ထိုင်းစစ်တပ် စစ်အုပ်ချုပ်ရေး ကြေညာ

735
ထိုင်းစစ်တပ်က နိုင်ငံတွင်း ဥပဒေပြန်စိုးမိုးဖို့ စစ်အုပ်ချုပ်ရေးဥပဒေကို ဒီနေ့ ကြေညာလိုက် ပါတယ်။
နိုင်ငံတွင်း ၆လကြာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပြီး အစိုးရလုပ်ဆောင်ချက်တွေ မလည်ပတ်နိုင်တော့တဲ့နောက် ခုလိုကြေညာလိုက်တာပါ။
ဒါ့အပြင် အစိုးရလိုလားသူနဲ့ ဆန့်ကျင်သူ ဆန္ဒပြသမားတွေကိုလည်း ရှိမြဲနေရာမှာပဲ နေကြဖို့နဲ့ ဘယ်လို ချီတက်ပွဲကိုမှ မလုပ်ကြဖို့ ကြေညာလိုက်ပါတယ်။
ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ပရာယွတ်သ် ချန်အိုချာက တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းဖို့၊ အုပ်စုတွေ အားလုံးနဲ့ ဘက်အားလုံး အမြန်ဆုံး ငြိမ်းချမ်ရေးရဖို့ စစ်အုပ်ချုပ်ရေးဥပဒေ ၂၄၅၇ အပိုဒ် ၂ နဲ့ ၄ အရ ထိုင်းတနိုင်ငံလုံးမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်လို့ ပြောပါတယ်။
ဖြစ်နိုင်သမျှ အမြန်ဆုံး အဖြေကို စရှာဖို့ ဘက်အားလုံး၊ အုပ်စုအားလုံးက ဘယ်လိုလှုပ်ရှားမှုကို မဆို ရပ်တန့်ရမယ်လို့ ဆိုတယ်။
ဒီကြေညာချက်ဟာ အာဏာသိမ်းတာ မဟုတ်ဘဲ နိုင်ငံတွင်း လုံခြုံရေးအခြေအနေ ယိုယွင်းနေမှုကို တုံ့ပြန်ဖို့သာ ဖြစ်တယ်လို့ စစ်တပ်ဗိုလ်ချုပ်တယောက်က သီးခြား ပြောပါတယ်။
ဘန်ကောက်မြို့ထဲမှာ စစ်တပ်တွေ ကင်းလှည့်နေပြီး ရုပ်သံသတင်းဌာနတွေနဲ့ ထိုင်းကွန်း ဂြိုဟ်တုဆက်သွယ်ရေး အများပိုင်ကုမ္ပဏီတို့ အပြင်ဘက်မှာ လုံခြုံရေးချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခြေခံဥပဒေခုံရုံးက ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ ၀န်ကြီး ၉ ယောက်ကို အာဏာအလွဲသုံးစားမှုနဲ့ မေ ၇ ရက်နေ့ ရာထူးက ဖယ်ရှားလိုက်ပြီးကတည်းက ထိုင်းနိုင်ငံရေးအကျပ်အတည်းဟာ မရေမရာ ဖြစ်လာခဲ့တာပါ။
ထိုင်းစစ်တပ်ပြောခွင့်ရ ၀င်ထိုင်း စူဝါရီကတော့ ဒီနေ့မနက် ၃ နာရီမှာ ရုပ်သံကနေ ရုတ်တရက် ကြေညာချက်အပြီး အိမ်စောင့်အစိုးရက ရုံးထဲမှာ ရှိဆဲပဲလို့ ပြောပါတယ်။
ထိုင်းစစ်တပ်ဟာ ၂၀၁၀ ပြည့်နှစ်တုန်းက ဆန္ဒပြမှုကို ရပ်စဲခဲ့ဖူးပါတယ်။ ၁၉၃၂ ခုနှစ်က စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်လာတဲ့ ထိုင်းနိုင်ငံမှာ ၂၀၀၆ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် တယ်လီကွန်သူဌေးကြီး ၀န်ကြီးချုပ် သက်ဆင်ကို အာဏာသိမ်းခဲ့ပါတယ်။ ထိုင်းစစ်တပ်ဟာ နှစ် ၈၀ အတွင်း ၁၈ ကြိမ် အာဏာသိမ်းခဲ့ဖူးပါတယ်။
