရွှေ့ပြောင်းခဲ့ရတယ်လို့ အစီရင်ခံထားပါတယ်။
စစ်ပွဲအတွင်းက ကျန်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေ ရေကြီးမှုကြောင့် ကျွတ်ထွက်လာကုန်လို့ အန္တရာယ်ကို သတိထားကြဖို့ သတိပေးချက်အသစ်ကို ထုတ်ပြန်ထားပါတယ်။ ဘော့စ်နီးယားမြောက်ပိုင်းမှာ အိမ်အားလုံးနီးပါး ရေဘေးဒဏ်ခံခဲ့ရပါတယ်။